ဝပ်ဖိုဘုရားကျောင်း
ဝတ်ဖိုဘုရားကျောင်း (ထိုင်း: วัดโพธิ์, မြန်မာမူ: ဗောဓိဝတ်ကျောင်းတော်) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖရားနခွန်ခရိုင်တွင် တည်ရှိသည်။ ၎င်းသည် ရတနကောသိန္ဒြကျွန်းတွင် တည်ရှိသည်။ တော်ဝင်နန်းတော်၏ တောင်ဘက်တွင် ဖြစ်သည်။ [၂] လျောင်းတော်မူဗုဒ္ဓဘုရားကျောင်းဟုလည်း လူသိများသည်။ တရားဝင်ဘွဲ့အပြည့်မှာ Wat Phra Chetuphon Vimolmangklararm Rajwaramahaviharn[၁] (ထိုင်း: วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร; RTGS: Wat Phra Chettuphon Wimonmangkhlaram Ratchaworamahawihan; ; ပါဠိ: Jetavana Vimala Maṅgalārāma Rājavara Mahāvihāra; မြန်မာ: ဇေတဝန်ဝိမလမင်္ဂလာရာမ ရာဇဝရမဟာဝိဟာရ)[၃] ဖြစ်သည်။ လူသိပိုများသည့်အမည်ဖြစ်သည့် ဝပ်ဖိုတာရမ် (ထိုင်း: วัดโพธาราม; RTGS: Wat Photharam) မှ ချုံ့ယူထားခြင်း ဖြစ်သည်။[၄] ဤဝတ်ဘုရားကျောင်းသည် ထိုင်းနိုင်ငံရှိ ပထမတန်းဘုရားကျောင်း ခြောက်ခုထဲမှ ပထမဆုံးတစ်ခု ဖြစ်သည်။ [၅] ထိုကျောင်းကို ရာမ ၁ ဘုရင်က ပြန်လည်တည်ဆောက်ခဲ့သည်။ သူ၏ အရိုးပြာများကိုလည်း ဌာပနာခဲ့သည်။ နောက်ပိုင်းတွင် ရာမ ၃ ဘုရင်က ကျောင်းတော်ကို တိုးချဲ့ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ကျောင်းတော်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်၏ အရှည်သည် ၄၆ မီတာ ရှိသည်။ ထိုကျောင်းတော်တွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်များ တည်ရှိသည်။ ထို့ပြင် ကျောင်းတော်သည် ပညာရေးအတွက် အစောဆုံးနေရာဌာနတစ်ခု ဖြစ်ခဲ့မည်ဟုလည်း ခန့်မှန်းကြသည်။ ကျောင်းတော်ရှိ ကျောက်စာများ၊ စကျင်ကျောက်ပေါ်တွင် ရေးဆွဲမှုများကို ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုနေရာတွင် ထိုင်းဆေးပညာကျောင်းတစ်ခုကိုလည်း တည်ဆောက်သည်။ ထိုနေရာကို ထိုင်းရိုးရာအနှိပ်ပညာ မွေးဖွားဖြစ်တည်ရာ နေရာဟုလည်း သိကြသည်။ ယခုထက်ထက် သင်ကြားလေ့ကျင့်ခြင်းတို့ကို ကျောင်းတော်တွင် တွေ့နိုင်သည်။ [၆] သမိုင်း![]() ဝတ်ဖိုကျောင်းတော်သည် ဘန်ကောက်မြို့ရှိ သက်တမ်းအကြာရှည်ဆုံး ကျောင်းတော်တစ်ခု ဖြစ်သည်။ ထိုကျောင်းတော်သည် ရာမဘုရင် (၁) က ဘန်ကောက်မြို့အဖြစ် မတည်ထောင်မီကပင် တည်ရှိခဲ့သည်။ ၎င်း၏ မူလအမည်သည် ဝတ်ဗုဒ္ဓရာမ် (ဝတ်ဖုဒ်ထာရာမ်) သို့မဟုတ် ပေါ့ဒါရမ် ဖြစ်သည်။ [၄][၇] ထိုအမည်၏ အဓိပ္ပာယ်သည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိကျောင်းတော်ကို ရည်ညွှန်းသည်။ [၈] ယခင်က ကျောင်းတော်ကို အယုဒ္ဓပြည့်ရှင် ဘုရင် Phetracha (1688-1703) က တည်ဆောက်ခဲ့ခြင်း သို့မဟုတ် တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်ဟု ထင်ရသော်လည်း နေ့စွဲ၊ တည်ဆောက်သူတို့ကိုမူ မသိရသေးပေ။ [၉] ကျောင်းတော်၏ တောင်ဘက်အပိုင်းကို ပြင်သစ်လူမျိုးတို့ တပ်စခန်းဖြစ်ခဲ့ရာက ၁၆၈၈ ခုနှစ်က ဘန်ကောက်ကို သိမ်းပိုက်တုန်းက ဘုရင် Phetracha က ဖြိုဖျက်ခဲ့သည်။ [၁၀] အယုဒ္ဓယပြည်သည် မြန်မာတို့၏ လက်အောက်သို့ ကျရောက်ပြီးနောက် ဘုရင် Taksin သည် မြို့တော်ကို Wat Arun နေရာသို့ ရွှေ့ပြောင်းခဲ့သည်။ Wat Arun သည် ဝတ်ဖိုကျောင်းတော် တည်နေရာ၏ ဆန့်ကျင်ဘက် မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ ဝတ်ဖိုကျောင်းတော်ကို တော်ဝင်နန်းတော်အဖြစ်သို့ မြှင့်တင်ခဲ့သည်။ ၁၇၈၂ ခုနှစ်တွင် ရာမဘုရင် (၁) သည် မြို့တော်ကို သွန်ဘူရီမှ ဘန်ကောက် တော်ဝင်နန်းတော်သို့ မြစ်ကြောင်းအတိုင်း ရွှေ့ပြောင်းခဲ့သည်။ ဘန်ကောက် တော်ဝင်နန်းတော်သည် ဝပ်ဖိုနှင့် အနီးအနားတွင် တည်ရှိသည်။ ၁၇၈၈ ခုနှစ်တွင် ရာမဘုရင် (၁) သည် ပျက်စီးနေသော ကျောင်းတော်ကို ပြင်ဆင်တည်ဆောက်မှုများ ဆောင်ရွက်ခဲ့သည်။ [၁] ဆောက်ရွက်ရမည့်နေရာသည် မြေပြင်မညီညာခြင်း၊ ရွှံ့များထူထပ်ခြင်း စသည်တို့ရှိနေသည့်အတွက် ရေများဖောက်ထုတ်ခြင်း၊ မြေများကို ဖြည့်ကာညှိခြင်း စသည်တို့ကို တည်ဆောက်မှုများ မစတင်ခင် လုပ်ဆောင်ခဲ့သည်။ တည်ဆောက်မှုများ လုပ်နေစဉ်အတွင်းရာမဘုရင် (၁) သည် သုခေါဒယပြည်ရှိ ပစ်ထားသည့် ကျောင်းတော်များ၊ ထိုင်းနိုင်ငံရှိ ထိုကဲ့သို့သော နေရာများမှ ဗုဒ္ဓရုပ်ပွားတော်များကို ဖယ်ရှားယူဆောင်ကာ ဝပ်ဖိုကျောင်းတော်တွင် ထားရှိစေခဲ့သည်။ [၁၁] ထိုကျောင်းတော်တွင် ၁၇၆၇ ခုနှစ်တွင် မြန်မာတို့က ဖျက်ဆီးခဲ့သည့် အယုဒ္ဓယ၏ Wat Phra Si Sanphet ရှိ များစွာသော ဗုဒ္ဓရုပ်ပွားတော်များ၏ အစအနများလည်း ထားရှိခဲ့သည်။ ထိုအစအနများကို စေတီတော်တည်ရာတွင် ထည့်သွင်းခဲ့ပေသည်။ [၁၂] ပြန်လည်တည်ဆောက်မှုများသည် ပြီးစီးသည်အထိ ခုနစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ တည်ဆောက်မှုများ စတင်ပြီး ၁၂ နှစ်အကြာ ၁၈၀၁ ခုနှစ်တွင် အသစ်ဆောက်ခဲ့သည့် ကျောင်းတော်ကို Wat Phra Chetuphon Vimolmangklavas (မြန်မာပြန် - ဘုရားဇေတဝန်ဝိမလမင်္ဂလ) ဟု အမည်ပေးခဲ့သည်။ ရာမဘုရင် (၁) တည်ဆောက်ခဲ့သည့် အဓိကကျောင်းတော်လည်း ဖြစ်သည်။ [၁၃] ![]() နောင်အနှစ် ၂၆၀ ကြာသည့်အခါတွင် သိသာသည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ရာမဘုရင် (၃) (1824-1851 CE) လက်ထက်တွင် ဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် ရာမဘုရင် (၃) သည် ကျောင်းတော်ကို ပြုပြင်တိုးချဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြီးစီးသည်အထိ ၁၆ နှစ် ၇ လ ကြာမြင့်ခဲ့သည်။ ကျောင်းတော်၏ ရင်ပြင်ကို ၂၂ ဧက တိုးချဲ့ခဲ့သည်။ ယခုအချိန် မြင်တွေ့နေရသည့် လက်ရာအများစုသည် ထိုအခါက တည်ဆောက်ခဲ့သည့် လက်ရာများနှင့် ပြင်ဆင်မွမ်းမံခဲ့သည့် လက်ရာများ ပါဝင်သည်။ [၇] ထိုနေများတွင် လျောင်းတော်မူဗုဒ္ဓအား ရှိခိုးဝတ်ပြုရန် နေရာလည်း အပါအဝင် ဖြစ်၏။ အဆောက်အဦးများ၏ နံရံများကို အလှပြုပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဖဝါရီလ ၂၁ ရက်နေ့တွင် စကျင်ကျောက်ပေါ် ရေးဆွဲထားသည့်လက်ရာများကို ယူနက်စကို၏ Memory of the World Programme တွင် မှတ်တမ်းတင်ခဲ့သည်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအဖြစ် ရှုမြင်သည်အထိ ပျံ့နှံ့သွားခဲ့သည်။ [၁၄][၁၅] ဝပ်ဖိုကို ထိုင်းနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ်အဖြစ် သတ်မှတ်ကြပြီး ထိုင်းရိုးရာအနှိပ်ပညာဌာနတစ်ခုလည်း ဖြစ်ပေသည်။ ခေတ်မီဆေးပညာများ မထွန်းကားမီ ၁၉ ရာစုအလယ်ပိုင်းတွင် ဆေးပညာများသင်ကြားပို့ချရာဌာန ဖြစ်ခဲ့သည်။ ယနေ့အချိန်အထိ ကျောင်းတော်သည် တိုင်းရင်းဆေးပညာများ သင်ကြားပို့ချနေသည့် နေရာအဖြစ် ရှိနေတုန်း ဖြစ်သည်။ ၁၉၅၇ တွင် ထိုင်းဆေးပညာများအတွက် ကိုယ်ပိုင်ကျောင်းတစ်ခုကို တည်ထောင်ခဲ့သည်။ [၁၆][၁၇] ရာမဘုရင် IV လက်ထက်တွင် ကျောင်းတော်၏ အမည်သည် Wat Phra Chetuphon Vimolmangklararm (ဝတ်ဘုရား ဇေတဝန် ဝိမလ မင်္ဂလရာမ) သို့ ပြောင်းလဲခဲ့သည်။ [၁] လေးခုမြောက်စေတီတော်ကြီးကို တည်ဆောက်သည်ကလွဲ၍ ကျန်သော အသေးစားပြုပြင်မွမ်းမံမှုတို့ကို ရာမဘုရင် ၄ က လုပ်ဆောင်ခဲ့သည်။ ထိုကတည်းက ကျောင်းတော်သည် သိသာသည့် ပြောင်းလဲမှုများ မရှိတော့ပေ။ ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ဘုရားဖူးများက အလှူငွေများ လှူဒါန်းကြသည်။ ဘန်ကောက်မြို့ နှစ် (၂၀၀) ပြည့်အခမ်းအနား မတိုင်ခင် ၁၉၈၂ ခုနှစ်တွင် ကျောင်းတော်ကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ခဲ့သည်။ [၁၈] ကိုးကား
|
Portal di Ensiklopedia Dunia