ကလျာဏမိတ္တသုတ်
(၉)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပသေနဒီကောသလဘုရင် ဘုရားရှင်ထံ ရောက်လာပြီး “မြတ်စွာဘုရားရှင် ပြည့်ပြည့်စုံစုံ ဟောကြားတော်မူအပ်သောတရားတော်သည် မိတ်ဆွေကောင်း, အဖော်သဟဲကောင်းရှိသော မိတ်ဆွေကောင်း, အဖော်သဟဲကောင်းတို့နှင့် ရင်းရင်း နှီးနှီး ဆက်ဆံမှုရှိသူအတွက်သာ ဖြစ်၏။ မိတ်ဆွေကောင်း, အဖော်သဟဲကောင်းမရှိ မိတ်ဆွေကောင်း, အဖော်သဟဲကောင်းတို့နှင့် ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် ပေါင်းသင်းမှု မရှိသူအတွက် မဖြစ်နိုင်ပါ-ဟု ကြံစည်မိပါကြောင်း မိမိ၏ ကြံစည်မှုတစ်ရပ်ကို လျှောက်ထား လာပါသည်။ ထိုကောသလဘုရင်၏ လျှောက်ထားချက်ကို ဘုရားရှင်က လက်ခံစကား မိန့်ကြားတော်မူပြီး တချိန်က သကျနိုင်ငံ နဂရကနိဂုံး၌ ကလျာဏမိတ္တနှင့် စပ်လျဉ်း၍ အရှင်အာနန္ဒာ လျှောက်ထားပုံ၊ အရှင်အာနန္ဒာထေရ်အား “ကလျာဏမိတ္တသည် ဗြဟ္မစရိယ (အရိယာမဂ်)၏ အကျိုးတဝက် မဟုတ်၊ အပြည့်အဝ အကျိုးဖြစ်နိုင်ပုံ၊ ဘုရားရှင် ဟူသော ကလျာဏမိတ္တကို အကြောင်းပြု၍ ဝိရာဂနိဿိတ-အစရှိသည်ဖြစ်အောင် အဋ္ဌင်္ဂိက အရိယာမဂ်ကို ပွားများကြသဖြင့် ဇာတိ-အစရှိသော သဘောရှိသူတို့ ဇာတိ ဒုက္ခ-အစရှိသည်မှ ကင်းလွတ်သွားကြပုံကို” မိန့်တော်မူခဲ့ပုံ၊ သင်မဟာရာဇာလည်း ကလျာဏမိတ္တရှိအောင်, ကလျာဏမိတ္တတို့နှင့် ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် ပေါင်းသင်း ဖြစ်အောင် ကြိုးစားပြီး အပ္ပမာဒတရားကို လက်ကိုင်ထား၍ အရာရာကိုပြုလုပ် ပြောဆိုသင့်ပုံ၊ သင်မဟာရာဇာသို့ အတုလိုက်ကြပြီး နန်းတွင်းသူများ, လက်အောက်ခံ မင်းများ, စစ်သည်တော်များ, နိုင်ငံတော်သူ နိုင်ငံတော်သားများတို့ပါ အပ္ပမာဒတရား နှင့် ပြည့်စုံကြသဖြင့် လုံခြုံရေးကိစ္စ, ဘဏ္ဍာတော်ထိမ်းသိမ်းမှုကိစ္စတို့ပါ အရာရာ ပြီးစီးနိုင်ပုံ “ပဏ္ဍိတ်”ဟု ခံယူထိုက်သူ၏ အရည်အချင်းတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌-ကလျာဏမိတ္တရှိသူတိုင်း အကျိုးပြီးနိုင်ပုံ၊ အရှင်အာနန္ဒာ၏ အယူအ, အင်္ဂါကအရိယာမဂ်နှင့် သိမှတ်ဖွယ်အစုံတို့ကို ဖွင့်ပြထားပါသည်။ [၂] အရုဏ်တက်လာခြင်းသည် နေထွက်ခြင်း၏ရှေ့ပြေး ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ကလျာဏမိတ္တရှိခြင်းသည် အရိယာမဂ်ဉာဏ်ဖြစ်ခြင်း၏ရှေ့ပြေး ပုဗ္ဗနိမိတ်ဖြစ်ပုံ၊ ကလျာဏမိတ္တရှိသူသည် အဋ္ဌင်္ဂိကအရိယာမဂ်ကို ဝိရာဂနိဿိတ-စသည်ဖြစ်အောင် ပွားများပုံ၊ ကြိမ်ဖန်များစွာဖြစ်အောင် အလေ့အလာပြုပုံကို ဟောတော်မူသည့်သုတ်။ [၃] ကလျာဏမိတ္တရှိသောသူသည် အဋ္ဌင်္ဂိက အရိယာမဂ်ကို ရာဂဝိနယ ပရိယောသာန, ဒေါသဝိနယ ပရိယောသာန, မောဟဝိနယ ပရိယောသာနဖြစ်အောင် ပွားများပုံကို ဟောတော်မူသည့်သုတ်။ [၄] ကလျာဏမိတ္တတာသည် အရိယအဋ္ဌင်္ဂိက အရိယာမဂ်ဖြစ်ခြင်းငှာ ကျေးဇူးများ သော တစ်ခုတည်းသောတရား ဖြစ်ပုံ၊ ကလျာဏမိတ္တရှိသောရဟန်းသည် ဝိရာဂနိဿိတ စသည်ဖြစ်အောင် အဋ္ဌင်္ဂိက အရိယာမဂ်ကို ပွားများပုံ၊ ကြိမ်ဖန်များစွာဖြစ်အောင် အလေ့အလာပြုပုံကို ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅] ကလျာဏမိတ္တရှိခြင်းဟူသော တစ်ခုသောဓမ္မသည် အဋ္ဌင်္ဂိက အရိယာမဂ်ဉာဏ် ဖြစ်ရန် ကျေးဇူးများပုံ၊ ကလျာဏမိတ္တရှိသောရဟန်းသည် ရာဂဝိနယ ပရိယောသာနအစရှိသည်ဖြစ်အောင် အဋ္ဌင်္ဂိက အရိယာမဂ်ကို ပွားများပုံ, ကြိမ်ဖန်များစွာ အလေ့ အလာပြုပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၆] ကလျာဏမိတ္တတာ (မိတ်ဆွေကောင်းရှိခြင်း)သည် မဖြစ်သေးသော ကုသိုလ် တရားတို့ ဖြစ်ရန် ဖြစ်ပြီးသော အကုသိုလ်တရားတို့ ဆုတ်ယုတ်ပျက်စီးရန် ဖြစ်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ရန် ဖြစ်ပြီးသော အကုသိုလ်တရားကို ဆုတ်ယုတ် ပျက်စီးရန် ကလျာဏမိတ္တတာမှ တပါး အခြားတရားတစ်ပါးကိုမျှ မြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၇] ကလျာဏမိတ္တတာသည် အကျိုးများစွာဖြစ်ရန် ဖြစ်၏၊ အကျိုးများစွာဖြစ်ရန် ကလျာဏမိတ္တတာမှတပါး အခြားတရားတစ်ပါးကိုမျှ မြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၈] ကလျာဏမိတ္တတာသည် ဗဟိဒ္ဓသန္တာန်၌ဖြစ်သော အကြောင်း-ဟု ပြု၍ အကျိုး များစွာဖြစ်သော အခြားတစ်ခုသောအကြောင်းကိုမျှ မြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၉] ကိုးကား
|
Portal di Ensiklopedia Dunia