သုတ္တန်ပိဋကတ်
သုတ္တန်ပိဋကတ်သည် ဝေနေယျသတ္တဝါတို့၏ စရိုက် ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကို အခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွား၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွားတို့ကိုပြတတ် ပြုတတ်သောကြောင့်၎င်း၊ ဝေနေယျသတ္တဝါတို့၏ သဘောအနုအရင့်နှင့် လျော်စွာဟောတော်မူသောကြောင့် ၎င်း သုတ္တမည်၏။ ၎င်းသုတ္တကိုပင် သုတ္တန္တ-သုတ္တန်ဟုခေါ်သည်။ သုတ္တန်ပိဋကတ်သည် ဝေနေယျ သတ္တဝါတို့၏ စရိုက်ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကိုအခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။ “သုတ္တ”သည် “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”ဟု တိုက်ရိုက် အနက်အဓိပ္ပာယ်ရ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မဒေသနာတို့အား ဖရိုဖရဲမဖြစ်ရအောင် သီကုံးပေးထားသော ကြိုးသဖွယ် ယူဆနိုင်သည်။ (ပါဠိဝေါဟာရ “သုတ္တ”အား သုတ်၊ သုတ္တန်၊ သုတ္တံစသဖြင့် မြန်မာမှုပြုလေ့ရှိသည်။) သုတ္တန်ပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာဟူ၍ ဒေသနာအပြားသုံးပါးရှိရာတွင် ဥပမာ ဥပမေယျဂါထာ စုဏ္ဏိယ ပုံဝတ္ထု သက်သေသာဓကစသည်တို့ဖြင့် သင့်သလိုစီစဉ်၍ ကြားနာသူတို့ နားလည်လွယ်မည့် စကားလုံးတွေကို သုံးစွဲ၍ အဟောများသောကြောင့် ဝေါဟာရဒေသနာမျိုးဖြစ်သည်။ ပရမတ္ထတို့ကို အကြောင်းအားလျော်စွာ ဟောကြားသည့်နေရာများရှိသော်လည်း ၎င်းတို့မှာနည်းပါးလှသဖြင့် ပရမတ္ထဒေသနာဟု ခေါ်ဆိုခြင်းမပြုချေ။ ယထာ ပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာ ဓမ္မ သာသနာ ဟူ၍သာသနာအပြားသုံးပါးရှိရာတွင် မည်သည့်ရောဂါဖြစ်ပေါ်လာလျှင် မည်သည့်ဆေးဖြင့် မည်ကဲ့သို့ကုစားရမည်ဟု အနာနှင့်ဆေးကိုက်အောင် ကုထုံး၊ ကုနည်းနှင့်တကွ ခြေခြေမြစ်မြစ်ဖော်ပြရေးထားသော ဆေးကျမ်းကြီးကဲ့သို့ သတ္တဝါတို့၏ အလိုစရိုက် ဝါသနာစသည့်အခြေအနေအလိုက် အခြေအနေနှင့်ဟပ်မိအောင် အံကျ ဟောကြားထားခြင်းဖြစ်သောကြောင့် ယထာ နုလောမ သာသနာဟု ဆိုရမည်ဖြစ်သည်။ သံဝရာ သံဝရ ကထာ၊ဒိဋ္ဌိဝိနိဝေဌန ကထာ၊ နာမရူပ ပရိစ္ဆေဒ ကထာဟူ၍ ကထာ အပြား သုံးပါးရှိရာ ၆၂ ပါးသော ဒိဋ္ဌိတို့ပပျောက်အောင် ဖြေရှင်းနည်းတို့ကိုဟောကြားရာ ဖြစ်သောကြောင့် ဒိဋ္ဌိဝိနိ ဝေဌကထာ မည်၏။ အဓိသီလ သိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာဟူ၍သိက္ခာအပြားသုံးပါးရှိရာ သမာဓိအရာဖြစ်သောကြောင့် အဓိစိတ္တ သိက္ခာမည်၏။ ဝီတိက္ကမ ပဟာန်၊ ပရိယုဋ္ဌာန ပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြားသုံးပါးရှိရာ သမာဓိသည် ပရိယုဋ္ဌာန ကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ပရိယုဋ္ဌာနပဟာန်မည်၏။[၁] ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋိစ္စသမုပ္ပါတ်သုတ်၊ မဟာသတိပဋ္ဌာနသုတ်တော် များသည် သုတ္တန်ပိဋကတ် တွင် ပါဝင်ပြီး ကျမ်းအားဖြင့် သုတ္တန်(၁၉)ကျမ်း ရှိသည်။ ဝေါဟာရရင်းမြစ်သုတ္တန်ဟူသော ဝေါဟာရသည် သုတ္တန္တ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိသက် ဝေါဟာရဖြစ်ပေသည်။ ယင်းဝေါဟာရကိုသုတ္တ+အန္တ ဟုပုဒ်ခွဲရသည်။ ဤ၌ အန္တသဒ္ဓါမှာ အနက်အဓိပ္ပာယ် လုံးဝမရှိ၊ ရွတ်ဆိုကောင်းရုံ စကားလှရုံသာ ဆက်တွဲထားသော ပုဒ်ဖြစ်၍ သုတ္တသဒ္ဓါ၏ အနက်အဓိပ္ပာယ်ကိုသာနည်း အမျိုးမျိုးဖြင့်ဉာဏ်ပထျာဖြန့်၍ အဋ္ဌကထာ၌ ဖွင့်ဆိုရေးသားခဲ့လေသည်။ ဖွင့်ဆိုပုံမှာ ၁။ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊မျက်မှောက်အကျိုး၊ တမလွန်အကျိုး၊ လောကီအကျိုး၊ လောကုတ္တရာအကျိုး စသည်တို့ကို ပြတတ်သောကြောင့် သုတ္တမည်လေသည်။ (ဤနည်းအလိုသူစဓာတ်၊တပစ္စည်းဖြင့်ပြီးသောပုဒ်ဖြစ်လေသည်။) ၂။ ဝေနေယျတို့၏ အလိုအဇ္ဈာသယနှင့် လိုက်လျောညီညွတ်သော အနက် (အကြောင်းခြင်းရာ)တို့ကို ကောင်းမွန်တိကျစွာဟောကြားထားရာ ပိဋကတ်ဖြစ်သောကြောင့် သုတ္တမည်၏။ (ဤနည်းအလို သု ရှေ့ ရှိသော ဝစဓာတ်၊ တပစ္စည်းဖြင့် ရုပ်ပြီးသည်။) ၃။ ကောက်ပင်သည် ဆန်၊ စပါး၊ အသီးအနှံ့တို့ကို ဖြစ်ပေါ်တိုးပွားစေသကဲ့သို့ သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေတတ်သောကြောင့် သုတ္တမည်၏။ (ဤနည်းအလိုသုဓာတ်၊ တပစ္စည်း ဖြင့်ရုပ်ပြီးသည်။) ၄။ မိခင်နွားမသည် မိမိ၏သားသမီးဖြစ်သည့် နွားငယ်ကလေးများအား နို့ရည်ကို ယိုချပေး၍တိုက်ကျွေးသကဲ့သို့ ဝေနေယျသတ္တဝါတို့အား အကျိုးကျေးဇူးအထူးထူးတို့ကို ယိုချပေးတတ်သောကြောင့် သုတ္တမည်၏။ (ဤနည်းအလို သူဒ ဓာတ်၊ တ ပစ္စည်းဖြင့်ရုပ်ပြီးဟန်ကိုကြံသည်။) ၅။ အကျိုးစီးပွားတို့ကို ကောင်းစွာစောင့်ရှောက်ထားတတ်သောကြောင့် သုတ္တမည်၏။ (ဤနည်းအ လို သု ရှေ့ရှိသော တာဓာတ်၊ တပစ္စည်းဖြင့်ရုပ်ပြီးဟန်ကြံသည်။) ၆။ လက်သမားဆရာသည် တံမျဉ်းကြိုးချ(မျဉ်းသား) ပြီးမှ ယင်းမျဉ်းကြောင်းအတိုင်း မတိမ်းမစောင်းစေဘဲ သစ်ရွေခြင်း၊ ဖြတ်တောက်ခြင်း စသည်ပြုရသည့်နည်းတူ သုတ္တန်ဒေသနာ မျဉ်းကြောင်းနှင့် မတိမ်းမစောင်းစေမူ၍ ကျင့်ကြံကြရသည် ဖြစ်ရကား လက်သမားသုံးတံမျဉ်းကြိုးနှင့် အလားတူသောကြောင့်၎င်း၊ တစ်ပွင့်စီသီးခြားနေသော ပန်းပွင့်များသည် ပန်းသီကြိုးဖြင့် သီကုံးဖွဲ့နှောင်ထားအပ်သော် ဖရိုဖရဲ ပြန့်ကြဲခြင်းမရှိသကဲ့သို့ ဘုရားရှင်ဟောကြားအပ်ခဲ့သည့် အနက်အဓိပ္ပာယ်(အကြောင်းခြင်းရာ)တို့ ဖရိုဖရဲမရှိရလေအောင် သုတ္တန်ပိဋကတ်ဖြင့် စုစည်းသီကုံးထားအပ်သည်ဖြစ်၍ ပန်းသီချည်၊ ပန်းသီကြိုးနှင့် အလားတူသောကြောင့်၎င်း သုတ္တမည်၏။ (ဤနည်းအလို သုတ္တပုဒ်၊ အ ပစ္စည်းဖြင့်ပြီးသောဥပမာ တဒ္ဓိတ်ဖြစ်သည်။) နိကာယ် ငါးရပ်သုတ္တန်ပိဋကတ်တွင် နိကာယ တနည်း နိကာယ် (အစုအဝေးဟု အဓိပ္ပာယ်ရသော) ငါးရပ်ရှိသည်။
ပါဝင်သောကျမ်းများ
စုစုပေါင်း (၃၇)ကျမ်းဖြစ်သည်။ ဒီဃနိကာယ်သုံးကျမ်းမှာ (၁) သီလက္ခန္ဓဝဂ် (၂) မဟာဝဂ် (၃) ပါထေယျဝဂ် တို့ဖြစ်ကြသည်။ စုစုပေါင်း (၃၄)သုတ်ဖြစ်သည်။
မဇ္ဈိမနိကာယ်ကျမ်းသုံးကျမ်း မှာ (၁) မူလပဏ္ဏသ (၂) မဇ္ဈိမပဏ္ဏသ (၃) ဥပရိပဏ္ဏာသတိုဖြစ်ကြသည်။
စုစုပေါင်း (၁၅၂)သုတ်ဖြစ်သည်။ သံယုတ္တနိကာယ်ကျမ်းငါးကျမ်းပါဝင်ပြီး ၎င်းတို့မှာ
အင်္ဂုတ္တရနိကာယ်ဆယ့်တစ်ကျမ်း တွင် (၁) ဧကင်္ဂုတ္တရ ပါဠိတော် - ဧကကနိပါတ် (၂) ဒုကင်္ဂုတ္တရ ပါဠိတော် - ဒုကနိပါတ် (၃) တိကင်္ဂုတ္တရ ပါဠိတော် - တိကနိပါတ် (၄) စတုကင်္ဂုတ္တရ ပါဠိတော် - စတုက္ကနိပါတ် (၅) ပဉ္စင်္ဂုတ္တရ ပါဠိတော် - ပဉ္စကနိပါတ် (၆) ဆက္ကင်္ဂုတ္တရ ပါဠိတော် - ဆက္ကနိပါတ် (၇) သတ္တင်္ဂုတ္တရ ပါဠိတော် - သတ္တကနိပါတ် (၈) အဋ္ဌအင်္ဂုတ္တရ ပါဠိတော် - အဋ္ဌကနိပါတ် (၉) နဝင်္ဂုတ္တရ ပါဠိတော် - နဝကနိပါတ် (၁၀) ဒသင်္ဂုတ္တရ ပါဠိတော် - ဒသကနိပါတ် (၁၁) ဧကာဒသင်္ဂုတ္တရ ပါဠိတော် - ဧကာဒသကနိပါတ်တို့ပါဝင်ပါတယ်။ ခုဒ္ဒကနိကာယ်ဆယ့်ငါးကျမ်းမှာ
ကိုးကား
|
Portal di Ensiklopedia Dunia