ကိမိလသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကိမိလမြို့ ဝါးတော၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာထေရ်၏ လျှောက်ထားချက်အရ အာနာပါနဿတိကို မဟပ္ဖလ, မဟာနိသံသ ဖြစ်အောင် ပွားများပုံအကျယ်ကို သတိပဋ္ဌာန်လေးပါးနှင့် ယှဉ်၍ အရှင်ကိမိလနှင့် အရှင်အာနန္ဒာထေရ်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကိမိလမြို့ ကျည်းပင်တောဝယ် သီတင်းသုံးနေတော်မူစဉ် အရှင်ကိမိလထေရ်၏ မေးလျှောက်ချက်အရ -သဒ္ဓမ္မသုံးဖြာ သာသနာတော် ကြာရှည်လေးမြင့် မတည့်တံ့ခြင်းအကြောင်း ငါးပါးနှင့် တည်တံ့ခြင်းအကြောင်း ငါးပါးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] အထက်သုတ်အတိုင်း အရှင်ကိမိလထေရ်၏ လျှောက်ထားချက်အရ -သဒ္ဓမ္မ သုံးဖြာ သာသနာတော် ကြာရှည်စွာမတည်ခြင်း၏အကြောင်း ၆-ပါးနှင့် သဒ္ဓမ္မသုံးဖြာ သာသနာတော် ကြာရှည်လေးမြင့် တည်တံ့ခြင်းအကြောင်း ၆-ပါးတို့ကို အကျယ်ဟောတော်မူသည့်သုတ်။ [၄] အထက်သုတ်များအတိုင်း အရှင်ကိမိလထေရ်၏ လျှောက်ထားချက်အရ -သဒ္ဓမ္မသုံးဖြာ သာသနာတော် ကြာရှည်လေးမြင့် မတည်တံ့ခြင်းအကြောင်း ၇-ပါးနှင့် ကြာရှည်လေးမြင့် တည်တံ့ခြင်း ၇-ပါးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] ကိမိလသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အသျှင်ကိမိလမထေရ်အား သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့နှင့် သူတော်ကောင်းတရား ကြာမြင့်စွာတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကို ဟောကြားတော်မူခဲ့သည်။[၆] ကိမိလသုတ်အခါတပါး၌ မြတ်စွာဘုရားသည် ကိမိမလမြို့ ကျည်းပင်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ကိမိလထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား -[၆] “အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော် မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်၏။[၆] “ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် - မြတ်စွာဘုရား၌ ရိုသေမှု၊ တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။ တရား၌ ရိုသေမှု၊ တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။ သံဃာ၌ ရိုသေမှု၊ တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။ သီလ သိက္ခာ၌ ရိုသေမှု၊ တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။ အချင်းချင်း ရိုသေမှု၊ တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏။ ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း” ဟု (မိန့်တော်မူ၏)။[၆] “အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော် မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ တည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်၏။[၆] “ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် - မြတ်စွဘုရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။ တရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။ သံဃာ၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။ သီလ သိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။ အချင်းချင်း ရိုသေမှု တုပ်ဝပ်မှု ရှိကုန်၍ နေကြကုန်၏။ ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ တည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း” ဟု (မိန့်တော်မူ၏)။[၆] ကိုးကား
|
Portal di Ensiklopedia Dunia