ခိပ္ပနိသန္တိသုတ်
(၂)သုတ် ရှိပါသည်။ [၁] အတ္တဟိတအကျိုးအတွက်သာ ကျင့်သောပုဂ္ဂိုလ်၊ ပရဟိတအကျိုးအတွက်သာ ကျင့်သောပုဂ္ဂိုလ်၊ အတ္တဟိတ, ပရဟိတအကျိုးနှစ်မျိုးလုံးအတွက် မကျင့်သောပုဂ္ဂိုလ်၊ အတ္တဟိတ, ပရဟိတအကျိုးနှစ်မျိုးလုံးအတွက် ကျင့်သောပုဂ္ဂိုလ်-ဟု ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဟောတော်မူသည့်သုတ်။ [၂] အတ္ထကုသလ, ဓမ္မကုသလ, ဗျဉ္ဇနကုသလ, နိရုတ္တိကုသလ, ပုဗ္ဗာပရကုသလဟူသော တရားငါးမျိုးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်မြန်စွာဆောင်မှတ်နိုင်သူ၊ ကောင်းစွာ (ပြည့်ပြည့်စုံစုံ)သင်ယူအပ်သည်ကိုပြု၍ သင်ယူနိုင်သူ၊ များစွာသင်ယူနိုင်သူ၊ သင်ယူအပ်သမျှ မမေ့မပျောက်သူဖြစ်ပုံကို အရှင်သာရိပုတ္တရာထေရ်၏ တိုက်တွန်းချက်အရ အရှင်အာနန္ဒာ ဟောပြသည့်သုတ်။ အရှင်အာနန္ဒာသည် ဤတရားငါးမျိုးနှင့် ပြည့်စုံသူဖြစ်ပုံကို အရှင်သာရိပုတ္တရာထေရ်က ပြန်လည်မိန့်ကြားတော်မူပါသည်။ အဋ္ဌကထာ၌-ပုဗ္ဗာပရကုသလငါးမျိုးကို အကျယ်ဖွင့်ပြထားပါသည်။ [၃] ခိပ္ပနိသန္တိသုတ် သည် အသျှင်သာရိပုတြာ ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၄] ခိပ္ပနိသန္တိသုတ်ထိုအခါ၌ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက် ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏ — ငါ့သျှင်သာရိပုတြာ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာလည်း မှတ်ဆောင်တတ်, ကောင်းစွာ သင်ယူအပ်သည်ကို ပြု၍လည်း သင်ယူတတ်ပါသနည်း၊ များစွာလည်း သင်ယူပါသနည်း၊ သင်ယူအပ်ပြီးသော အရာသည်လည်း ထိုရဟန်းအား မမေ့ပျောက်ပါသနည်းဟု (မေးလျှောက်၏)။ အသျှင်အာနန္ဒာသည် အကြားအမြင်များပါ၏၊ အသျှင်အာနန္ဒာသည်ပင် ဟောကြားပါလော့ဟု (မိန့်ဆို၏)။ ငါ့သျှင်သာရိပုတြာ သို့ဖြစ်လျှင် နားထောင်ပါလော့၊ ကောင်းစွာ နှလုံးသွင်းပါလော့၊ ဟောကြားပါမည်ဟု (ဆို၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် အသျှင်အာနန္ဒာအား ဝန်ခံတော်မူ၏၊ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏- ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည်- အနက်၌လည်း လိမ္မာ၏။ ပါဠိ၌လည်း လိမ္မာ၏။ အက္ခရာအပြား၌လည်း လိမ္မာ၏။ သဒ္ဒါ၌လည်း လိမ္မာ၏။ ရှေ့နောက် အစီအစဉ်၌လည်း လိမ္မာ၏။ ငါ့သျှင်သာရိပုတြာ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာလည်းမှတ်ဆောင်တတ်, ကောင်းစွာ သင်ယူအပ်သည်ကို ပြု၍လည်း သင်ယူတတ်၏၊ များစွာလည်းသင်ယူတတ်၏၊ သင်ယူအပ်ပြီးသော အရာသည်လည်း ထိုရဟန်းအား မမေ့ပျောက်ဟု (မိန့်ဆို၏)။ ငါ့သျှင်တို့ အံ့ဖွယ်ရှိပါပေ၏၊ ငါ့သျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်အာနန္ဒာသည် အလွန်လျှင်ဤတရားစကားကို ကောင်းစွာ ဟောကြားအပ်ပါပေ၏၊ ငါတို့သည် အသျှင်အာနန္ဒာကို ဤတရားငါးမျိုးတို့နှင့် ပြည့်စုံ၏ဟု အမှတ်ထားကုန်အံ့။ အသျှင်အာနန္ဒာသည် - အနက်၌ လိမ္မာ၏။ ပါဠိ၌ လိမ္မာ၏။ အက္ခရာအပြား၌ လိမ္မာ၏။ သဒ္ဒါ၌ လိမ္မာ၏။ ရှေ့နောက် အစီအစဉ်၌ လိမ္မာ၏ဟု (အမှတ်ထားကုန်အံ့ဟု မိန့်ဆို၏)။[၄] ကိုးကား
|
Portal di Ensiklopedia Dunia