စူဠသာရောပမသုတ်
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ပိင်္ဂလကောစ္ဆပုဏ္ဏား မေးလျှောက်သဖြင့် ဟောတော်မူသည့သုတ်။ ပိင်္ဂလကောစ္ဆပုဏ္ဏားက သင်္ဃီ, ဂဏီ, ဂဏာစရိယ, ဉာတ, ယသဿီ, တိတ္ထိကရ ဗဟုဇနသာဓုသမ္မတ ဖြစ်ကြကုန်သော တိတ္ထိဆရာကြီး (၆)ယောက်တို့သည် မိမိတို့ ဝန်ခံထားသည့်အတိုင်း ထူးသောဉာဏ်ပညာဖြင့် သိ၊ မသိ (သို့မဟုတ်) အချို့ ပုဂ္ဂိုလ်တို့အား ထူးသောဉာဏ်ပညာဖြင့် သိကြ၊ အချို့သော ပုဂ္ဂိုလ်တို့ကား ထူးသောဉာဏ်ပညာဖြင့် မသိကြပါကုန်သလော”ဟု မေးလျှောက်ပါသည်။ ဘုရားရှင်က သင်လျှောက်ထားသည့် စကားကိုထားလိုက်ပါ။ သင့်အား ငါဘုရား ဓမ္မကိုဟောကြားမည်။ ထိုဓမ္မကို ရိုသေစွာ နာယူ၊ ကောင်းမွန်စွာ နှလုံးသွင်းပါ၊ ငါဘုရား ဟောတော်မူမည်ဟု မိန့်တော်မူပြီး- ၁။ သစ်ပင်၏ အခက်အရွက်ကို အနှစ်ဟု မှတ်ထင်သလို လာဘသက္ကာရ သိလောကမျှဖြင့် ကျေနပ်နေသည့် မိမိကိုယ်ကိုမြှောက်ပင့်၊ သူတစ်ပါးကို ကဲ့ရဲ့ချသည့်ပုဂ္ဂိုလ်။ ၂။ အပွေးကို အနှစ်ဟု မှတ်ထင်သူကဲ့သို့ သီလသမ္ပဒါမျှဖြင့် ကျေနပ်နေပြီး မိမိကိုယ်ကိုချီးမြှောက်, သူတစ်ပါးကို ကဲ့ရဲရှုံ့ချနေသူ။ ၃။ အခွံကို အနှစ်ဟု မှတ်ထင်သူကဲ့သို့ သမာဓိသမ္ပဒါမျှဖြင့် ကျေနပ်နေပြီး မိမိကိုယ်ကို ဝါကြွားပလွှား၊ သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချသည့်ပုဂ္ဂိုလ်။ ၄။ အကာကို အနှစ်ဟုထင်သူကဲ့သို့၊ ဉာဏဒဿနမျှဖြင့် ကျေနပ်နေပြီး မိမိကိုယ်ကို ဝါကြွား၊ သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချသည့်ပုဂ္ဂိုလ်။ ၅။ သစ်ပင်၏ အနှစ်ကို အနှစ်ဟုသိသူကဲ့သို့ သဒ္ဓါတရားဖြင့် ဆင်းရဲဒုက္ခတို့ ကုန်ဆုံးရန်ကို ရည်ရွယ်၍၊ ရဟန်းပြုပြီး၊ ရူပဈာန် (၄)ပါး၊ အရူပဈာန် (၄)ပါးနှင့် အကုပ္ပစေတောဝိမုတ္တိကို ရပြီးသော ပုဂ္ဂိုလ်ကို “သာရေန သာရကရဏီ” ပုဂ္ဂိုလ်ဟု ဟောတော်မူ၏။ ဤဗြဟ္မစရိယ၌ လာဘ၊ သက္ကာရ၊ သိလောကာနိသံသ၊ သီလ သမ္ပဒါနိသံသ၊ သမာဓိသမ္ပဒါနိသံသ၊ ဉာဏဒဿနာနိသံသတို့သည် သာရ မဟုတ်သေး၊ “အကုပ္ပါ စေတောဝိမုတ္တိ”သည်သာ သာရဖြစ်သည် ပရိယောသာန ဖြစ်သည်ဟု အကျယ်ဟောတော်မူသည့်သုတ်။ ဤသုတ်တော်၏အဆုံး၌ ပိင်္ဂလ ကောစ္ဆပုဏ္ဏားက ဥပါသကာအဖြစ် ခံယူလျှောက်ထားပါသည်။ အဋ္ဌကထာ, ဋီကာတို့၌ ပိင်္ဂလကောစ္ဆ၊ သံဃ၊ ဂဏအဖွင့်များ ဗဟုဇနဿ ဤနေရာ၌ “အဿုတဝတ အန္ဓဗာလ ပုထုဇဉ်များကိုယူ၊ တိတ္ထိဆရာကြီး (၆)ဦး၏ သမိုင်းအကျဉ်း၊ ပိင်္ဂလကောစ္ဆ၏ မေးခွန်းကို “အလံ”ဟု မိန့်တော်မူခြင်း အကြောင်း၊ ဤသုတ်၌ ဉာဏဒဿနထက် ပထမဇ္ဈာနဓမ္မက မြင့်မြတ်ခြင်းသည်။ ဝိပဿနာပါဒကမဟုတ် နိရောဓပါဒကပထမဇ္ဈာနဓမ္မတို့ဖြစ်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia