ထေရဂါထာ

ထေရဂါထာနှင့် ထေရီဂါထာတို့သည် သုတ္တန်ပိဋကတ်၊ ခုဒ္ဒကနိကာယ်တွင် ပါဝင်သော အဖိုးတန်ကျမ်းဂန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူကြသော မထေရ် နှင့် မထေရီတို့၏ နှလုံးသားမှ အန်ထွက်လာသော ကဗျာ (ဂါထာ) များဖြစ်ပြီး၊ မိမိတို့၏ ဘဝအတွေ့အကြုံ၊ တရားထိုးထွင်းသိမြင်မှု၊ နိဗ္ဗာန်၏ ငြိမ်းချမ်းမှုကို ဖော်ကျူးထားသော ဥဒါန်းကျူးရင့်သံများ ဖြစ်ကြသည်။

ထေရဂါထာ- မထေရ်တို့၏ ဂါထာများ

ထေရဂါထာ [ထေရ+ဂါထာ] ဆိုသည်မှာ မထေရ်တို့ ဟောကြား၊ ရွတ်ဆိုအပ်သော ဂါထာများဟု အဓိပ္ပာယ်ရသည်။ ရဟန်းကိစ္စပြီးစီးတော်မူသော မထေရ်ပေါင်း (၂၆၄) ပါးတို့သည် မိမိတို့ ရရှိခံစားရသော မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာကို ဆင်ခြင်သုံးသပ်၍ ဥဒါန်းကျူးရင့်ခြင်း၊ သာသနာတော်၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ခြင်း စသည့် အကြောင်းများဖြင့် ဤဂါထာများကို ရွတ်ဆိုခဲ့ကြသည်။ ဤကျမ်းတွင် နိပါတ်ပေါင်း (၂၁) ခု၊ ဂါထာပေါင်း (၁၃၆၀) ပါဝင်သည်။[]

ထေရဂါထာမှ ထင်ရှားသော ကျူးရင့်သံများ

မထေရ်တို့၏ ကျူးရင့်သံများတွင် သဘာဝပတ်ဝန်းကျင်၏ ဆိတ်ငြိမ်မှု၊ ဝိဝေကတရားနှင့် မိမိတို့၏ ကြံ့ခိုင်သော စိတ်ဓာတ်တို့ကို အခြေခံ၍ ဖွဲ့ဆိုသည်က များပြားသည်-

  • လောမသကင်္ဂိယမထေရ် သည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်ပုံကို "ငါသည် ဆိတ်ငြိမ်မှု (ဝိဝေက) ကိုပွားစေလိုသည်ဖြစ်၍ မြေဇာမြက်ကိုလည်းကောင်း၊ သမန်းမြက်ကိုလည်းကောင်း၊ ဆူးခြုံကိုလည်းကောင်း... ရင်ဖြင့် ဖယ်ရှား၍ သွားပါအံ့" ဟု ခိုင်မာသော ဆုံးဖြတ်ချက်ကို ပြသခဲ့သည်။
  • ဂဟွရတီရိယမထေရ် သည် တောထဲ၌ ကြံ့ကြံ့ခံနိုင်ပုံကို "တောအုပ်ကြီး၌ မှက်၊ ခြင်တို့ တွေ့ထိကိုက်ခဲခံရသည်ရှိသော် စစ်မြေဦးဝယ် ကျက်စားသော ဆင်ပြောင်ကြီးကဲ့သို့ ထိုတောအုပ်ကြီး၌ သတိရှိသည်ဖြစ်၍ သည်းခံနေရ၏" ဟု ရဲရင့်စွာ ကျူးရင့်ခဲ့သည်။
  • မဟာကစ္စာယနမထေရ် သည် ဣန္ဒြေကို စောင့်စည်း၍ လောကဓံကို ရင်ဆိုင်ပုံကို "မျက်စိအမြင်နှင့် ပြည့်စုံသော်လည်း သူကန်းကဲ့သို့ ဖြစ်ရာ၏၊ နားအကြားနှင့် ပြည့်စုံသော်လည်း နားပင်းသူကဲ့သို့ ဖြစ်ရာ၏၊ ပညာရှိသော်လည်း သူအကဲ့သို့ ဖြစ်ရာ၏... (မလိုလားအပ်သော) အကြောင်းကိစ္စ ဖြစ်ပေါ်လတ်သော် သူသေအိပ်သကဲ့သို့ အိပ်နေရာ၏" ဟု ဥပေက္ခာတရားကို ညွှန်ပြခဲ့သည်။
  • မဟာကပ္ပိနမထေရ် သည် သံသရာ၏ သဘာဝကို ထိုးထွင်းသိမြင်ပုံကို "သဘောတရားသည် ယခုအခါ၌သာ ဖြစ်သည်မဟုတ်၊ အံ့ဖွယ်သရဲလည်း မရှိ... အကြင်သင်္ခါရလောက၌ ဖြစ်လည်းဖြစ်ဖူးရာ၏၊ သေလည်းသေရာ၏၊ ထိုဖြစ်ခြင်း၊ သေခြင်းသဘောရှိသော သင်္ခါရလောက၌ အဘယ့်ကြောင့်လျှင် အထူးအဆန်း ဖြစ်ရာအံ့နည်း" ဟု ဓမ္မသံဝေဂကို ပေးခဲ့သည်။
  • သံကိစ္စမထေရ် သည် သေခြင်းရှင်ခြင်း၌ မတပ်မက်တော့ပုံကို "ငါသည် သေခြင်းကိုလည်း မနှစ်သက်၊ အသက်ရှည်ခြင်းကိုလည်း မနှစ်သက်၊ သူရင်းငှားသည် လုပ်ခရရန်အတွက် နေ့ကုန်မည့်အချိန်ကိုသာ ငံ့လင့်စောင့်မြှော်သကဲ့သို့ ငါသည် ပရိနိဗ္ဗာန်ပြုရမည့်အချိန်ကိုသာ ငံ့လင့်စောင့်မျှော်၏" ဟု လွတ်မြောက်ခြင်း၏ အရသာကို ဖော်ကျူးခဲ့သည်။

ဤဂါထာများသည် ရဟန္တာတို့၏ နှလုံးသားမှ လာသော စိတ်ခံစားမှုများဖြစ်သလို နောင်လာနောက်သားများအတွက် သင်ခန်းစာယူစရာ၊ အတုယူစရာများလည်း ဖြစ်သည်။ အထူးသဖြင့် ပါရာပရိယမထေရ်၏ ဂါထာများနှင့် ဖုဿမထေရ် ဟောကြားခဲ့သော အနာဂတ်သာသနာရေး အခြေအနေများသည် မှတ်သားဖွယ်ရာ ဖြစ်သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ထေရဂါထာ (ထီ) [ထေရ +ဂါထာ] မထေရ်တို့သည်–ဟော ပြ-ရွှတ်ဆို–အပ်သော-(ဂါထာ)စကားအဖွဲ့အနွဲ့၊ မထေရ်တို့၏—ဘုန်း-ဂုဏ်-တော်တို့ကို ချီးကျူး ဖော်ပြသော ပါဠိကဗျာ၊ ဘုန်း-ဂုဏ်-တော်ဖွဲ့ ကျမ်း။ (ရဟန်းကိစ္စ ပြီးစီးတော်မူကြသော ၂၆၄-ပါးသောမထေရ်မြတ်တို့သည် မိမိတို့ ရအပ် သိအပ်သော မဂ်ချမ်းသာ, ဖိုလ်ချမ်းသာကို ဆင်ခြင်လျက် ဥဒါန်း ကျူးရင့်သည့် အနေဖြင့်၎င်း စဉ်းစားဆင်ခြင်သည့်အနေဖြင့်၎င်း မေးခွန်းပုစ္ဆာ ထုတ်သည့် အနေဖြင့်လည်းကောင်း, သာသနာတော်၏ နိယျာနိက-ဂုဏ်ကို ထုတ်ဖော်သည့်အနေဖြင့်၎င်း ဟောပြ ရွတ်ဆို-အပ်သော သုတ္တန္တပိဋက-ခုဒ္ဒကနိကာယ-အပါ အဝင် အင်္ဂါ ၉-ရပ်တို့တွင် ၄-ခုမြောက် ဂါထာ ကျမ်း ဖြစ်၏။ ယင်း၌ နိပါတ်ပေါင်း-၂၁၊-ဂါထာပေါင်း-၁၃၆၀ ပါဝင်၏။ ထေရ၊၃၇၅။ ထေရ၊ဋ္ဌ၊၁၊၂-၄။) ကတကိ‌စ္စေဟိ တာဒိဟိ။ ထေရေဟိ ဘာသိတာ ဂါထာ ... ထေရဂါထာတိ နာမေန၊ ထေရီဂါထာတိ တာဒိနော၊ ယာ ခုဒ္ဒကနိကာယမှိ၊ သင်္ဂါယိံသု မဟေသယော။ ထေရ၊ဋ္ဌ၊၁၊၁။ တံ ဟေဋ္ဌာ ထေရဂါထာယ အာဂတမေဝ။ ထေရီ၊ဋ္ဌ၊၇၉။ (ဝိ၊ဋ္ဌ၊၁၊၁၅၊ ၂၂။ ဒီ၊ဋ္ဌ၊၂၊၁၅၆။ အံ၊ဋ္ဌ၊၂၊၂၅၁၊ ၃၅၇။ အဘိ၊ဋ္ဌ၊၁၊၁၉။ ခုဒ္ဒက၊ဋ္ဌ၊၂။ ဥဒါန၊ဋ္ဌ၊၃။ ထေရီ၊ဋ္ဌ၊၁၆၉။ မဟာနိ၊ဋ္ဌ၊၂၃၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၈၄။ သာရတ္ထ၊၁၊၆၄။ သီ၊ဋီ၊သစ်၊၁၊၅၈၊ ၈၉။ မ၊ဋီ၊၃၊၃၄၈။)
  2. ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)

ပြင်ပလင့်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya