နိဒါနသုတ်
(၅)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကုရုနိုင်ငံ ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရား ဤပဋိစ္စသမုပ္ပါဒသည် အလွန်နက်နဲ (သိရန်ခက်ခဲ)ခြင်း၊ နက်နဲ (ခက်ခဲ) သကဲ့သို့ ထင်ရသော်လည်း တပည့်တော်မှာ အလွန်ထင်ရှားပေါ်လွင်သကဲ့သို့ ထင်ရပါ၏ဟု လျှောက်ထားသော အရှင်အာနန္ဒာကို တားမြစ်တော်မူပြီး ပဋိစ္စသမုပ္ပါဒ၏ နက်နဲခက်ခဲပုံ နက်နဲခက်ခဲစွာ ထင်မြင်ပုံ သတ္တဝါအပေါင်းသည် ရက်ကန်းချည်ထွေး စာပေါင်းသိုက် ဖြူဆံမြက် ဗြိတ်မြက်တို့ကို ကဲ့သို့ဖြစ်၍ အပါယ်လေးဘုံသံသရာတို့ကို မလွန်မြောက်နိုင်ပုံ ဥပါဒါနိယတရားတို့၌ တဏှာဖြစ်ပုံမှစ၍ ဆင်းရဲအစုအဝေးဖြစ်ပေါ်လာပုံကို သစ်ပင်ဥပမာဖြင့်လည်းကောင်း ဥပါဒါနိယတရားတို့၌ အာဒီနဝကို ရှုနေသောပုဂ္ဂိုလ်အား တဏှာနိရောဓဖြစ်ပုံမှ အစပြု၍ ဆင်းရဲအစုအဝေးချုပ်ငြိမ်း သွားပုံကိုလည်းကောင်း အရှင်အာနန္ဒာအား ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ အရှင်အာနန္ဒာအကြောင်း ဘုရားရှင်တားမြစ်ပုံ ရေသတ္တဝါကြီးများ ရာဟုအသူရိန် အရှင်အာနန္ဒာ ပဋိစ္စသမုပ္ပါဒ သိမြင်ခြင်းအကြောင်း အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း ဖွင့်သင့်သည်များကို ဖွင့်ပြထားပါသည်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မပုပ်မဆွေးသေးသော သစ်စေ့ဥပမာဖြင့် လောဘ, ဒေါသ, မောဟ, ကဏှပက္ခ, ကမ္မသမုဒယနိဒါနတရားတို့ အကျိုးပေးပုံ၊ သစ်ပင်ကို ဖြတ်တောက် မီးပုံရှို့၍ ပြာကိုလေထဲသို့လွှင့်ပစ်၊ ရေထဲသို့ မျှောချပုံ ဥပမာဖြင့် အလောဘ, အဒေါသ, အမောဟ, သုက္ကပက္ခ, ကမ္မသမုဒယ နိဒါနတို့ကြောင့် ကဏှပက္ခ ကမ္မသမုဒယ နိဒါနဓမ္မတို့ ချုပ်ပျောက်ပုံတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ သုတ္တန္တိကပရိယာယ ဧကာဒသကမ္မဝိဘတ္တိ၊ အဘိဓမ္မပရိယာယ သောဠသကမ္မဝိဘတ္တိ, ပဋိသမ္ဘိဒါမဂ္ဂပရိယာယဒွါဒသကမ္မဝိဘတ္တိတို့ကို ယင်းပါဠိတော်အဖွင့်များ၊ သာဓကဝတ္ထုများဖြင့် ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပြထားပါသည်။ [၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် လောဘ, ဒေါသ, မောဟတို့သည် ကမ္မသမုဒယနိဒါန၊ အကုသလ၊ သာဝဇ္ဇ၊ ဒုက္ခဝိပါက၊ ကမ္မသမုဒယဖြစ်ပုံ၊ ကမ္မနိရောဓမဖြစ်ပုံ၊ အလောဘ၊ အဒေါသ၊ အမောဟတို့သည် ကုသလ၊ အနဝဇ္ဇ၊ သုခဝိပါက၊ ကမ္မနိရောဓဖြစ်ပုံ၊ ကမ္မသမုဒယ အကျိုးငှါမဖြစ်ပုံ တစ်ပါးစီ တစ်ပါးစီကို ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးပါးတို့တွင် တစ်ပါးပါး၌ ဆန္ဒရာဂဌာနိယဓမ္မတို့ကို အာရုံပြု၍ အဖန်ဖန်ကြံစည်, သုံးသပ်နေသောပုဂ္ဂိုလ်အား တဏှာဆန္ဒဖြစ်ပုံ၊ တဏှာဆန္ဒသည် ထိုဓမ္မတို့နှင့် ယှဉ်စပ်သော စိတ်၏ပြင်းထန်စွာ တပ်မက်သောတရားအပေါင်းကို သံယောဇဉ်ဟုဟောတော်မူပုံ သုက္ကပက္ခကို၎င်း၊ ကာလတစ်ပါးစီ တစ်ပါးစီ၌ ဆန္ဒရာဂဌာနိယဓမ္မတို့၏ ဖြစ်လတ္တံ့သော အကျိုးကို သိခြင်းကြောင့် ထိုဆန္ဒရာဂကို နစ်စေ(ဝိပဿနာပွား)၍ မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်း၊ ဝိပဿနာပညာ၊ မဂ်ပညာဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ဆန္ဒရာဂ ဌာနိယဓမ္မတို့ကို အာရုံပြု၍ ဆန္ဒမဖြစ်တော့ဟု သုက္ကပက္ခအားဖြင့်လည်းကောင်း ကမ္မသမုဒယနိဒါနတို့ တစ်ပါးစီ တစ်ပါးစီကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၅] အထက်သုတ်တော်၌ ဟောတော်မူအပ်သော ကမ္မနိဒါန သမုဒယတရားတို့ကိုပင် ကဏှပက္ခတရားသုံးပါးကြောင့် သုက္ကပက္ခတရား သုံးပါးတို့မဖြစ်ပုံ အပါယ်လေးဘုံ၌ဖြစ်ပုံ သုက္ကပက္ခတရားသုံးပါးကြောင့် ကဏှပက္ခ တရားသုံးပါးမဖြစ်ပုံ သုဂတိ ဘဝ၌ဖြစ်ရပုံတို့ကို ရဟန်းတို့အား ဘုရားရှင် အကျယ်တဝင့် ဟောတော်မူသည့်သုတ်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia