ပိဏ္ဍောလျသုတ်
[၁] ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့တော် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-ထောပတ်, ဆီ, ပျားရည်, တင်လဲများ ဝေဖန်လှူဒါန်းသည့်နေ ရာ၌ ဆူဆူညံညံ အသံဖြစ်ခြင်းကြောင့် အရှင်အာနန္ဒာကို မေးတော်မူပြီး ရဟန်း /သာမဏေများကို နှင်ထုတ်လိုက်ပါသည်။ နောက်တစ်နေ့ နံနက်ခင်း၌ ကပိလဝတ္ထုမြို့တော်၌ ဆွမ်းခံဝင်တော်မူပါသည်။ ဆွမ်းဘုဉ်းပေးတော်မူပြီး မဟာဝုန်တောအုပ်သို့ နေ့ပိုင်းသီတင်းသုံးရန် ကြွရောက်တော်မူ၍ ဥသျှစ်ပင်ရင်း၌ သီတင်းသုံးတော်မူစဉ် “မိခင်နွားမကို မမြင်ရသော နို့စို့နွားငယ် ပမာ, ရေမရှိသော မျိုးစေ့နုပမာ သာသနာတော်သို့ ဝင်ရောက်ကာစ ရဟန်းသစ်များ ပျက်စီးသွားနိုင်ပုံကို ရှေးအခါက ရဟန်းတော်များအား ချီးမြှောက်တော်မူသကဲ့သို့ ချီးမြှောက်တော်မူအံ့”ဟု ကြံစည်တော်မူပါသည်။ မြတ်စွာဘုရားရှင်၏ အကြံတော်ကိုသိတော်မူသော သဟမ္ပတိဗြဟ္မာကြီးကလည်း မြတ်စွာဘုရားရှင် ကြံစည်တော်မူသည့် ဥပမာအားဖြင့် “ရှေးကကဲ့သို့ သံဃာတော်များကို ချီးမြှောက်တော်မူပါရန်” တောင်းပန်လျှောက်ထားလာပါသည်။ ညနေအချိန် နိဂြောဓာရုံကျောင်းတော်၌ ခင်းထားအပ်သော နေရာတော်၌ သီတင်းသုံးတော်မူနေသော ဘုရားရှင်ရှိတော်မူရာသို့ ကြောက်ရွံ့စွာဖြင့် တစ်ပါးချင်း, နှစ်ပါးချင်းစီ ရောက်လာကြပြီး ထိုင်နေတော်မူသော ရဟန်းတော်များအား “ရဟန်းတို့ ဘေးရန်အန္တရာယ်တစ်မျိုးမျိုး နှိပ်စက်ခြင်း၊ အသက်မွေးမှုကြပ်တည်းခြင်း စသည်တို့ကြောင့်မဟုတ်ပဲ အမျိုးကောင်းသားတို့သည် အကျိုးထူးကို လိုလားကြ ကုန်လျက် အယုတ်ညံ့ဆုံး ဆဲရေးခံရသော ထမင်းကိုတောင်း၍ အသက်မွေးရသော ရဟန်းဘဝသို့ ချဉ်းကပ်ကြကုန်၏။ ပဋိသန္ဓေနေခြင်းဆင်းရဲအစရှိသော ဆင်းရဲအမျိုးမျိုးတို့ ကုန်ဆုံးမှုကို နှလုံးသွင်း၍ ချဉ်းကပ်ကြကုန်၏။ အဘိဇ္ဈာများသူအစရှိသောရဟန်းသည် ထင်းကုလားတုံး ကဲ့သို့ လူ့စည်းစိမ်မှ ယုတ်လျော့သူ ရဟန်းပြုရကျိုး မပြီးစီးသူဖြစ်ပုံ, သတိပဋ္ဌာန် လေးပါး, အနိမိတ္တသမာဓိကို ပွားများနေသောရဟန်းအား အကုသလဝိတက်သုံးမျိုး အကြွင်းမဲ့ချုပ်ပုံ၊ “ဘဝဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိဟူသော အယူနှစ်မျိုးရှိပုံ၊ အပြစ်မရှိသော (တဏှာ, မာန, ဒိဋ္ဌိ ဟူသော) စွဲယူမှုမရှိပုံ၊ ခန္ဓာငါးပါးတို့၌ စွဲယူပုံ၊ ထိုစွဲယူမှုကို အကြောင်းပြု၍ ကမ္မဘဝဖြစ်ရာမှ ဆင်းရဲအစုအဝေးဖြစ်ပုံ”ကို နှလုံးသွင်းဆင်ခြင်ပုံ၊ ခန္ဓာငါးပါးကို အနတ္တလက္ခဏသုတ်ဒေသနာတော်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်သည်အထိ ဟောကြားတော်မူပါသည်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပြည့်ပြည့်စုံစုံ ပါရှိပါသည်။ ဒေသနာတော်အဆုံး၌ ရဟန်းတော်ငါးရာတို့ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ပုံကို ဖွင့်ဆိုထားပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia