ပုဂ္ဂလသုတ်
(၆)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၁။ တမော တမပရာယနပုဂ္ဂိုလ်၊ ၂။တမော ဇောတိပရာယနပုဂ္ဂိုလ်၊ ၃။ဇောတိ တမပရာယနပုဂ္ဂိုလ်၊ ၄။ ဇောတိ ဇောတိပရာယနပုဂ္ဂိုလ်၊ ဟူသော ပုဂ္ဂိုလ်လေးမျိုးကို ဥပမာများဖြင့် ကောသလဘုရင်အား ဘုရားရှင် အကျယ် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ များစွာပါရှိပါသည်။ ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ရဟန်းတို့ သံသရာဝဋ်ဆင်းရဲ၏ အစကို မသိနိုင်ကြ၊ အဝိဇ္ဇာဖြင့် ပညာမျက်စိကို ပိတ်ဖုံး၍ ကဏှာဖြင့် ဖွဲ့တုတ်ချည်နှောင်လျက် သံသရာတစ်လွှား၌ ထက်အောက် စုံဆန် အဖန်ဖန် ပြေးလွှားနေရသော သတ္တဝါတို့၏ သံသရာ၏ စတင်ဖြစ်ရာ ရှေ့ပိုင်းကိုလည်း မသိနိုင်ကြ။ ရဟန်းတို့ တစ်ကမ္ဘာပတ်လုံး ထက်အောက် စုံဆန် အဖန်ဖန်အထပ်ထပ် ဖြစ်နေသော သတ္တဝါတို့၏ အရိုးဆက်, အရိုးပုံ, အရိုးစုများကို စုဆောင်းထားလျှင် စုပုံထားသည့်အတိုင်း မပျက်မစီးလျှင် ထိုအရိုးဆက်, အရိုးပုံ အရိုးစုသည် ဤဝေပုလ္လတောင်ပမာဏ ရှိနိုင်ကုန်ရာ၏။ အဘယ့်ကြောင့်နည်းဟူမူကား? သံသရာ၏အစ, ရှေးအဖို့အစုကို မသိနိုင်ကြခြင်းကြောင့်တည်း။ ရှည်မြင့်စွာသော ကာလပတ်လုံး ထက်မြက်သောဆင်းရဲအမျိုးမျိုးကို အဖန် ဖန် အထပ်ထပ် ခံစားခဲ့ရလေပြီ။ သင်္ချိုင်းမြေကို တိုးပွားလှစေခဲ့ရပြီ။ ထို့ကြောင့် သင်္ခါရတရားအားလုံးတို့၌ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့ဖြင့် သံသရာ ဆင်းရဲဒုက္ခအပေါင်းက လွတ်မြောက်အောင် အားထုတ်သင့်ပေပြီ” အစရှိသည်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ များစွာ ပါရှိပါသည်။ [၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ, အဉ္ဇလိကရဏီယ, အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ဥဘတော ဘာဂဝိမုတ္တ, ပညာဝိမုတ္တ, ကာယသက္ခီ, ဒိဋ္ဌိပ္ပတ္တ, သဒ္ဓါဝိမုတ္တ, ဓမ္မာနုသာရီ, သဒ္ဓါနုသာရီ-ဟူသော ပုဂ္ဂိုလ် (၅)ယောက်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၄] ဘုရားရှင် ကောလိယဇနပုဒ် ကောလိယနိဂုံး ကက္ကရပတ္တရွာ၌ သီတင်းသုံးတော်မူနေစဉ် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ, အဉ္ဇလိကရဏီယ, အနုတ္တရံ ပုညက္ခေတ္တံ လောကဿဖြစ်သော အရိယာပုဂ္ဂိုလ် (၈)ယောက်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅] ဘုရားရှင် ကက္ကရပတ္တရွာ၌ သီတင်းသုံးနေတော်မူစဉ် အထက်သုတ်တော် အတိုင်း အရိယာပုဂ္ဂိုလ် (၈)ယောက်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၆] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် အထက်သုတ်တော်အတိုင်း အရိယာပုဂ္ဂိုလ် (၈)ယောက်၌ သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပုထုဇဉ်ပုဂ္ဂိုလ်ထည့်၍ အရိယာပုဂ္ဂိုလ် (၉)ယောက်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia