မဟာတဏှာသင်္ခယသုတ်

ဘုရားရှင် ကောလသနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် တံငါသည်၏သား သာတိရဟန်းအား “ဝိညာဉ်သည်သာလျှင် ဤဘဝမှ ထိုဘဝသို့ပြောင်းရွှေ့၏။ လူးလာတုံ့ခေါက် အပြန်ပြန်အလှန်လှန် ပြောင်းရွှေ့နေ၏၊ ဝိညာဉ်မှတစ်ပါး အခြား ပြောင်းရွှေ့နေသောတရားမရှိ-ဟု မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားတော်အတိုင်း ငါသိ၏”ဟု ယုတ်ညံ့သော (သဿတဒိဋ္ဌိ) မိစ္ဆာအယူဖြစ် နေသည်။

ထိုအကြောင်းကို သမ္ဗဟုလရဟန်းတို့ ကြားသိကြကုန်သည်ရှိသော် သာတိ ရဟန်းထံ လာရောက်ကြပြီးလျှင် သာတိရဟန်းကို မေးမြန်းစိစစ်ဝန်ခံစေကြကုန်ပြီး “ငါ့ရှင်သာတိ၊ ဤသို့မပြောဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲခြင်းသည်ကောင်းလှပါ၏။ မြတ်စွာဘုရားသည် သင်ပြောဆိုသလို ဟောတော်မမူသည်သာ။ ငါ့ရှင်သာတိ၊ များစွာသောအကြောင်းပရိယာယ် နည်းဥပါယ်ဖြင့် ဝိညာဉ်သည် အကြောင်းတရားကိုစွဲ၍ဖြစ်ပေါ်လာ၏။ အကြောင်းတရားကို ကြဉ်ဖယ်ထား၍ ဝိညာဉ်၏ဖြစ်ခြင်းသည်မရှိဟု မြတ်စွာဘုရားဟောကြားတော်မူ အပ်၏”ဟု ပြောကြားကြလေသည်။

သာတိရဟန်းက မိမိ၏ (သဿတဝိညာဏဝါဒ) မိစ္ဆာအယူကို မစွန့်လွှတ်ဘဲ စွဲမြဲစွာပြောဆိုနေသဖြင့် မတတ်နိုင်သည့်အဆုံး ဘုရားရှင်ထံသွားရောက်ကြပြီး ထိုအကြောင်းကို ဘုရားရှင်အားလျှောက်ထားကြပါသည်။ ဘုရားရှင်က ရဟန်း တစ်ပါးကို သာတိရဟန်းအား အခေါ်လွှတ်တော်မူပြီး ရောက်လာသည့်အခါ သာတိ ရဟန်းအား မေးမြန်းစိစစ်တော်မူပါသည်။ သာတိရဟန်းက မိမိ၏(သဿတဝိညာဏ) ဝါဒကို လျှောက်ထားဝန်ခံပါသည်။

ဘုရားရှင် -ထိုဝိညာဉ်သည် အဘယ်ဝိညာဉ်နည်း။

သာတိ -မြတ်စွာဘုရား-ပြောဆိုတတ်၊ ခံစားတတ်၊ ထိုထိုဘဝတို့၌ ကုသိုလ်ကံ၊ အကုသိုလ်ကံ၏အကျိုးကို ခံစားတတ်သောဝိညာဉ်ပါတည်း။

ဘုရားရှင် -မောဃပုရိသ-သင်သည် ငါဘုရား အဘယ်သူအား ဤသို့ သင်လျှောက်ထားသလို ဟောကြားတော်မူအပ်သောတရားတော်ကို သင် သိထားသနည်း၊ မောဃပုရိသ ငါဘုရားသည် တစ်ပါးမက များလှ သွယ်သွယ် အကြောင်းပရိယာယ်နည်းဥပါယ်အားဖြင့် ဝိညာဉ်သည် အကြောင်းကြောင့်ဖြစ်ပေါ်လာ၏။ အကြောင်းကိုကြဉ်ဖယ်ထားပြီး ဝိညာဉ်၏ဖြစ်ခြင်းသည်မရှိဟု ငါဘုရားဟောကြားတော်မူ၏။ မောဃ ပုရိသ သင်သည် ကိုယ်တိုင်မှားယွင်းစွာယူအပ်သော မိစ္ဆာအယူဖြင့် ငါဘုရားကို စွပ်စွဲဘိ၏။ မိမိ၏ကုသိုလ်မူလကိုလည်း တူးဖြိုဘိ၏။ မောဃပုရိသ သင်၏ ထိုမိစ္ဆာအယူသည် သင့်အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ဆင်းရဲခြင်းငှာ ဖြစ်လိမ့်လတ္တံ့။

ဘုရားရှင် -ရဟန်းတို့ တံငါသည်၏သား ဤသာတိရဟန်းသည် ဤဓမ္မဝိနယသာသနာတော်၌ ဉာဏ်အငွေ့အသက်မျှ ရှိသေး၏လော့။

ရဟန်းများ -ဘယ်မှာရှိပါတော့မည်နည်း? မရှိတော့ပါမြတ်စွာဘုရား၊ ဤသို့ ဘုရားရှင်က မိန့်တော်မူအပ်သည်ရှိသော် တံငါသည်၏သား သာတိ ရဟန်းသည် ငြိမ်သက်တိတ်ဆိတ်စွာဖြင့် မျက်နှာပျက် လည်ဂုတ် ကျိုးကျ မျက်နှာငုံ့ ကြံမှိုင်လျက် ပြောဆိုဖို့ရန် ဉာဏ်ထင်မြင်မှုမရှိတော့ဘဲ ထိုင်လျက်သာနေပါတော့သည်။

ဘုရားရှင် -မောဃပုရိသ သင်သည် မိမိ၏ယုတ်မာသော မိစ္ဆာအယူဖြင့် ထင်ရှားပေလိမ့်မည်။

မြတ်စွာဘုရားသည် တံငါသည်သား သာတိရဟန်း၏ မိစ္ဆာအယူဖြင့် သာတိ ရဟန်းကိုကဲ့ရဲ့တော်မူပြီး မိမိဟောတော်မူသည့်အတိုင်း ဝိညာဉ်နှင့်စပ်သောအကြောင်းကို လျှောက်ထားကြသော သမ္ဗဟုလရဟန်းတို့ကို ချီးမွမ်းတော်မူပါသည်။

“ရဟန်းတို့ အကြောင်းတရားကိုစွဲ၍ ဖြစ်ပေါ်လာသောဝိညာဏ်၏ ထိုထို အကြောင်းကိုစွဲ၍ ဝိညာဏ်ဟူ၍ ခေါ်ဆိုအပ်၏။

-စက္ခုပသာဒနှင့် ရူပါရုံကိုစွဲ၍ ဖြစ်ပေါ်လာသောဝိညာဏ်ကို “စက္ခုဝိညာဏ်။

-သောတပသာဒနှင့် သဒ္ဒါရုံကိုစွဲ၍ ဖြစ်ပေါ်လာသောဝိညာဏ်ကို “သောတဝိညာဏ်။

-ဃာနပသာဒနှင့် ဂန္ဓာရုံကိုစွဲ၍ ဖြစ်ပေါ်လာသောဝိညာဏ်ကို ဃာနဝိညာဏ်။

-ဇိဝှါပသာဒနှင့် ရသာရုံကိုစွဲ၍ ဖြစ်ပေါ်လာသောဝိညာဏ်ကို “ဇိဝှါဝိညာဏ်”။

-ကာယပသာဒနှင့် ဖောဋ္ဌဗ္ဗာရုံကိုစွဲ၍ ဖြစ်ပေါ်လာသောဝိညာဏ်ကို “ကာယဝိညာဏ်”။

-အာဝဇ္ဇန်းနှင့်တကွ ဘဝင်စိတ်နှင့် သဘာဝဓမ္မတို့ကိုစွဲ၍ ဖြစ်ပေါ်လာသော ဝိညာဏ်ကို “မနောဝိညာဏ်”။ ဟူ၍ခေါ်ဝေါ်ရ၏။

ထင်းကိုအကြောင်းပြု၍ဖြစ်သော မီးကို “ထင်းမီး၊ ဝါးခြမ်းစိတ်ကိုအကြောင်း ပြု၍ဖြစ်သောမီးကို “ဝါးခြမ်းစိတ်မီး၊ မြက်ကိုအကြောင်းပြု၍ဖြစ်သောမီးကို “မြက်မီး၊ နွားချေးကိုအကြောင်းပြု၍ဖြစ်သောမီးကို “နွားချေးမီး၊ ဖွဲကိုအကြောင်းပြု၍ဖြစ်သော မီးကို “ဖွဲမီးဟု ခေါ်ဝေါ်ရသကဲ့သို့ ထို့အတူ စက္ခုပသာဒ ရူပါရုံကိုအကြောင်းပြု၍ ဖြစ်သော ဝိညာဏ်ကို “စက္ခုဝိညာဏ် ... မနောဝိညာဏ်”ဟူ၍သာလျှင် ခေါ်ဝေါ် ရ၏။

ဘုရားရှင် -ရဟန်းတို့၊ ဤခန္ဓာသည် ဖြစ်ပေါ်လာ၏ဟု ရှုမြင်ကြသလော အစရှိသည်ဖြင့် ခန္ဓာသည် အာဟာရကြောင့်ဖြစ်ပေါ်လာပုံ အာဟာရ ချုပ်ခြင်းကြောင့် ခန္ဓာကိုယ်ချုပ်ခြင်းသဘောရှိပုံ၊ ထိုနှင့်ဆက်စပ်၍ ဝိစိကိစ္ဆာဖြစ်ပုံ၊ ခန္ဓာကိုယ်၏ချုပ်ခြင်း သဘာဝအမှန်ကိုသိမြင်လျှင် ဝိစိကိစ္ဆာပျောက်ပုံ၊ ခန္ဓာကိုယ်၏ ဖြစ်ကြောင်းသဘောမှန်, ချုပ်ခြင်းသဘောမှန်ကို ဉာဏ်ပညာဖြင့် ကောင်းစွာရှုမြင်သော စင်ကြယ်သန့်ရှင်းသောအယူမှန်ကို (တဏှာဒိဋ္ဌိတို့ဖြင့်)မကပ်ငြိတော့၊ မမြူးတူး မယုယတော့ ဥစ္စာပစ္စည်းကဲ့သို့ မမက်မောတော့၊ ငါ့ဥစ္စာဟု မမြတ်နိုးတော့ပုံ ငါဘုရားဟောကြားတော်မူအပ်သာ ဖောင်နှင့်တူသောတရားတော်ကို သံသရာဝဋ်ဆင်းရဲမှ ကူးမြောက်ခြင်းအကျိုးရှိသည်ကို ကွဲကွဲပြားပြားသိကြကုန်လော့။

ဖြစ်ပြီးသောသတ္တဝါတို့ တည်တံ့ခြင်းငှာ ဖြစ်ဆဲသတ္တဝါတို့ကိုထောက်ပံ့ခြင်းငှာ အာဟာရလေးမျိုးရှိပုံ၊ အာဟာရလေးမျိုးတို့သည် တဏှာလျှင်ဖြစ်ကြောင်းရှိပုံ၊ တဏှာဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာပုံ တဏှာလျှင် အမွန်အစရှိ၊ တဏှာသည် ဝေဒနာဟူသောအကြောင်းရှိပုံ၊ ဝေဒနာကြောင့်ဖြစ်ပေါ်လာပုံ၊ ဝေဒနာလျှင် အမွန်အစဖြစ်ပုံမှအစပြု၍-သင်္ခါရတို့သည် အဝိဇ္ဇာဟူသော အကြောင်းရှိပုံ၊ အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်ဖြစ်ပုံ အဝိဇ္ဇာလျှင် အမွန်အစရှိပုံ၊ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံ ... ဆင်းရဲအစုဖြစ်ပေါ်လာပုံ ပဋိစ္စသမုပ္ပါဒ (အနုလောမ)ဒေသနာတော်ကို ဟောတော်မူပါသည်။

-ဇာတိ ဇရာ မရဏမှ -အဝိဇ္ဇာပစ္စယာအထိဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ (အနုလောမ)ဒေသနာတော်ကို ဟောတော်မူပါသည်။

-ရဟန်းတို့ ဤသို့လျှင် သင်တို့သည် မှန်ကန်စွာလျှောက်ထားကြကုန်၏။ ငါဘုရားသည်လည်း မှန်ကန်စွာဟောကြားတော်မူ၏။ ဤအကြောင်းတရားရှိလျှင် ဤအကျိုးတရားဖြစ်၏။ ဤအကြောင်းတရားဖြစ်ခြင်းကြောင့် ဤအကျိုးတရားဖြစ်၏ ဟု မိန့်တော်မူပြီး အဝိဇ္ဇာပစ္စယာမှ အစပြု ပဋိစ္စသမုပ္ပါဒ(အနုလောမ) ဒေသနာတော်ကို ဟောတော်မူပါသည်။

-ဆက်၍ ပဋိစ္စသမုပ္ပါဒ (ပဋိလောမ) ဒေသနာတော်ကို ဟောတော်မူပါသည်။ “ဇာတိနိရောဓာ ဇရာ မရဏနိရောဓောမှ အစပြု၍ အဝိဇ္ဇာနိရောဓာ သင်္ခါရ နိရောဓော”တိုင်အောင် ပဋိစ္စသမုပ္ပါဒ (ပဋိလောမ) ဒေသနာတော်ကို ဟောတော်မူပါသည်။

ရဟန်းတို့၊ သင်တို့သည် ဤသို့လျှင် ကောင်းမွန်မှန်ကန်စွာ ဤစကားကို လျှောက်ထားကြကုန်၏။ ငါဘုရားသည် ဤသို့ တရားတော်ကို ကောင်းမွန်မှန်ကန်စွာ ဟောကြားတော်မူ၏။ ဤအကြောင်းတရားမရှိခြင်းကြောင့် ဤအကျိုးတရားသည်မရှိ။ ဤ အကြောင်းတရားချုပ်ခြင်းကြောင့် ဤအကျိုးတရားချုပ်၏-ဟု မိန့်တော်မူပြီး အဝိဇ္ဇာ နိရောဓာ-မှစ၍ ပဋိစ္စသမုပ္ပါဒ (ပဋိလောမ) ဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ရဟန်းတို့ ဤသို့ သိကြ မြင်ကြကုန်သည်ရှိသော် အတိတ်အဖို့အစု၌ ယုံမှားခြင်းငါးပါး၊ အနာဂတ်အဖို့အစု၌ ယုံမှားခြင်းငါးပါး၊ ပစ္စုပ္ပန်အဖို့အစု၌ ယုံမှားခြင်း ခြောက်ပါးတို့ မဖြစ်တော့ပုံ၊ မြတ်စွာဘုရားသည် ငါတို့အလေးအမြတ်ပြုအပ်သော ပုဂ္ဂိုလ်၊ မြတ်စွာဘုရားကို ရိုသေသောအားဖြင့် ဤသို့ပြောဆိုရ၏ဟု မပြောကြားကြကုန်။ ရဟန်းသည် ဤသို့ပြောဆို၏။ သမဏမည်ကြသော ငါတို့လည်း ဤသို့ ပြောကြားကြကုန်၏-ဟု မပြောကြကုန်။ ဘုရားရှင်မှတစ်ပါးသောဆရာကို ငါတို့ ဆရာဟု မညွှန်ပြကြတော့ကုန်။ များစွာကုန်သော သမဏ ဗြာဟ္မဏတို့၏ ကောတူဟလမင်္ဂလာတို့ကို အနှစ်သာရအားဖြင့် တစ်ဖန် မယူကြတော့ကုန်။ ကိုယ်တိုင်သိအပ် မြင်အပ် ထူးထူးခြားခြားသိမြင်အပ်သည်ကိုသာ ပြောကြကုန်၏။ ဤသဘာဝဓမ္မတို့ကိုအကြောင်းပြု၍ သွာက္ခာတ-အစရှိသော ဓမ္မဂုဏ်ရည်ခြောက်မျိုးတို့ကို ဟောကြားတော်မူပုံ။

ကိုယ်ဝန်တည်ခြင်း အကြောင်းသုံးမျိုးနှင့် ကြီးစွာသောယုံမှားခြင်းတို့ဖြင့် မွေးဖွားခဲ့ပုံ။ မိခင်သည် မိမိ၏သွေးဖြင့် သူငယ်ကိုတိုက်ကြွေးခဲ့ပုံ။ တဖြည်းဖြည်း ကြီးပြင်းလာပုံ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော ကာမဂုဏ်ငါးပါးတို့ကို ခံစားနေပုံ။ ချစ်နှစ်သက်သောသဘောရှိသော အာရုံ၌ ပြင်းထန်စွာတပ်မက်၏။ မချစ်ခင် မနှစ်သက်သောအာရုံ၌ ဒေါသစိတ်ဖြစ်၏။ ကာယဂတာသတိ မထင်ဘဲ သေးသိမ်သောစိတ်ဖြင့်နေ၏။ ယုတ်ညံ့သောအကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်း ရာဖြစ်သော လွတ်မြောက်သောစိတ်နှင့် လွတ်မြောက်သောပညာကိုလည်း အမှန် အတိုင်း ခွဲခြား၍မသိ။ ထိုသူသည် ဤသို့လျှင် အာရုံနှင့်လိုက်လျောခြင်း၊ အာရုံနှင့် ဆန့်ကျင်ခြင်းသို့ရောက်လျက် သုခသော်လည်းဖြစ်သော၊ ဒုက္ခသော်လည်းဖြစ်သော၊ အဒုက္ခမသုခသော်လည်းဖြစ်သော ဝေဒနာတစ်မျိုးမျိုးကိုခံစား၏။ ထိုသူသည် ခံစား ရခြင်းကို နှစ်သက်၏။ အားရပါးရပြောဆို၏။ သက်ဝင်စွဲလမ်း၍တည်၏။ ထိုဝေဒနာကို အလွန်အကဲနှစ်သက်၊ အားရပါးရပြောဆို သက်ဝင်စွဲလမ်းနေသော ထိုသူအား နှစ်သက်မှုဖြစ်၏။ ဝေဒနာတို့၌ နှစ်သက်စွဲလမ်းမှုသည် ဥပါဒါန်မည်၏။ ထိုသူအား ဥပါဒါန်ကြောင့်ဘဝ၊ ဘဝကြောင့်ဇာတိ-ချမ်းသာမဖက် ဆင်းရဲသက်သက်ဖြစ်၏ဟု ပဋိစ္စသမုပ္ပါဒ အနုလောမဒေသနာ(နောက်ပိုင်း)ကို ဟောတော်မူပါသည်။

ဤလောက၌ အရဟံ အစရှိသော ဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံတော်မူသော ဘုရားရှင်ဖြစ်ပွင့်တော်မူပုံ နတ်ဗြဟ္မာနှင့်တကွသော ဩကာသလောက၊ မင်း သမဏ ဗြာဟ္မဏများနှင့်တကွသော သတ္တလောကကို ထူးသောဉာဏ်ဖြင့် သိမြင်တော်မူ၍ ဟောကြားတော်မူပုံ၊ အာဒိကလျာဏ၊ မဇ္ဈကလျာဏ၊ ပရိယောသာနကလျာဏ၊ သတ္ထ-သဗျဉ္ဇနဖြစ်သော ပရိယတ်တရားတော်နှင့် ကေဝလပရိပုဏ္ဏ၊ ပရိသုဒ္ဓဖြစ်သော ဗြဟ္မစရိယကို ဟောကြားတော်မူပုံ။

သူကြွယ်၊ သူကြွယ်၏သား၊ တစ်ပါးပါးသောအမျိုး၌ဖြစ်သောသူသည် ထိုတရားတော်ကို နာယူရခြင်းကြောင့် သဒ္ဓါတရားဖြစ်ပေါ်လာပုံမှအစပြု၍-သာမညဖ သုတ် ဒေသနာတော်အတိုင်း စတုတ္ထဈာန်ရသည်အထိ ဟောတော်မူပါသည်။

ထိုရဟန်းသည် ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးတို့၌ ပိယရူပ၊ အပ္ပိယရူပတို့၌ အလွန်အကဲ သာယာတပ်မက်မှု၊ ဒေါသဖြစ်မှုမရှိတော့ချေ။ သတိထင်လျက် အတိုင်းအရှည်မရှိသောစိတ်ဖြစ်နေ၏။ ယုတ်မာသောအကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ရာ စေတောဝိမုတ္တိ ပညာဝိမုတ္တိကို အမှန်အတိုင်းသိလေ၏။ သုခ၊ ဒုက္ခ၊ အဒုက္ခမသုခ ဝေဒနာတစ်မျိုးမျိုးကို ခံစားရသော်လည်း လွန်လွန်ကဲကဲမနှစ်သက်၊ အားရပါးရ မပြောဆိုတော့။ ယင်းဝေဒနာတို့၌ နှစ်သက်မှုတဏှာချုပ်၏၊ တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏ ... ဆင်းရဲအစုချုပ်လေတော့၏။ အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောတော်မူ၏။

ဤသို့လျှင် ဓမ္မ၏အကြောင်းအကျိုးဆက်သွယ်၍ဖြစ်ပုံ၊ ချုပ်ပုံတစ်ပါးစီ တစ်ပါးစီကို ရဟန်းတို့အား မေးမြန်းဖြေဆိုစေတော်မူပြီး အကျယ်အားဖြင့် ရှင်းလင်း ဝေဖန်၍ ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ အကျယ်ဖွင့်ဆိုချက်များရှိပါသည်။ [][]

မဟာတဏှာသင်္ခယသုတ္တန် ကောက်နုတ်ချက်နှင့် ရှင်းလင်းချက်

မဟာတဏှာသင်္ခယသုတ္တန်မှ ကောက်နုတ်ချက်နှင့် အဋ္ဌကထာ၊ ဋီကာ ဖွင့်ဆိုချက်များသည် ဗုဒ္ဓတရားတော်၏ အခြေခံအကျဆုံးနှင့် အနက်နဲဆုံး အယူအဆဖြစ်သော "အရှိကို အရှိအတိုင်း သိမြင်ခြင်း" (ဘူတံ ဘူတတော ပဿတိ) ၏ အဓိပ္ပါယ်ကို ရှင်းလင်းဖော်ပြနေပါသည်။

သုတ္တန်၏ အဓိက အမေးအဖြေ (မ၊၁၊၃၂၆)

ဤသုတ္တန်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အခြေခံ၍ အဆင့်ဆင့် မေးမြန်းတော်မူခဲ့ပါသည်-

၁။ ပထမအမေး: "ရဟန်းတို့၊ ဤ (ခန္ဓာငါးပါးတရားအပေါင်း) သည် အကြောင်းတရားတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာသော တရားဖြစ်သည် (ဘူတမိဒံ) ဟု သင်တို့သိမြင်ကြပါသလော။"

  • ရဟန်းတို့၏အဖြေ: "အရှင်ဘုရား၊ သိမြင်ကြပါကုန်၏။"
  • အဓိပ္ပါယ်: ခန္ဓာငါးပါးသည် အလိုအလျောက်ဖြစ်ပေါ်လာခြင်းမဟုတ်၊ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားဖြစ်ကြောင်း ဝန်ခံခြင်းဖြစ်သည်။ "ဘူတ" ဟူသည် အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသော ခန္ဓာငါးပါးကို ဆိုလိုသည်။

၂။ ဒုတိယအမေး: "ရဟန်းတို့၊ ထိုသို့ဖြစ်ပေါ်လာသော ခန္ဓာငါးပါးသည် အာဟာရ (အကြောင်းတရား) ကြောင့် ဖြစ်ပေါ်လာသည် (တဒါဟာရသမ္ဘဝံ) ဟု သင်တို့သိမြင်ကြပါသလော။"

  • ရဟန်းတို့၏အဖြေ: "အရှင်ဘုရား၊ သိမြင်ကြပါကုန်၏။"
  • အဓိပ္ပါယ်: ဤ၌ "အာဟာရ" ဆိုသည်မှာ "ပစ္စယ" (အကြောင်းတရား) နှင့် အဓိပ္ပါယ်တူသည်။ ခန္ဓာငါးပါး၏ ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ စသော အကြောင်းတရားများ ရှိနေခြင်းကြောင့်သာ ဖြစ်ရကြောင်းကို သိမြင်ခြင်းဖြစ်သည်။

၃။ တတိယအမေး: "ရဟန်းတို့၊ ထိုအကြောင်းတရားများ၏ ချုပ်ငြိမ်းခြင်း (တဒါဟာရနိရောဓာ) ကြောင့် ထိုဖြစ်ပေါ်လာပြီးသော ခန္ဓာငါးပါးသည်လည်း ချုပ်ငြိမ်းခြင်းသဘောရှိသည် (နိရောဓဓမ္မံ) ဟု သင်တို့သိမြင်ကြပါသလော။"

  • ရဟန်းတို့၏အဖြေ: "အရှင်ဘုရား၊ သိမြင်ကြပါကုန်၏။"
  • အဓိပ္ပါယ်: ဤချုပ်ငြိမ်းခြင်းသည် သာမန် ခဏတိုင်းဖြစ်ပျက်နေသော "ခဏနိရောဓ" ကို မဆိုလိုပါ။ အရဟတ္တမဂ်ဉာဏ်ဖြင့် အဝိဇ္ဇာ၊ တဏှာ အစရှိသော အကြောင်းတရားတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သည့်အတွက် နောင်တစ်ဖန် ခန္ဓာအသစ် ထပ်မံမဖြစ်ပေါ်တော့သည့် "အနုပ္ပါဒနိရောဓ" (မဖြစ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း) ကို ဆိုလိုသည်။ အကြောင်းချုပ်လျှင် အကျိုးချုပ်သည့် သဘောကို သိမြင်ခြင်းဖြစ်သည်။

"ဘူတံ ဘူတတော ပဿတိ - အရှိကို အရှိအတိုင်း သိမြင်ခြင်း" ၏ အဓိပ္ပါယ်အကျယ်

အထက်ပါ သုတ္တန်ဒေသနာကို အခြေခံ၍ "အရှိကို အရှိအတိုင်း သိမြင်ခြင်း" ဆိုသည်မှာ သာမန်မျက်စိဖြင့်မြင်ခြင်း သို့မဟုတ် ပစ္စုပ္ပန်ကို သတိထားရုံမျှသာ မဟုတ်ဘဲ၊ သစ္စာလေးပါးတရားတော်ကို ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ခြင်းကို ဆိုလိုကြောင်း ဖွင့်ဆိုထားပါသည်။

၁။ ဒုက္ခသစ္စာကို သိမြင်ခြင်း: ကာလသုံးပါး (အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်)၊ အဇ္ဈတ္တ-ဗဟိဒ္ဓ စသော (၁၁) မျိုးသော အခြင်းအရာဖြင့် တည်ရှိသော တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာဖြစ်သည့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခအမှန်ဖြစ်ကြောင်းကို ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ဖြင့် သိမြင်ခြင်း။

၂။ သမုဒယသစ္စာကို သိမြင်ခြင်း: ပစ္စုပ္ပန်ခန္ဓာငါးပါး၏ အကြောင်းရင်းဖြစ်သော အတိတ်က အဝိဇ္ဇာ၊ တဏှာ၊ ကံ စသော အကြောင်းတရား (သမုဒယ) တို့ကို သိမြင်ခြင်း။ ထို့အတူ အနာဂတ်ခန္ဓာ၏ အကြောင်းဖြစ်သော ပစ္စုပ္ပန်ဘဝ၌ ပြုလုပ်နေသည့် အဝိဇ္ဇာ၊ တဏှာ၊ ကံ တို့ကို သိမြင်ခြင်း။ ဤသည်မှာ "အကြောင်းကြောင့် အကျိုးဖြစ်ပုံ" (ဥဒယဒဿန) ကို မြင်ခြင်းဖြစ်သည်။

၃။ သင်္ခါရတရားတို့၏ လက္ခဏာကို သိမြင်ခြင်း: အကြောင်း-အကျိုးဖြစ်သော သင်္ခါရတရား (ရုပ်နာမ်) တို့၏ ဖြစ်ခြင်း-ပျက်ခြင်းကိုလည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာကိုလည်းကောင်း ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ဖြင့် သိမြင်ခြင်း။

၄။ နိရောဓသစ္စာကို သိမြင်ခြင်း:

  • လောကီအားဖြင့်: အကြောင်းဖြစ်သော သမုဒယတရားတို့ ချုပ်လျှင် အကျိုးဖြစ်သော ဒုက္ခတရားတို့ ချုပ်ငြိမ်းပုံ (ဝယဒဿန) ကို သိမြင်ခြင်း။
  • လောကုတ္တရာအားဖြင့်: အရိယမဂ်ဉာဏ်ဖြင့် အသင်္ခတဓာတ်ဖြစ်သော နိဗ္ဗာန်ကို အာရုံပြု၍ တိုက်ရိုက်သိမြင်ခြင်း (အာရမ္မဏပဋိဝေဓ)။

၅။ မဂ္ဂသစ္စာကို သိမြင်ခြင်း:

  • လောကီအားဖြင့်: မိမိရှုပွားနေသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော မဂ္ဂင်တရား (သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စသည်) တို့ကို လောကီမဂ္ဂသစ္စာအဖြစ် သိမြင်ခြင်း။
  • လောကုတ္တရာအားဖြင့်: အရိယမဂ်ဉာဏ်နှင့် ယှဉ်သော မဂ္ဂင် (၈) ပါးကို မဂ္ဂသစ္စာအမှန်အဖြစ် ထိုးထွင်းသိမြင်ခြင်း (အသမ္မောဟပဋိဝေဓ)။

နိဂုံးချုပ်

ထို့ကြောင့် မဟာတဏှာသင်္ခယသုတ္တန်၌ ဟောကြားသော "ဘူတံ ဘူတတော ပဿတိ - အရှိကို အရှိအတိုင်း သိမြင်ခြင်း" ဟူသော ဒေသနာတော်သည်-

  • ပစ္စုပ္ပန်သက်သက်ကိုသာ ရှုရန် ညွှန်ကြားသော တရားမဟုတ်ပါ။
  • ကာလသုံးပါးအတွင်း၌ အကြောင်းတရား (သမုဒယ) နှင့် အကျိုးတရား (ဒုက္ခ) တို့၏ အပြန်အလှန် ဆက်စပ်ဖြစ်ပေါ်နေပုံ (ပဋိစ္စသမုပ္ပါဒ်) ကို သိမြင်ရန် ညွှန်ကြားသော တရားဖြစ်သည်။
  • ထိုအကြောင်းအကျိုးတရားတို့၏ သဘာဝလက္ခဏာ (ဖြစ်ပျက်) နှင့် သာမညလက္ခဏာ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) တို့ကို ထွင်းဖောက်သိမြင်ရန် ညွှန်ကြားသော တရားဖြစ်သည်။
  • အဆုံးစွန်အားဖြင့် လောကီ-လောကုတ္တရာ သစ္စာလေးပါးတရားတော်ကို အလုံးစုံသိမြင်၍ အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုသည်အထိ ဝိပဿနာပညာ၊ အရိယမဂ္ဂပညာတို့ဖြင့် ရှုမြင်ရန် ညွှန်ကြားတော်မူသော အလွန်နက်နဲသည့် ဒေသနာတော်ဖြစ်သည်ဟု မှတ်သားနာယူသင့်ပါသည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. -မ၊၁၊၃၂၃-၃၃၈။ မ၊မြန်၊၃၊၃၃၀-၃၄၉။ မ၊ဋ္ဌ၊၂၊၂၀၅-၂၁၁။ မ၊ဋီ၊၂၊၂၂၂-၉။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၄-မဟာယမကဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ - ဖားအောက်တောရဆရာတော်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya