မဟာပဉှာသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ရဟန်းတော်များ သာဝတ္ထိမြို့ဆွမ်းခံမဝင်မီ တိတ္ထိတို့ကျောင်းသို့ အချိန်စောနေသေး၍ ခေတ္တဝင် ရောက်စဉ် တိတ္ထိတို့က “ငါ့ရှင်တို့၊ ရဟန်းဂေါတမသည် သာဝကတို့အား ရဟန်းတို့၊ သင်တို့သည် အလုံးစုံသောဓမ္မကို ထူးသောဉာဏ်ဖြင့် သိကြကုန်လော့၊ အလုံးစုံသောဓမ္မကို ထူးသောဉာဏ်ဖြင့်သိ၍ နေကြကုန်လော့”ဟု တရားဟောတော်မူ၏။ ငါတို့သည်လည်း သာဝကတို့အား ဤသို့ပင်ဟောကြကုန်၏။ ရဟန်းဂေါတမနှင့် ငါတို့ အတူတူပင်ဖြစ်ကုန်၏။ ထူးခြားမှုမရှိကြကုန်ဟု ပြောဆိုကြကုန်၏။ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံဝင်ကြ ဆွမ်းဘုဉ်းပေးကြကုန်ပြီးသော ထိုရဟန်းတို့သည် ဘုရားရှင်ထံချဉ်းကပ်ကြပြီး ထိုစကားကိုလျှောက်ထားကြကုန်၏။ ရဟန်းတို့ ဤသို့ပြောဆိုကြကုန်သော အညတိတ္ထိယ ပရိဗ္ဗာဇကတို့ကို ဤသို့ ပြောဆိုရမည် ငါ့ရှင်တို့။ ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု၊ ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု၊ ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု၊ ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု၊ ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု၊ ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု၊ ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု၊ ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု၊ ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု၊ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခုသည် အဘယ်နည်းဟု မေးမြန်းပြောဆိုရမည်။ ရဟန်းတို့ အညတိတ္ထိယ ပရိဗ္ဗာဇကတို့သည် ဤသို့အမေးခံကြရသည်ရှိသော် ကျကျနနဖြေဆိုနိုင်ကြလိမ့်မည်မဟုတ်ကုန်၊ အလွန်ပင်ပန်း ခြင်းသို့လည်း ရောက်ကြကုန်လိမ့်မည်။ အရာမဟုတ်သောကြောင့် ဤသို့ဖြစ်ကြ ရသည်။ ရဟန်းတို့ ဩကာသလောက၊ သတ္တလောက၌ မြတ်စွာဘုရား၊ မြတ်စွာဘုရား၏တပည့်၊ ဤသာသနာတော်၌ ကြားနာရ၍ ဖြေဆိုနိုင်သူမှတစ်ပါး ဤ ပြဿနာကိုဖြေဆိုခြင်းဖြင့် စိတ်ကျေနပ်စေနိုင်သူတစ်ယောက်မျှမမြင်ဟု မိန့်တော် မူပါသည်။ (၁) ရဟန်းတို့ “သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏။ ဤအာဟာရတရားတစ်ခု၌ ရဟန်းသည် ကောင်းစွာငြီးငွေ့၊ ကောင်းစွာတပ်မက်မှု ကင်း၊ ကောင်းစွာလွတ်မြောက်, အဆုံးအပိုင်းအခြားကို ကောင်းစွာရှူလေ့ရှိ၍ အနက် သဘောကို ကောင်းစွာသိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကိုပြု၏။ ပြဿနာ တစ်ခု၊ ရည်ညွှန်းချက်တစ်ခု၊ ဖြေဆိုချက်တစ်ခု-ဟူသည် ဤသည်ကိုစွဲ၍ဆိုအပ်၏။ (၂) ပြဿနာနှစ်ခု၊ ရည်ညွှန်းချက်နှစ်ခု၊ ခြေဆိုချက်နှစ်ခုဟူသည် နာမ်နှင့်ရုပ်တည်း။ (၃) ပြဿနာသုံးခု-ဟူသည် “ဝေဒနာသုံးပါးတို့တည်း။ (၄) ပြဿနာလေးခု-ဟူသည် “အာဟာရလေးပါး” တို့တည်း။ (၅) ပြဿနာငါးခု-ဟူသည် “ဥပါဒါနက္ခန္ဓာငါးပါး”တို့တည်း။ (၆) ပြဿနာခြောက်ခု-ဟူသည် “အဇ္ဈတ္တိကာယတနခြောက်ပါး”တို့တည်း။ (၇) ပြဿနာခုနစ်ခု-ဟူသည် “ဝိညာဏဋ္ဌိတိခုနစ်ပါး”တို့တည်း။ (၈) ပြဿနာရှစ်ခု-ဟူသည် “လောကဓမ္မရှစ်ပါး”တို့တည်း။ (၉) ပြဿနာကိုးခု-ဟူသည် “သတ္တာဝါသကိုးပါး” တို့တည်း။ (၁၀) ပြဿနာဆယ်ခု-ဟူသည် “အကုသလကမ္မပထဆယ်ပါး”တို့တည်းဟု ပြဿနာတစ်ခု ဒေသနာတော်အတိုင်း ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂] ဘုရားရှင် ကဇင်္ဂလမြို့အနီး ဝါးတော၌ သီတင်းသုံးတော်မူနေစဉ်ကဇင်္ဂလကမြို့သား ဥပါသကာတို့သည် ကဇင်္ဂလိကာ ဘိက္ခုနီအား အထက်သုတ် မာတိကာ ၁၀-ပါးတို့ကို မေးလျှောက်ကြပါသည်။ ကဇင်္ဂလိကာဘိက္ခုနီက ဤတရားများကို ဘုရားရှင်ထံ၊ မနောဘာဝနီယ ရဟန်းတော်များထံက မကြားနာခဲ့ဘူးကုန်၊ မိမိဉာဏ်အမြင်ဖြင့် ဟောကြားပါမည်ဟု ပြောဆိုပြီး (၁) ပြဿနာတစ်ခု-ဟူသည် “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” ဖြစ်ပုံ။ (၂) ပြဿနာနှစ်ခု-ဟူသည် “နာမ်နှင့် ရုပ်”။ (၃) ပြဿနာသုံးခု-ဟူသည် “ဝေဒနာသုံးပါး” (၄) ပြဿနာလေးခု-ဟူသည် “သတိပဋ္ဌာန်လေးပါး”။ (၅) ပြဿနာငါးခု-ဟူသည် “ဣန္ဒြေငါးပါး” (၆) ပြဿနာခြောက်ခု-ဟူသည် “နိဿရဏီယဓာတ်ခြောက်ပါး”။ (၇) ပြဿနာခုနစ်ခု-ဟူသည် “ဗောဇ္ဈင်ခုနစ်ပါး”။ (၈) ပြဿနာရှစ်ခု-ဟူသည် “အရိယအဋ္ဌင်္ဂိကမဂ်ရှစ်ပါး”။ (၉) ပြဿနာကိုးခု-ဟူသည် “သတ္တာဝါသကိုးပါး”။ (၁၀) ပြဿနာဆယ်ခု-ဟူသည် “ကုသလကမ္မပထဆယ်ပါး” ဖြစ်ပုံကို ဟောကြားပြီး ဘုရားရှင်ထံလျှောက်ထားပါ။ ဘုရားရှင်မိန့်တော်မူသည့်အတိုင်း မှတ်သားကြပါဟု မိန့်ကြားလေသည်။ ဘုရားရှင်က ဤကဇင်္ဂလိကာ ဘိက္ခုနီဆိုသည့်အတိုင်း မှတ်သားကြရန် မိန့်တော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia