မာလုကျပုတ္တသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အရှင်မာလုကျပုတ္တ၏ လျှောက်ထားချက်အရ -မမြင်အပ်၊ မမြင်ဘူး၊ မြင်ဆဲမဟုတ်၊ မြင်ရလို၏ဟု နှလုံးသွင်းမှုလည်း မရှိကုန်သော (စက္ခုဝိညာဉ်ဖြင့်)သိအပ်သော အဆင်းရူပါရုံ။ -မကြားအပ်၊ မကြားဘူး၊ ကြားဆဲမဟုတ်၊ ကြားလို၏ဟု နှလုံးသွင်းမှုလည်း မရှိကုန်သော (သောတဝိညာဏ်ဖြင့်) ကြားအပ်သော အသံ သဒ္ဒါရုံ။ -မနမ်းရှူအပ်၊ မနမ်းရှူဘူး၊ နမ်းရှူးဆဲမဟုတ်၊ နမ်းရှူလို၏ နှလုံးသွင်းမှု မရှိသော (ဃာနဝိညာဏ်ဖြင့်) သိအပ်ကုန်သော အနံ့ ဂန္ဓာရုံ။ -မလျက်အပ်၊ မလျက်ဘူး၊ လျက်ဆဲမဟုတ်၊ လျက်ရလို၏ဟု နှလုံးသွင်းမှု မရှိသော (ဇိဝှါဝိညာဏ်ဖြင့်) သိအပ်ကုန်သော အရသာ ရသာရုံ။ -မတွေ့ထိအပ်၊ မတွေ့ထိဘူး၊ တွေ့ထိဆဲမဟုတ်၊ တွေ့ထိရလို၏ဟု နှလုံးသွင်းမှုမရှိသော (ကာယဝိညာဏ်ဖြင့်) သိအပ်ကုန်သော အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ၊ -မသိအပ်၊ မသိဘူး၊ သိဆဲမဟုတ်၊ သိလို၏ဟု နှလုံးသွင်းမှုမရှိသော (မနောဝိညာဏ်ဖြင့်) သိအပ်ကုန်သော သဘောတရား ဓမ္မာရုံတို့၌ သင့်အား လိုချင်မှုသော်လည်းကောင်း၊ စွဲမက်မှုသော်လည်းကောင်း၊ ခင်မင်မှုသော်လည်းကောင်း ရှိသလော? မရှိပါမြတ်စွာဘုရား။ မာလုကျပုတ္တ-မြင်အပ်၊ ကြားအပ်၊ တွေ့ထိအပ်၊ သိအပ်ကုန်သော ဤအာရုံ ခြောက်မျိုးတို့၌ မြင်လျှင် မြင်ကာမျှ၊ ကြားလျှင် ကြားကာမျှ၊ တွေ့ထိလျှင် တွေ့ထိ ကာမျှ၊ သိလျှင် သိကာမျှဖြစ်လတ္တံ့။ မြင်အပ်၊ ကြားအပ်၊ တွေ့ထိအပ်၊ သိအပ်သော ထိုအာရုံခြောက်ပါးတို့၌ သင်သည် စွဲမက်ခြင်း၊ အမျက်ထွက်ခြင်း၊ တွေဝေခြင်းမျှ မဖြစ်လတ္တံ့၊ ထိုအာရုံခြောက်ပါးတို့၌ တဏှာဒိဋ္ဌိတို့ဖြင့် ဖွဲ့ယှက်ငြိကပ်၍ မတည်တော့လတ္တံ့။ ထိုအခါ သင်သည် ဤဘဝ၌လည်းမဖြစ်လတ္တံ့၊ တမလွန်ဘဝ၌လည်း မဖြစ်လတ္တံ့၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝတို့၌ မဖြစ်တော့လတ္တံ့၊ မဖြစ်သည်ပင် ဆင်းရဲ၏အဆုံး နိဗ္ဗာန်ပေတည်းဟု ဟောတော်မူပါသည်။ ထိုအခါ မာလုကျပုတ္တသည် မြတ်စွာဘုရားဟောတော်မူအပ်သော အကျဉ်းချုပ် ဒေသနာကို အကျယ်အားဖြင့် မိမိသဘောပေါက် နားလည်ပုံကို ရှင်းလင်းလျှောက်ထားပါသည်။ ဘုရားရှင်က ငါအကျဉ်းချုပ်ဟောတော်မူအပ်သော တရားဒေသနာတော်ကို ဤသို့ပင်မှတ်အပ်၏ဟု မာလုကျပုတ္တ လျှောက်ထားအပ်သော ဒေသနာကို လက်ခံ အတည်ပြုတော်မူပါသည်။ အရှင်မာလုကျပုတ္တသည် ဘုရားရှင်ထံတော်မှ ဖယ်ခွာပြီး တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်ပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ [၂] မာလုကျပုတ္တသုတ်၌ကား သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးကို အမှီပြု၍ တဏှာ ဖြစ်ပေါ်တတ်ကြောင်း, ယင်းတဏှာကို ပယ်နိုင်သူသာ ဒုက္ခအားလုံး ချုပ်ငြိမ်းကြောင်း ဟောတော်မူထားသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia