သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ (အင်္ဂလိပ်: Presidential Electoral College) သည် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ သမ္မတကို ရွေးချယ်တင်မြှောက်သည့် အဖွဲ့ဖြစ်သည်။

ဖွဲ့စည်းပုံ

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။[]

  1. တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ (အမျိုးသားလွှတ်တော်)
  2. မြို့နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ (ပြည်သူ့လွှတ်တော်)
  3. ဖော်ပြပါလွှတ်တော် နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ဖွဲ့စည်းပုံ[]
အစုအဖွဲ့ ကိုယ်စားလှယ်အရေအတွက်
ပြည်သူ့လွှတ်တော်အစုအဖွဲ့ ၃၃၀
အမျိုးသားလွှတ်တော်အစုအဖွဲ့ ၁၆၈
လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၁၆၆
စုစုပေါင်း
၆၆၄

အဆိုပြုခြင်းနှင့် ရွေးချယ်ခြင်း

အစုအဖွဲ့ သုံးခုစီမှ ဒုတိယသမ္မတလောင်း တစ်ဦးစီကို ရွေးချယ် အဆိုပြုရသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်သည်။ မဲအများဆုံး ရရှိသည့် ဒုတိယသမ္မတလောင်းသည် နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ဒုတိယမဲအများဆုံးရရှိသူအား ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ တတိယမဲအများဆုံး ရရှိသူအား ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်သည်။

၂၀၁၁ ခုနှစ်

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဦးသိန်းစိန်အား လည်းကောင်း၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က ဒေါက်တာစိုင်းမောက်ခမ်းအားလည်းကောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ဦးတင်အောင်မြင့်ဦးအား လည်းကောင်း ဒုတိယသမ္မတလောင်းများအဖြစ် အသီးသီး အဆိုပြုခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲပေး ရွေးချယ်ကြရာ ဦးသိန်းစိန်က မဲအများဆုံးဖြင့် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတအဖြစ်လည်းကောင်း၊ ဦးတင်အောင်မြင့်ဦးက ဒုတိယ မဲအများဆုံးဖြင့် ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ဒေါက်တာစိုင်းမောက်ခမ်းက တတိယ မဲအများဆုံးဖြင့် ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ဒုတိယသမ္မတ (၁) ဖြစ်သူ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်သွားရာ ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုတိယ သမ္မတ (၁) ဖြစ်လာခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့မှ တပ်မတော် (ရေ) ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်သူ ဦးဉာဏ်ထွန်းအား ဒုတိယ သမ္မတ (၂) အဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။

၂၀၁၆ ခုနှစ်

ဒုတိယသမ္မတ ရွေးကောက်ခြင်း (၁၁ မတ် ၂၀၁၆)[]
အမည် ပါတီ မဲ
လွှတ်တော် ကိုယ်စားလှယ်
ဦးထင်ကျော် NLD ၂၇၄
စိုင်းမောက်ခမ်း USDP ၂၉
ပယ်မဲ ၁၄
စုစုပေါင်း (အောက်လွှတ်တော်မှ) ၃၁၇
ဒုတိယသမ္မတ ရွေးကောက်ခြင်း (၁၁ မတ် ၂၀၁၆)[]
အမည် ပါတီ မဲ
လွှတ်တော် ကိုယ်စားလှယ်
ဦးဟင်နရီဗန်ထီးယူ NLD ၁၄၈
ဦးခင်အောင်မြင့် USDP ၁၃
ပယ်မဲ
စုစုပေါင်း (အထက်လွှတ်တော်မှ) ၁၆၇
ဒုတိယသမ္မတ ရွေးကောက်ခြင်း [တပ်မတော်] (၁၁ မတ် ၂၀၁၆)[]
အမည် ပါတီ မဲ
လွှတ်တော် ကိုယ်စားလှယ်
ဦးမြင့်ဆွေ USDP ၁၆၆
ပယ်မဲ
စုစုပေါင်း (တပ်မတော်သား ကိုယ်စားလှယ်) ၁၆၆
နောက်ဆုံး သမ္မတ ရွေးကောက်ခြင်း (၁၅ မတ် ၂၀၁၆)[]
အမည် ပါတီ မဲ
လွှတ်တော် ကိုယ်စားလှယ်
ဦးထင်ကျော် NLD ၃၆၀
ဦးမြင့်ဆွေ USDP ၂၁၃
ဦးဟင်နရီဗန်ထီးယူ NLD ၇၉
ပယ်မဲ
စုစုပေါင်း (လွှတ်တော်အမတ် အားလုံး) ၆၅၂

၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဦးထင်ကျော်သည် မဲအရေအတွက် ၃၆၀ ဖြင့် မြန်မာနိုင်ငံ၏ နဝမမြောက် နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ဦးမြင့်ဆွေသည် မဲအရေအတွက် ၂၁၃ ဖြင့် ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ဦးဟင်နရီဗန်ထီးယူသည် မဲအရေအတွက် ၇၉ ဖြင့် ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ဒုတိယသမ္မတ ရွေးကောက်ခြင်း (၂၃ မတ် ၂၀၁၈)
အမည် ပါတီ မဲ
လွှတ်​တော်ကိုယ်စားလှယ်
ဦးဝင်းမြင့် NLD ၂၇၃
ဦး​သောင်း​အေး USDP ၂၇
ပယ်မဲ
စုစု​ပေါင်း (ပြည်သူ့လွှတ်​တော်မှ) ၃၀၄
​နောက်ဆုံးသမ္မတ ရွေးကောက်ခြင်း (၂၈ မတ် ၂၀၁၆)
အမည် ပါတီ မဲ
လွှတ်​တော်ကိုယ်စားလှယ်
ဦးဝင်းမြင့် NLD ၄၀၃
ဦးမြင့်​ဆွေ USDP ၂၁၁
ဦးဟင်နရီဗန်ထီးယူ NLD ၁၈
ပယ်မဲ
စုစု​ပေါင်း (လွှတ်တော်အမတ် အားလုံး) ၆၃၆

၂၀၁၈ခုနှစ် မတ်လ၂၁ရက်​နေ့တွင် သမ္မတဦးထင်​ကျော်နုတ်ထွက်သွားပြီး​နောက် သမ္မတအသစ်ကို မတ်လ၂၈ရက်​နေ့တွင် အပြီးသတ်​ရွေးချယ်ခဲ့ရာ ဦးဝင်းမြင့်မှာ သမ္မတအသစ်ဖြစ်လာခဲ့သည်။

ကိုးကား

  1. ၁.၀ ၁.၁ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)။ 30 December 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး31 March 2016 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ Military VP Revealed As Executive Trio FinalizedThe Irrawaddy
  3. Htin Kyaw Confirmed as Next President in History-Making VoteThe Irrawaddy
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya