၂၀၁၈ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် သမ္မတအသစ်အား ကြားဖြတ်ရွေးချယ်ခြင်းကို ၂၀၁၈ခုနှစ် မတ်လ ၂၈ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ကျင်းပခဲ့သည်။ ဤသည်မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံးအကြိမ်အနေဖြင့် သမ္မတတစ်ဦးအား ကြားဖြတ်ရွေးချယ်ခြင်းဖြစ်သည်။ ထိုရွေးကောက်တင်မြှောက်ခြင်းတွင် ဦးဝင်းမြင့်၊ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ တို့က နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ (၁)၊ ဒုတိယသမ္မတ (၂) တို့အဖြစ် အသီးသီး ရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့သည် ၂၀၁၈ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းကျိန်ပြီးနောက် အစိုးရအဖွဲ့အဟောင်းကို ပြင်ဆင်ဖွဲ့စည်း၍ အစိုးရအဖွဲ့အသစ် ဖွဲ့စည်းခဲ့ကြသည်။ နောက်ခံသမိုင်းကြောင်း၂၀၁၆ခုနှစ်မှစ၍ သမ္မတတာဝန်ထမ်းဆောင်လာသော ဦးထင်ကျော်သည် ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့တွင် ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။ အခြေခံဥပဒေအရ ဒုတိယသမ္မတ (၁)ဖြစ်သူ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူထားရသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအသစ်ကို ရွေးချယ်တင်မြှောက်ရန် ပြင်ဆင်ကြသည်။ ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ သမ္မတနေရာ ရယူရန်အတွက် လွှတ်တော်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည်။[၁] ရွေးချယ်ခြင်းစနစ်ပုံစံ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်အကြီးအကဲများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များကို ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ကြရသည်။ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ဖွဲ့စည်းထားရှိသည်။ ပြည်သူ့လွှတ်တော်အတွက် မြို့နယ် (သို့မဟုတ်) လူဦးရေကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် (၃၃၀)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦး၊ စုစုပေါင်း (၄၄၀)ဦးဖြင့် ဖွဲ့စည်းသည်။ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုမှ တူညီစွာ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် (၁၆၈)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ စုစုပေါင်း (၂၂၄)ဦးဖြင့် ဖွဲ့စည်းသည်။ ထိုလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်း၍ ပြည်ထောင်စုလွှတ်တော်ကို (၆၆၄) ဦးဖြင့် ဖွဲ့စည်းသည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့အခြေခံဥပဒေ ပုဒ်မ (၆၀)အရ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုဖြင့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်သည်။
ထိုအစုအဖွဲ့ သုံးစုမှ ဒုတိယသမ္မတလောင်းအသီးသီးကို တင်သွင်းရမည်။ ထိုကိုယ်စားလှယ်လောင်းများအား ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး၊ ဒုတိယအကြီးအမှူးများက အရည်အချင်းစစ်ဆေးရမည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ဒုတိယသမ္မတလောင်း (၃)ဦးအား မဲပေးရွေးချယ်ကြရမည်။ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ - ၁၊ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ -၂ အဖြစ် တာဝန်ထမ်းဆောင်ရသည်။ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သွားသော အခြေအနေများအတွက် အခြေခံဥပဒေ ပုဒ်မ ၇၃ (က) အရ ဒုတိယသမ္မတ (၁)သည် ယာယီသမ္မတအဖြစ် တာဝန်ယူရသည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်ပါက (၇)ရက်အတွင်း၊ အစည်းအဝေးကျင်းပနေချိန်မဟုတ်ပါက (၂၁)ရက်အတွင်း သမ္မတအသစ် ရွေးချယ်နိုင်ရန်အတွက် ယာယီသမ္မတသည် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အကြောင်းကြားရမည်။ ထို့နောက် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က အခြေခံဥပဒေ ပုဒ်မ (၆၀)ပါ အချက်များနှင့်အညီ သမ္မတအသစ်နှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ရသည်။ ကိုယ်စားလှယ်လောင်းများပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ရာထူးမှ နုတ်ထွက်သွားသော သမ္မတ ဦးထင်ကျော်မှာ ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ တင်သွင်းထားခြင်းဖြစ်သဖြင့် ဒုတိယသမ္မတလောင်းအသစ်တစ်ဦးကို ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ထပ်မံတင်သွင်းရသည်။ ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဦးဝင်းမြင့်အား အမည်စာရင်းတင်သွင်းခဲ့သည်။ သူသည် ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ကာ ၂၀၁၅ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တာမွေမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ကာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်မခံရမီအထိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့တွင် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇)နေရာ လစ်လပ်နေရာ ကျန်ရှိသော (၃၂၃) ဦးအနက် (၃၀၄)ဦး မဲပေးခဲ့သည်။
ကျန်အစုအဖွဲ့များအမျိုးသားလွှတ်တော်နှင့် တပ်မတော်သား အစုအဖွဲ့များမှ တင်သွင်းသော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့သည် ဒုတိယသမ္မတများအဖြစ် တာဝန်ထမ်းဆောင်နေသူများဖြစ်သဖြင့် ၎င်းတို့သည် အလိုအလျောက် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။ မဲရလဒ်၂၀၁၈ခုနှစ် မတ်လ ၂၈ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို မဲပေးရွေးချယ်ကြသည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ တင်သွင်းသော ဦးဝင်းမြင့်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။ တပ်မတော်သားအစုအဖွဲ့မှ တင်သွင်းသော ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးရရှိကာ ဒုတိယသမ္မတ (၁)အဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ တင်သွင်းသော ဦးဟင်နရီဗန်ထီးယူက တတိယမဲအများဆုံးရရှိကာ ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း မူလ တာဝန်များအတိုင်း ဆက်လက် ရွေးချယ်ခံရသည်။[၃]
ကိုးကား
|
Portal di Ensiklopedia Dunia