သုတ္တနိပါတ်
သုတ္တနိပါတ်ပါဠိတော်သည် အခြားကျမ်းဂန်များနှင့် နှိုင်းယှဉ်ပါက လူသိနည်းသော်လည်း နက်နဲသိမ်မွေ့သော တရားဒေသနာတော်များဖြင့် ပြည့်နှက်နေသောကြောင့် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ၎င်းကျမ်းတွင် ဝဂ်ကြီး (၅) ဝဂ် ပါဝင်ပြီး နောက်ဆုံးဝဂ်များဖြစ်သည့် အဋ္ဌကဝဂ် နှင့် ပါရာယနဝဂ် တို့ကို မဟာနိဒ္ဒေသ နှင့် စူဠနိဒ္ဒေသ ဟူသော အမည်များဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ်က ထပ်မံဖွင့်ဆို ဟောကြားထားသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ ခဂ္ဂဝိသာဏသုတ် (ကြံ့ချိုပမာ)ခဂ္ဂဝိသာဏသုတ် (ကြံ့ချိုပမာ) တွင် တစ်ဦးတည်း ကျင့်ကြံအားထုတ်သင့်ကြောင်း ထုတ်ဖော်ပြသသည့် ဂါထာများသည် ဖတ်ရှုသူများအတွက် လွတ်လပ်သော ရဟန်းဘဝကို အားကျစရာ ဖြစ်စေနိုင်သည်။
ကသိဘာရဒွါဇသုတ်ကသိဘာရဒွါဇသုတ် ၌ ကသိဘာရဒွါဇပုဏ္ဏားသည် မိမိထံ ဆွမ်းခံကြွလာသော မြတ်စွာဘုရားရှင်အား "မိမိသည် ထွန်ယက်စိုက်ပျိုး၍ စားရကြောင်း၊ ဘုရားရှင်လည်း ထွန်ယက်စိုက်ပျိုးစားသောက်သင့်ကြောင်း" ပြစ်တင်ပြောဆိုခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း သာသနာတော်၌ မိမိ၏နည်း၊ မိမိဟန်ဖြင့် ထွန်ယက်စိုက်ပျိုးစားသောက်ပုံကို မိန့်ကြားတော်မူရာ ပုဏ္ဏားသည် ကြည်ညိုသဖြင့် ရွှေခွက်ဖြင့် နို့ဃနာများ ထည့်၍ လှူဒါန်းခဲ့သည်။ သို့သော် မြတ်စွာဘုရားရှင်က "ပုဏ္ဏား၊ ငါသည် ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို စားခြင်းငှာ မထိုက်" ဟု မိန့်ကာ ယဉ်ကျေးစွာ ငြင်းပယ်တော်မူခဲ့သည်။ အာဠဝကသုတ်အာဠဝကသုတ် တွင် ကြမ်းတမ်းသောနည်းဖြင့်ရော၊ နူးညံ့သောနည်းဖြင့်ပါ တိုက်ခိုက်ခဲ့သည့် အာဠာဝကဘီလူး၏ အမေးပုစ္ဆာများမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မိမိ၏ ဘုံဗိမာန်အတွင်း ဝင်ရောက်နေသော မြတ်စွာဘုရားရှင်ကို (၃) ကြိမ်တိုင်တိုင် ဝင်လိုက်၊ ထွက်လိုက် လုပ်ခိုင်းခဲ့သော်လည်း မြတ်စွာဘုရားရှင်က ငြင်းပယ်တော်မမူခဲ့ပါ။ (၄) ကြိမ်မြောက်တွင်မူ "ဒါယကာဘီလူး၊ သင် လုပ်ချင်သလိုသာ လုပ်တော့၊ ငါ မထွက်တော့အံ့" ဟု မိန့်တော်မူကာ ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ဘီလူးသည် ကြမ်းတမ်းသောနည်းဖြင့် မခြိမ်းခြောက်နိုင်တော့သည့်အခါ ပြဿနာများ မေးမြန်း၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။ လောကတွင် ယောက်ျားတစ်ဦးအတွက် တန်ဖိုးထားအပ်သော ဥစ္စာ၊ ချမ်းသာစီးပွားကို ဆောင်နိုင်သည့် အလေ့အကျင့်၊ အရသာအပေါင်းတို့တွင် အချိုမြိန်ဆုံးအရသာ၊ တန်ဖိုးရှိသော ရှင်သန်မှု စသည့် ပြဿနာများကို မေးမြန်းရာ မြတ်စွာဘုရားရှင်က လွယ်ကူစွာ ဖြေကြားနိုင်ခဲ့သည်။ ထို့ကြောင့် ဘီလူးက "ငါသည် ယနေ့မှစ၍ မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း ဦးထိပ်ထားလျက် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ပါတော့အံ့" ဟု ဝန်ခံကတိသစ္စာပြုခဲ့သည်။ မြတ်ဗုဒ္ဓသည် မင်းမျိုးမင်းနွယ်မှ ပေါက်ဖွားလာခဲ့ခြင်းမှာ ဘဝအတွက် ကံကောင်းသည်ဟု ကျွန်ုပ်တို့ ကိုယ်ချင်းစာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ ဘဝတစ်လျှောက်လုံးတွင် ကိုယ်တော်တိုင် မယုံကြည်သော လူတန်းစား ခွဲခြားဆက်ဆံမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ဖြစ်သည်။ သုန္ဒရီကဘာရဒွါဇသုတ်သုန္ဒရီကဘာရဒွါဇသုတ် တွင် မြတ်စွာဘုရားရှင်အား လူမှားယွင်းပြီး 'ကတုံးစုတ်' ဟုပင် ပြစ်တင်ခြင်းခံခဲ့ရသည်။ ဖြစ်ပုံမှာ တစ်ချိန်တွင် မြတ်ဗုဒ္ဓသည် ကောသလတိုင်း၊ သုန္ဒရိကာမြစ်ကမ်းနားရှိ သစ်ပင်ရင်းတစ်ခု၌ သင်္ကန်းကို ဦးခေါင်းနှင့်တကွ ရုံလျက် ထိုင်နေတော်မူခဲ့သည်။ မြစ်အတွင်း ရေသပ္ပါယ်ပြီး အပူငွေ့ ပြန်ရရန် ထိုင်နေခြင်း ဖြစ်ဟန်တူသည်။ ထိုအချိန်တွင် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မီးပူဇော်ရာမှ ကြွင်းကျန်သော နို့ဃနာများကို မည်သူ့အား ပေးရမည်နည်းဟု လိုက်လံကြည့်ရှုရာ ဦးခေါင်းခြုံလျက် ထိုင်နေသော မြတ်စွာဘုရားရှင်ကို တွေ့မြင်ပြီး ပုဏ္ဏားတစ်ပါးဟု ထင်မှတ်ကာ ချဉ်းကပ်လာခဲ့သည်။ အနီးသို့ ရောက်ရှိချိန်တွင် မြတ်စွာဘုရားရှင်က ခြေသံကြားသဖြင့် ဦးခေါင်းမှ သင်္ကန်းရုံကို ဖွင့်လိုက်ရာ ပုဏ္ဏားက "ကတုံးစုတ်ပဲ" ဟု ဆိုကာ ပြန်ထွက်သွားခဲ့သည်။ နောက်မှ တချို့ပုဏ္ဏားများလည်း ခေါင်းရိတ်လေ့ရှိသည်ဟု အတွေးပေါက်ပြီး ဇာတ်ကို မေးကြည့်သင့်သည်ဟု တွေးကာ မည်သည့်ဇာတ်မှ ဖြစ်ကြောင်း မေးမြန်းခဲ့သည်။ မြတ်ဗုဒ္ဓက "မိမိသည် မည်သည့်အမျိုးဇာတ်မှ မဟုတ်ကြောင်း၊ ပုထုဇဉ်တို့၏ အနွယ်ကို ပိုင်းခြားသိပြီးဖြစ်၍ လွတ်လွတ်လပ်လပ် မိမိ၏ ပညာဖြင့် လှည့်လည်နေထိုင်သူဖြစ်ကြောင်း၊ သင်္ကန်းဝတ်ပြီး တဏှာတည်းဟူသော အိမ်မရှိဘဲ အေးချမ်းစွာဖြင့် လူတို့နှင့် မရောနှောဘဲ နေသော မိမိအား လူတန်းစားပြဿနာနှင့် ပတ်သက်၍ မေးမြန်းခြင်း မပြုသင့်ကြောင်း" ပြတ်သားစွာ မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့ သာမန်လူသားအမြင်ဖြင့် ကြည့်ပါက မင်းမျိုးမင်းနွယ်များသည် ရာဇမာန်ခက်ထန်လေ့ရှိရာ မြတ်စွာဘုရားရှင်၏ နှိမ့်ချမှုနှင့် ရိုးသားမှုတို့ကို များစွာ အံ့ဩလေးစားမိပါသည်။ ဤသုတ်၌လည်း အထက်ပါ ကသိဘာရဒွါဇသုတ် တွင်ကဲ့သို့ပင် နို့ဃနာကို လှူဒါန်းရာ၌ ငြင်းပယ်တော်မူခဲ့သည်။ အဆုံးတွင် ပုဏ္ဏားလည်း ရဟန္တာတစ်ပါး ဖြစ်သွားခဲ့သည်။[၁] ဆက်စပ်ဖတ်ရှုရန်ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia