အညတရဘိက္ခုသုတ်
(၅)သုတ် ရှိပါသည်။ [၁] အညတရရဟန်း၏ လျှောက်ထားချက်အရ ဘုရားရှင်က အကျဉ်းချုပ်ဒေသနာတော် ဟောတော်မူသည်။ ယင်းအကျဉ်းချုပ်ဒေသနာတော်ကို အညတရရဟန်းက “မိမိ အကျယ်အားဖြင့် သိပါကြောင်း” လျှောက်ထားရာ၊ ဘုရားရှင်က မေးတော်မူသဖြင့် အညတရရဟန်းက “ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အာရုံပြု၍ (ရာဂစသည်တို့) ကိန်းသည်ရှိသော် ထိုကိန်းသောရာဂတို့ဖြင့် ရာဂကြီးသူ, ဒေါသကြီးသူ, မောဟကြီးသူ” ဟုခေါ်ဝေါ်ရပုံ၊ (ရာဂစသည်တို့) မကိန်းလျှင် ရာဂကြီးသူ စသည်ဖြင့် အခေါ်ဝေါ် မခံရပုံ”ကို လျှောက်ထားရာ ဘုရားရှင်က “ဤအတိုင်းရှုမှတ်ရမည်” ဟု သာဓုသုံးကြိမ်ခေါ်တော်မူ၍ မိန့်ကြားတော်မူပုံ၊ အညတရရဟန်း ရဟန္တာဖြစ်ပုံကို ဟောကြားတော်မူသည့်သုတ်။ [၂] အညတရရဟန်းက “ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ (ရာဂစသည်)ကိန်း၏၊ ထိုတရားသည် ကိန်းသောတရားနှင့်တကွ ပျက်စီး၏။ ထိုပျက်စီးသော ကိန်းသောတရားဖြင့် (ရာဂကြီးသူစသည်ဖြင့်) ခေါ်ဝေါ်ပညတ်ခြင်းသို့ရောက်၏၊ (ရာဂ စသည်) မကိန်းလျှင် ထိုတရားသည် ကိန်းသောတရားနှင့်တကွ မပျက်စီး၊ ထိုသို့ မပျက်စီးသော တရားဖြင့် (ရာဂကြီးသူစသည်ဖြင့်) ခေါ်ဝေါ် ပညတ်ခြင်းသို့ မရောက်ပါ” ဟု လျှောက်ထားရာ ဘုရားရှင်က သာဓုသုံးကြိမ် ခေါ်တော်မူပြီး “ဤအတိုင်း မှတ်ရမည်” ဟု ဟောတော်မူသဖြင့် တရားကျင့်သုံးရာ အညတရရဟန်း ရဟန္တာဖြစ်ပုံကို ဟောပြသည့်သုတ်။ [၃] အညတရရဟန်းက လျှောက်ထားသဖြင့် ဘုရားရှင်က “ဝေဒနာအမျိုးအမည်၊ ဝေဒနာဖြစ်ကြောင်း၊ ဝေဒနာဖြစ်ကြောင်း အကျင့်၊ ဝေဒနာချုပ်ရာ၊ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်း အကျင့်၊ ဝေဒနာ၏ သာယာဖွယ်၊ ဝေဒနာ၏ အပြစ်၊ ဝေဒနာမှ ထွက်မြောက်ရာတို့ကို” ဟောတော်မူသည့်သုတ်။ [၄] အညတရရဟန်းအား “ဗြဟ္မစရိယဟူသည် အဋ္ဌင်္ဂိကအရိယာမဂ်, ဗြဟ္မစရိယ ပရိယောသာနသည် ရာဂ, ဒေါသ, မောဟတို့ ကုန်ခြင်းပင်တည်း” ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] အညတရရဟန်းအား “ရာဂ, ဒေါသ, မောဟတို့ကို ပယ်ဖျောက်ရာသည် နိဗ္ဗာန်ဖြစ်သည်။ အာသဝေါတရားတို့၏ ကုန်ရာလည်း ဖြစ်သည်၊ “အမတ” ဟူသည် ရာဂ, ဒေါသ, မောဟတို့ကုန်ရာ နိဗ္ဗာန်ပင်ဖြစ်သည်။ အမတသို့ သွားရောက်ကြောင်း လမ်းစဉ်သည် အဋ္ဌင်္ဂိကအရိယာမဂ်သာ ဖြစ်သည်” ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia