အပ္ပမာဒသုတ်
(၈)သုတ် ရှိပါသည်။ [၁] “ဒိဋ္ဌဓမ္မိကအကျိုး, သမ္ပရာယိကအကျိုး နှစ်မျိုးလုံးကို သိမ်းကျုံးယူနိုင်သော တစ်မျိုးတည်းသော တရားရှိပါသလော” ဟု ကောသလဘုရင်က လျှောက်ထားရာ ယင်းအကျိုးနှစ်မျိုးလုံးကို သိမ်းယူနိုင်သော တစ်ခုတည်းသော တရားသည် “အပ္ပမာဒ တရား” ဖြစ်ကြောင်း ဆင်ခြေရာဥပမာဖြင့် ဘုရားရှင်ဟောတော်မူသည်။ ။ အဋ္ဌကထာ၌ -အပ္ပမာဒတရားသည် လောကီတရားဖြစ်သော်လည်း မြင့်မြတ်သောတရားဖြစ်ပုံကို ဖွင့်ဆိုထားပါသည်။ [၂] (ကုသိုလ်တရားတို့၌) မမေ့မလျော့နေသော ရဟန်းအား မဖြစ်သေးသော ကုသိုလ်တရားတို့ဖြစ်ကုန်၏။ ဖြစ်ပြီးသောအကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ဖြစ်ရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ ဆုတ်ယုတ်ရန် အပ္ပမာဒမှတပါး အခြားတစ်ခုသောတရားကိုမျှ ငါဘုရားမြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကြီးကျယ်များမြတ်သော အကျိုးရှိအောင်ပြုနိုင်သော (အပ္ပမာဒတရားမှတပါး) အခြား တစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဟောကြားတော်မူသည့်သုတ်။ [၄] ခန္ဓာကိုယ်တွင်း၌ဖြစ်သော အကြောင်းဖြစ်သောကြောင့် ကြီးကျယ်များမြတ်သော အကျိုးရှိအောင် ပြုနိုင်သော အပ္ပမာဒမှတပါး အခြားတစ်ခုသောတရားကိုမျှ မြင်တော် မမူဟု ဟောတော်မူသည့်သုတ်။ [၅] သဒ္ဓမ္မသုံးဖြာသာသနာတော်မြတ် ကြာရှည်လေးမြင့်တည်တံ့စေရန် မပျောက် မပျက် မကွယ်မပစေရန်အတွက် အပ္ပမာဒမှတပါး အခြားတစ်ခုသော တရားကိုမျှ မြင်တော်မမူဟု ဟောတော်မူသည့်သုတ်။ [၆] ကာယ, ဝစီ, မနောဟူသော ဒုစရိုက်သုံးပါးတို့ကို ပယ်စွန့် (နိုင်အောင်အားထုတ်) ကြရမည်၊ ကာယ, ဝစီ, မနောဟူသော သုစရိုက်သုံးပါးတို့ကို ပွားများကြရမည်။ မိစ္ဆာဒိဋ္ဌိကို ပယ်စွန့်၍ သမ္မာဒိဋ္ဌိကို ပွားများကြရမည်။ ဒုစရိုက်သုံးပါးနှင့် မိစ္ဆာအယူတို့ကို ပယ်စွန့် ပြီး၍ သုစရိုက်သုံးပါးနှင့် သမ္မာဒိဋ္ဌိတို့ကို ဖြစ်ပွားစေပြီး မိစ္ဆာအယူကို ပယ်စွန့်၍ သမ္မာအယူကို ပွားများပြီးသော ရဟန္တာပုဂ္ဂိုလ်သည် တမလွန်ဘဝ၌ဖြစ်သော သေရ ခြင်းမှ မကြောက်တော့ပေဟု ဟောတော်မူသည့်သုတ်။ [၇] မျက်မှောက်, တမလွန် အကျိုးနှစ်မျိုးလုံးကို အပ္ပမာဒတရားတစ်မျိုးတည်းကသာ ရယူနိုင်ပုံကို ဆင်ခြေရာ, အိမ်၏အထွတ်, မြိတ်မြက်ရိတ်သမား, သရက်ခိုင်ပြွတ်, စကြဝတေးမင်း, လရောင်ဥပမာတို့ဖြင့် အကျယ်ဟောတော်မူသည့်သုတ်။ [၈] ဘုရားရှင်က ကုသိုလ်တရားအားလုံးတို့တွင် အပ္ပမာဒတရားသာ အမြင့် မြတ်ဆုံးဖြစ်ပုံကို ခြေရာ, အိမ်အထွတ်, အမြစ်နံ့သာ, အနှစ်နံ့သာ, အပွင့်နံ့သာ, စကြာမင်း, လရောင်, တန်ဆောင်မုန်းလအခါနေရောင်, သမုဒ္ဒရာဥပမာဟူသော ဥပမာ ဆယ်မျိုးတို့ဖြင့် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -ဘာတိယမင်းကိုယ်တိုင် မြတ်လေးပန်းနံ့ကို လက်တွေ့ စမ်းသပ်ပြီး မဟာစေတီတော်ကို ရှိခိုးပုံကို ပြဆိုထားပါသည်။ [၉] ကိုးကား
|
Portal di Ensiklopedia Dunia