အာနန္ဒသုတ်
(၂၇)သုတ် ရှိပါသည်။ [၁] အရှင်အာနန္ဒာနှင့် ပစ္ဆာသမဏ အရှင်ဝင်္ဂီသထေရ်တို့ သာဝတ္ထိမြို့တော်သို့ ဆွမ်းခံဝင်ကြွစဉ် အရှင်ဝင်္ဂီသထေရ်၏ လျှောက်ထားချက်အရ အရှင်အာနန္ဒာထေရ်က ဖြစ်ပေါ်လာသော ကာမရာဂပယ်ဖျောက်နည်း တရား ၁၁-ပါးကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ -အရှင်အာနန္ဒာထေရ်၏ မဟာပုည၊ သမ္ဘာဝိတဖြစ်ပုံကို ဖွင့်ပြထားပါသည်။ [၂] အရှင်မဟာကဿပထေရ်၏ တိုက်တွန်းချက်အရ ကောသလတိုင်း၏ တောအုပ်တစ်ခုဝယ် အထက်မဂ်ဖိုလ်ရရှိရေးအတွက် ဘာဝနာလုပ်ငန်းကို အားထုတ်နေသော အရှင်အာနန္ဒာသည် အနီးအနားသို့ရောက်ရှိလာကြသောလူတို့အား အချိန် များစွာ ဟောပြောဆုံးမမှု များနေ၍ တောစောင့်နတ်က အရှင်အာနန္ဒာ၏ အကျိုး စီးပွားများရန်အတွက် သံဝေဂဉာဏ်ဖြစ်နိုင်ရန် အရှင်အာနန္ဒာအား လျှောက်ထားသည့်သုတ်။ [၃] နိရောဓဓမ္မကို အရှင်အာနန္ဒာထေရ်က မေးလျှောက်သဖြင့် “အနိစ္စ၊ သင်္ခတ၊ ပဋိစ္စသမုပ္ပန္န၊ ခယဓမ္မ၊ ဝယဓမ္မ၊ ဝိရာဂဓမ္မ၊ နိရောဓဓမ္မဖြစ်သော ခန္ဓာငါးပါး၏ချုပ်ခြင်းကို နိရောဓဟုဆိုအပ်ပုံကို ဘုရားရှင်က ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ ဟောတော်မူသည့်သုတ်။ [၄] ငါ့ ရှင်အာနန္ဒာ အဘယ်တရားတို့၏ ဥပ္ပါဒ၊ ဝယ၊ ဌိတိသည် ထင်ရှားပါသနည်း-ဟု သင့်ကိုမေးလျှင် မည်ကဲ့သို့ သင်ဖြေဆိုမည်နည်း-ဟု ဘုရားရှင်က မေးတော်မူသဖြင့် အရှင်အာနန္ဒာက ခန္ဓာငါးပါးတို့၏ ဥပ္ပါဒ၊ ဝယ၊ ဌိတိသည် ထင်ရှား ပါ၏-ဟု ဖြေဆိုမည်ဖြစ်ပါကြောင်း ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ လျှောက်ထားသည်ကို သာဓုခေါ်တော်မူပြီး ဤအတိုင်းပင် ဖြေဆိုရမည်ဟု ဘုရားရှင်က ဟောတော်မူသည့်သုတ်။ [၅] အထက်သုတ်အတိုင်း အတီတဓမ္မ၊ အနာဂတဓမ္မတို့၏ ဥပ္ပါဒ၊ ဝယ၊ ဌိတိတို့ကို မေးဖြေပုံကို ဟောတော်မူသည့်သုတ်။ [၆] ကြည်လင်သောမှန်သားပြင်နှင့် ရေခွက်တို့ကိုစွဲ၍ လုလင်ပျို လုံမပျိုတို့ မျက် နှာရိပ် ထင်မြင်လာသကဲ့သို့ ခန္ဓာငါးပါးကိုစွဲ၍ တဏှာ, မာန, ဒိဋ္ဌိဟူသော ပပဉ္စတရား သုံးပါးဖြစ်ပုံနှင့် အနတ္တလက္ခဏသုတ်ဒေသနာတော်နည်းဖြင့် မန္တာနိပုတ္တ အရှင်ပုဏ္ဏထေရ်၏ ဩဝါဒတရားဒေသနာကို ကြားနာရသဖြင့် မိမိသောတာပန်အရိယသာဝက ဖြစ်သည်အထိ မိမိတို့ ရဟန်းဖြစ်စပုဂ္ဂိုလ်များအား အရှင်ပုဏ္ဏထေရ်၏ ကျေးဇူး များလှပုံကို အရှင်အာနန္ဒာထေရ်က ရဟန်းတို့အား ခန္ဓာတစ်ပါးစီ တစ်ပါးစီ ခွဲ၍ ဟောတော်မူသည့်သုတ်။ [၇] အရှင်အာနန္ဒာက မိမိအား အကျဉ်းချုပ်တရားဟောတော်မူပါ၊ မိမိတစ်ပါးတည်း ဘာဝနာအလုပ် အားထုတ်လိုပါကြောင်း ကမ္မဋ္ဌာန်းတရားပေးတော်မူပါရန် လျှောက်ထားသဖြင့် ဘုရားရှင်က အနတ္တလက္ခဏသုတ်ဒေသနာတော်နည်းဖြင့် ဝိမုတ္တိ ပရိပါစနီယဓမ္မအကျိုးငှာ ဟောတော်မူသည့်သုတ်။ [၈] အရှင်အာနန္ဒာ၏မေးလျှောက်ချက်အရ ဘုရားရှင်က အရှင်အာနန္ဒအား ဝေဒနာ၊ ဝေဒနာသမုဒယ၊ ဝေဒနာနိရောဓ၊ ဝေဒနာနိရောဓဂါမိနီပဋိပဒါ၊ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို အကျယ် ဟောတော်မူသည့်သုတ်။ [၉] ဘုရားရှင်ထံတော်သို့ချဉ်းကပ်လာသော အရှင်အာနန္ဒာထေရ်အား အထက် သုတ်ပါမေးခွန်းများကို မေးတော်မူရာ အရှင်အာနန္ဒာက ဓမ္မတို့သည် မြတ်စွာဘုရားရှင်လျှင် အရင်းမူလရှိပါကုန်၏ အစရှိသည်ဖြင့် လျှောက်ထားသဖြင့် အထက်သုတ် ဒေသနာတော်အတိုင်း ဟောတော်မူသည့်သုတ်။ [၁၀] ဝစ္ဆဂေါတ္တပရိဗိုဇ်က အတ္တ ရှိ/မရှိနှင့် ဆက်စပ်၍ မေးမြန်းသည်ကို မဖြေဆို ခြင်းအကြောင်းကို ဘုရားရှင်က အရှင်အာနန္ဒအား ရှင်းလင်းမိန့်ကြားတော်မူသည့်သုတ်။ [၁၁] အရှင်အာနန္ဒာထေရ်မေးလျှောက်သဖြင့် ဘုရားရှင်က “ဣဒ္ဓိ၊ ဣဒ္ဓိပါဒ၊ ဣဒ္ဓိ ပါဒဘာဝနာ၊ ဣဒ္ဓိပါဒဘာဝနာဂါမိနီပဋိပဒါတို့ကို တစ်ပါးစီ တစ်ပါးစီ ခွဲခြား၍ ဟောတော်မူသည့်သုတ်။ [၁၂] ဘုရားရှင်က အထက်သုတ်တော်ပါ ဓမ္မလေးမျိုးကို အရှင်အာနန္ဒာအား မေး မြန်းတော်မူရာ အရှင်အာနန္ဒာက “မြတ်စွာဘုရားကိုယ်တော်တိုင် ဖြေကြားတော်မူပါ ရန်”လျှောက်ထားသဖြင့် အထက်သုတ်တော်အတိုင်း ဟောတော်မူသည့်သုတ်။ [၁၃] အရှင်အာနန္ဒာ၏မေးလျှောက်ချက်အရ “အာနာပါနဿတိသမာဓိဟူသော တစ်မျိုးတည်းသောတရားကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည် ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန် သည်ရှိသော် ဝိဇ္ဇာနှင့် ဝိမုတ္တိဟူသော တရားနှစ်မျိုးတို့ကို ပြည့်စေနိုင်ပုံကို အကျယ် ဟောတော်မူသည့်သုတ်။ [၁၄] အထက်သုတ်တော်လာ ဓမ္မတို့ကိုပင် ဘုရားရှင်က အရှင်အာနန္ဒာအား မေးမြန်းတော်မူရာ အရှင်အာနန္ဒာက ဘုရားရှင်ပင် ရှင်းလင်းမိန့်ကြားပေးတော်မူပါရန် ပြန်လည်လျှောက်ထားသဖြင့် အထက်သုတ်တော်အတိုင်း ဟောတော်မူသည့်သုတ်။ [၁၅] ဗဟုဿုတ (အကြားအမြင်များသော)ရဟန်း, သတိမန္တ (လွန်ကဲသောသတိ ရှိသော)ရဟန်း, ဂတိမန္တ (မြတ်စွာဘုရား၏စကားတော်ကိုသိစွမ်းနိုင်သော လွန်ကဲသော ပညာရှိသော)ရဟန်း, ဓိတိမန္တ (လွန်ကဲသောလုံ့လရှိသော)ရဟန်း, ဥပဋ္ဌာက (ဘုရားရှင်၏ အလုပ်အကျွေးဖြစ်သော)ရဟန်းတို့တွင် အာနန္ဒာသည် အသာလွန်ဆုံး ဗဟုဿုတ ဓရ, သတိမန္တ၊ ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက ရဟန်းပေတည်းဟု ဘုရားရှင်မိန့်ကြားတော် မူသည့်သုတ် ငါးသုတ်။ အဋ္ဌကထာ၌ -သုမနမင်းသားဘဝ၊ ကဿပဘုရားရှင်လက်ထက်ဗာရာဏသီမင်းဘဝနှင့် ဧတဒဂ်ဘွဲ့ငါးမျိုး ပစ္စုပ္ပန်ဝတ္ထု ဘုရားရှင်အားပြုစုလုပ်ကျွေးပုံ၊ အရှင်အာနန္ဒာ၏ ပယ်ဆုလေးပါး, တောင်းဆုလေးပါး အပြည့်အစုံတို့ကို ဖွင့်ပြထားပါသည်။ [၁၆] “သဝိညာဏက ကာယနှင့် ဗဟိဒ္ဓသဗ္ဗနိမိတ္တတို့၌ အဟင်္ကာရ၊ မမင်္ကာရ၊ မာနာနုသယတို့မဖြစ်ပဲ ပညာဝိမုတ္တိနှင့် စေတောဝိမုတ္တိတို့ကိုပြည့်စုံစေ၍ နေနိုင်သော သမာဓိကိုရခြင်း ဖြစ်ရာပါသလော”ဟု အရှင်အာနန္ဒာကမေးလျှောက်သဖြင့် ဘုရားရှင်က ဖြစ်နိုင်၏ဟု ဟောတော်မူသည့်သုတ်။ [၁၇] ဖဿာယတန ၆-ပါးတို့ အကြွင်းမဲ့ကင်းခြင်း, ချုပ်ခြင်းကြောင့် အခြားကိလေသာ တစုံတခု ရှိ/မရှိဟူသော အရှင်အာနန္ဒာ၏မေးလျှောက်သောမေးခွန်းကို အရှင်မဟာကောဋ္ဌိက ရှင်းလင်းဖြေကြားတော်မူပုံကို အကျယ် ဟောတော်မူသည့်သုတ်။ [၁၈] အရှင်အာနန္ဒာထေရ်က လျှောက်ထားသဖြင့် ကောသမ္ဗီမြို့ ဃောသိတာရုံ ကျောင်းတော်ဝယ် ဘုရားရှင်က အရှင်အာနန္ဒအား သံဃာ၌နေသည်ရှိသော် ချမ်းသာစွာနေနိုင်ကြောင်း တရားငါးပါးကို ဟောတော်မူသည့်သုတ်။ [၁၉] မကြားနာဖူးသောဓမ္မကို ကြားနာရခြင်း၊ ကြားနာဖူးပြီးသောဓမ္မများ မမေ့ မပျောက်ခြင်း၊ စိတ်ဖြင့်သိဖူးပြီးသောဓမ္မများ မနောဒွါရ၌ ကောင်းစွာဖြစ်ပေါ်ခြင်း၊ မသိအပ်ဖူးသောအကြောင်းအရာကို ကွဲကွဲပြားပြား သိနိုင်ခြင်း အကြောင်းတရားများကို အရှင်သာရိပုတ္တရာအား အရှင်အာနန္ဒာက မေးလျှောက်ပါသည်။ အရှင်သာရိပုတ္တရာ၏ တိုက်တွန်းချက်ဖြင့် အရှင်အာနန္ဒာက ယင်းတရားတို့ကို ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာထေရ်က အနုမောဒနာပြုတော်ပြီး အရှင်အာနန္ဒာသည် ဤတရား ခြောက်ပါးတို့နှင့် ပြည့်စုံနေသူဟု သိမှတ်ပါကြောင်း ပြန်လည်လျှောက်ထားပုံကို ဟောတော်မူသည့်သုတ်။ [၂၀] ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ အရှင်အာနန္ဒာထေရ်က “ကာမဂုဏ်တို့ဖြင့် ကျဉ်းမြောင်းရာလူ့ဘောင်၌ ဘုရားမြတ်စွာသည် သတ္တဝါတို့ စင်ကြယ်စေရန်၊ သောက, ပရိဒေဝတို့ကို လွန်မြောက်စေရန်၊ ကိုယ်ဆင်းရဲခြင်း, စိတ်နှလုံး မသာယာခြင်းတို့ ချုပ်ပျောက်ရန်၊ မဂ်ဉာဏ်ချမ်းသာရမှု အခွင့်ကို သိတော်မူခြင်းသည်အံ့ဩထိုက်ပုံ၊ မဖြစ်စဖူး ဖြစ်ပေါ်လာပုံကို မိန့်တော်မူပြီး ပသာဒငါးပါး၌ အာရုံငါးပါးတို့ အသီးသီးထင်လာရာ ပသာဒများ မပျက်မစီးကောင်းပါလျက် မသိခဲ့ပါပေ”ဟု မိန့်တော်မူပါသည်။ ထိုအခါ အရှင်ကာဠုဒါယီထေရ်က မေးလျှောက်သဖြင့် သညာ (စိတ်)ရှိလျက် အာရုံငါးပါးကို မသိခြင်းသည် အရူပ (အောက်)ဈာန်သမာဓိသုံးပါးဖြစ်ကြောင်းနှင့် သာကေတမြို့ အဉ္ဇနမိဂဒါယ၌ သီတင်းသုံးစဉ် ဇဋိလာဘိက္ခုနီလျှောက်ထားသည့် သမာဓိကို အရဟတ္တဖလသမာဓိဖြစ်ကြောင်း ဘုရားရှင်ဟောတော်မူပုံကို ဟောကြားသည့်သုတ်။ ဋီကာ၌ -ဒီဃနိကာယ (ဒီ၊ဋ္ဌ၊၂၊၂၃၆-၇)၌ ဩကာသာဓိဂမတရားသည် ပဌမဈာန်၊ စတုတ္ထဈာန်၊ အရဟတ္တမဂ်တို့ဖြစ်ကြောင်း ဖွင့်ထားပါသည်။ [၂၁] အရှင်အာနန္ဒာက မေးလျှောက်သဖြင့် ဘုရားရှင်က “သံဃဘေဒကဝတ္ထု ၁၀ ပါးနှင့် ခံစားရမည့်အပြစ်ကို ဟောတော်မူသည့်သုတ်။ [၂၂] အရှင်အာနန္ဒထေရ်က မေးလျှောက်သဖြင့် ဘုရားရှင်က “သံဃာ့သာမဂ္ဂီ တရား ၁၀-ပါးနှင့် ခံစားရမည့်အကျိုးကျေးဇူးတို့ကို ဟောတော်မူသည့်သုတ်။ [၂၃] ဤဓမ္မဝိနယသာသနာတော်၌ ဈာန်, မဂ်, ဖိုလ်ဖြင့် မကြီးပွားနိုင်သောပုဂ္ဂိုလ် ၁၀-ယောက်နှင့် ကြီးပွားနိုင်သောပုဂ္ဂိုလ် ၁၀-ယောက်တို့ကို အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂၄] အာနန္ဒသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား ရဟန်းသည် သံဃာ၌ ချမ်းသာစွာနေရခြင်း အကြောင်းများကို ဟောကြားတော်မူခဲ့သည်။[၂၅]
ကိုးကား
|
Portal di Ensiklopedia Dunia