ဥပက္ကိလေသသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် (ဒသမဝါမဆိုမီ) ကောသမ္ဗီမြို့၌ ရဟန်းတော်များ အချင်းချင်း မသင့်မမြတ် ဖြစ်နေကြသည်ဟု ရဟန်းတစ်ပါး၏ လျှောက်ထားချက်အရ ထိုရဟန်းများရှိရာသို့ ဘုရားရှင်ကြွရောက်တော်မူပြီး ခိုက်ရန်မဖြစ်ဖို့ရန် တားမြစ်တော်မူသည်၊ ဘုရားရှင်၏ အကျိုးကို လိုလားသောရဟန်းတော်တစ်ပါးက ဒေါသနှိပ်စက်နေကြသဖြင့် ဘုရားရှင်၏ စကားတော်ကို မနာယူမည်ကို သိရှိသဖြင့် ဘုရားရှင်အား “ချမ်းချမ်းသာသာ သီတင်းသုံးတော်မူပါရန်”လျှောက်ထားခဲ့လေသည်။ ဘုရားရှင်သည် ကောသမ္ဗီမြို့သို့ ဆွမ်းခံဝင်ကြွတော်မူပြီး ကျောင်းအိပ်ရာ နေရာတော်များကို သိမ်းဆည်း၍ ရပ်တော်မူလျက် “ပုထုသဒ္ဒေါ”အစရှိသော ၁၀-ဂါထာကို မိန့်တော်မူ၍ ကောသမ္ဗီမြို့မှ ဗာလကလောဏကာရရွာ အရှင်ဘဂုထေရ် ရှိရာသို့ကြွတော်မူ၍ တရားဟောတော်မူပြီး ပါစီနဝံသတော အရှင်အနုရုဒ္ဓါ, အရှင်နန္ဒိယ, အရှင်ကိမိလထေရ်တို့ထံ ကြွတော်မူသည်၊ ဘုရားရှင်က မေးတော်မူသဖြင့် အရှင်မြတ်သုံးပါးတို့က မိမိတို့ အချင်းချင်း အညီအညွတ် ဝမ်းမြောက်ဝမ်းသာ စိတ်သဘောတစ်မျိုးတည်းဖြင့် နေထိုင်ကြပုံကို လျှောက်ထားကြပါသည်၊ ဘုရားရှင်က သာဓုခေါ်တော်မူ၍ မေးတော်မူသဖြင့် မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ်နေပုံကိုလည်း လျှောက်ထားကြပါသည် ထိုသို့နေသည့်အခါ ပရိကမ်အလင်းရောင်နှင့် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ရူပါရုံကိုမြင်မှု၏ ဘေးရန်တို့ကို မေးလျှောက်ကြပါသည်၊ ဘုရားရှင်က ယင်းတို့၏ ဥပက္ကိလေသတရား ၁၁-ပါးတို့ကို မိန့်ကြားတော်မူပါသည်၊ ဘုရားရှင်က ဆက်လက်၍ ယင်းဥပက္ကိလေသ ၁၁-ပါးကို ပယ်နိုင်အောင် အားထုတ်တော်မူခဲ့ပုံနှင့် အရဟတ္တဖိုလ်ကို ရရှိတော်မူသည့်တိုင်အောင် ဟောကြားတော်မူပါသည်။ ဘုရားရှင်သည် ထိုနှစ်ဝါကို ပါလိလေယျကတော၌ ပါလိလေယျကဆင်မင်း၏ ပြုစုမှုကို ခံတော်မူ၍ ဝါကပ်တော်မူပါသည်။ [၂] ဤသုတ်၌ သံ, ကြေး, ခဲမဖြူ ခဲပုတ်, ငွေ-ဟူသော ရွှေ၏အညစ်ကြေးငါးမျိုး နှင့် ကာမစ္ဆန္ဒ, ဗျာပါဒ, ထိန မိဒ္ဓ, ဥဒ္ဓစ္စ ကုက္ကုစ္စ, ဝိစိကိစ္ဆာ-ဟူသော စိတ်၏အညစ် အကြေး နီဝရဏငါးပါးတို့ကို ဟောတော်မူပါသည်။ [၃] ဤသုတ်၌ အဗ္ဘ, မဟိကာ, ဓူမ, ရာဟု-ဟူသော လ, နေတို့၏ ဥပက္ကိလေသ လေးမျိုးနှင့် သုရာမေရယပါန, မေထုနဓမ္မပဋိသေဝန, ဇာတရူပရဇတသာဒိယန, မိစ္ဆာဇီဝ-ဟူသော သမဏ, ဗြာဟ္မဏတို့၏ ဥပက္ကိလိဋ္ဌတရားလေးပါးတို့ကို ဟောတော်မူပါသည်။ [၄] ရွှေ၏အညစ်အကြေးငါးမျိုးမှ မကင်းသောရွှေ၏အသုံးမဝင်ပုံနှင့် ကင်းသော ရွှေ၏အသုံးဝင်ပုံ၊ စိတ်၏အညစ်အကြေးနီဝရဏငါးပါးတို့မှ မကင်းသောစိတ်နှင့် ကင်းသောစိတ်တို့ကွာခြားပုံကို ဝိဇ္ဇာသုံးပါးတိုင်အောင် ဆိုက်ရောက်နိုင်ပုံကို ဟောတော်မူသည့်သုတ်။ [၅] ဥပက္ကိလေသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရွှေ၏ အညစ်အကြေးငါးမျိုးနှင့် စိတ်၏ အညစ်အကြေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၆]
ကိုးကား
|
Portal di Ensiklopedia Dunia