ဥပ္ပါဒသုတ်
(၄)သုတ် ရှိပါသည်။ [၁] မြေ, ရေ, လေ, မီး ဘုတ်ကြီးလေးခုတို့၏ ဖြစ်ခြင်း, တည်ခြင်း, ထူးထူးခြားခြား ဖြစ်ခြင်း၊ ထင်ထင်ရှားရှားဖြစ်ခြင်းသည် ဆင်းရဲဒုက္ခဖြစ်ခြင်း, ရောဂါတို့၏တည်ရာဖြစ်ခြင်း, အိုမှု သေမှု၏ ထင်ရှားဖြစ်ခြင်း ဖြစ်ပုံ၊ ယင်းဘုတ်ကြီးလေးခုတို့၏ ချုပ်ခြင်း ငြိမ်းခြင်း, ကွယ်ပျောက်ခြင်းသည် ဆင်းရဲဒုက္ခ၏ ချုပ်ခြင်း ရောဂါတို့၏ ငြိမ်းပျောက်ခြင်း အိုမှု သေမှု၏ ကွယ်ပျောက်ခြင်း ဖြစ်ပုံကို မဟာဘုတ်တစ်ပါးစီကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် အသီးသီး ဟောတော်မူသည့်သုတ်။ [၂] ရုပ်၏ဖြစ်ပေါ်မှုသည် ဒုက္ခ၏ဖြစ်ပေါ်ခြင်းတည်း၊ “ရောဂါများသိုလှောင်ထားရာ ခန္ဓာ့ဂိုထောင်ကြီးပမာ” ရုပ်၏တည်မှုသည် ရောဂါတို့၏တည်မှုတည်း။ ရုပ်၏ထင်ရှားစွာ ဖြစ်မှုသည် ဇရာမရဏ၏ ထင်ရှားစွာ ဖြစ်မှုတည်း၊ ရုပ်၏ချုပ်မှုသည် ဒုက္ခ၏ချုပ်ခြင်းတည်း၊ ရုပ်၏ငြိမ်းပျောက်မှုသည် ရောဂါတို့၏ ငြိမ်းပျောက်မှုတည်း၊ ရုပ်၏ ကင်းပျောက် ချုပ်ငြိမ်းမှုသည် ဇရာမရဏ၏ ကင်းပျောက်ချုပ်ငြိမ်းမှုတည်း အစရှိသည်ဖြင့် ခန္ဓာငါးပါးတို့ကို တစ်ပါးစီတစ်ပါးစီ သုက္ကပက္ခ, ကဏှပက္ခ ဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] အရဟံဂုဏ်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူသော ဘုရားရှင် ထင်ရှား ပွင့်တော် မူရာအခါ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သော သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ-ဟူသော ဣန္ဒြေငါးပါးတို့ ဖြစ်ပေါ် လာကုန်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄] ဘုရားရှင်၏ အဆုံးအမသာသနာတော်၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန်သော သဒ္ဓါအစရှိသော ဣန္ဒြေ ငါးပါးတို့ ဖြစ်ပေါ်လာကုန်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia