ခဇ္ဇနီယသုတ်
[၁] များပြားလှစွာသော ပုဗ္ဗေနိဝါသကို အောက်မေ့ကြကုန်သော သမဏ, ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးပါးလုံးကိုဖြစ်စေ၊ ထိုငါးပါးတို့တွင် တစ်ပါးပါးကို ဖြစ်စေ အောက်မေ့ကြပုံ-ကို အစချီတော်မူပြီး “ဧဝံ ရူပါ”အစရှိသော ဒေသနာတော်ဖြင့် သုညတပဗ္ဗကို ဟောတော်မူပါသည်။ “ကိဉ္စ ဘိက္ခဝေ”အစရှိသော ဒေသနာတော်ဖြင့် ခန္ဓာတစ်ပါးစီ၏ သုညတပစ္စတ္တလက္ခဏာကို ဟောတော်မူပါသည်။ ဤဒေသနာတော် နှစ်ပိုင်းဖြင့် အနတ္တလက္ခဏာကို ဟောတော်မူပါသည်။ “တတြ ဘိက္ခဝေ” အစရှိသော ဒေသနာတော်ဖြင့် ဒုက္ခလက္ခဏာကို ဟောတော်မူပါသည်။ “တံ ကိံ မညထ ဘိက္ခဝေ”အစရှိသော ဒေသနာတော်ဖြင့် လက္ခဏာသုံးပါးကို ပေါင်း၍ ဟောတော်မူပါသည်။ “ဧဝံ ပဿံ ဘိက္ခဝေ”အစရှိသော ဒေသနာတော်ဖြင့် ဝိပဿနာ ဉာဏ်နှင့် တကွ မဂ်ဉာဏ်လေးပါးကို ဟောတော်မူပါသည်။ အဋ္ဌကထာ၌-ပုဗ္ဗေနိဝါသကို အောက်မေ့ရာ၌ အဘိညာဉ်၏အစွမ်းအားဖြင့် အောက်မေ့ပုံတို့၏ ခြားနားချက်၊ သုညတလက္ခဏာ ဒေသနာတော်၌ “နွားပျောက် ရှာပုံ”ဥပမာဖြင့် နှိုင်းယှဉ်၍ ဖွင့်ဆိုထားပါသည်။ အအေးကြောင့် ရုပ်ဖောက်ပြန်ပုံ၌ လောကန္တရိက်ငရဲဖြင့် ထင်ရှားပုံ၊ လောကန္တရိကငရဲ အကြောင်းကိုလည်းကောင်း၊ အပူကြောင့် ရုပ်ဖောက်ပြန်ရာ၌ အဝီစိငရဲဖြင့် ထင်ရှားပုံနှင့် “ကာလကဉ္စိက အသူရာ” အကြောင်းကိုလည်းကောင်း၊ နေပူကြောင့် ရုပ်ဖောက်ပြန်ရာ၌ “ကိုယ်မချိ အမိသော်လည်း သားတော်ခဲ”ဝတ္ထုကိုလည်းကောင်း၊ သညာ, ဝိညာဏ်, ပညာ-တို့ သိပုံထူးခြားချက် ဥပမာကိုလည်းကောင်း၊ အရှင်နာဂသေနထေရ်၏ သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူပုံကို ပြဆိုချက်၊ ဉာဏ်ပညာအားကြီး ဉာဏ်လွန်ကဲသော တိက္ခပညာပုဂ္ဂိုလ်တို့၏ ဒုက္ခဝေဒနာကို မရှုပဲ မူလကမ္မဋ္ဌာန်းကို ရှုမှတ်၍ အရဟတ္တဖိုလ် ရောက်နိုင်ပုံ သာဓကဝတ္ထုများ၊ မဟာအရိယဝံသအကျင့်ကိုကျင့်မည့် နီတထေရ်ကို မဟာဗြဟ္မာကြီး (၇၀၀)တို့ ရှိခိုးကြပုံဝတ္ထု၊ ဒေသနာတော်၏အဆုံး၌ ရဟန်းတော်ငါးရာတို့ အရာတ္တဖိုလ်သို့ ရောက်ရှိပုံ-အစရှိသည်တို့ကို ဖွင့်ဆိုထားပါသည်။ [၂] အဘိညာဏ်နှင့် ဝိပဿနာပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အတိတ်ကို ရှု၍ရသည်ဟူသော အဆိုသည်လည်း ကျမ်းဂန်များ၌ လာရှိ၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အနာဂတံသဉာဏ်ဖြင့်လည်း အနာဂတ်ကို ရှုရသည်ဟူသော အဆိုလည်း ကျမ်းဂန်များ၌ လာရှိ၏၊ ဤအဆိုများနှင့် ပတ်သက်၍ အလွယ်တကူ လက်ခံနိုင်သော်လည်း ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ် အနာဂတ် ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ကား လက်မခံလိုကြပေ။ ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ် ဥပါဒါနက္ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်သော ဘုရားဟော ပါဠိတော်မှာ အောက်ပါအတိုင်း ဖြစ်၏ ..။[၃] ပါဠိတော် အဆိုအမိန့်ရဟန်းတို့ ...အချို့သော သမဏတို့သည်လည်းကောင်း၊ အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှစွာသော ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သည် ရှိသော် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊ ထိုအလုံးစုံကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသော်လည်းကောင်း, ထိုဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊[၄][၃] အဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုဤပါဠိတော်ဝယ် ပုဗ္ဗေနိဝါသဟူသော ဤစကားရပ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူသည်ကား မဟုတ်။ အဟုတ်သော်ကား ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အတိတ်၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော သမဏဗြာဟ္မဏတို့ကို ရည်ရွယ်တော်မူ၍ ဤ ပုဗ္ဗေနိဝါသံဟူသော စကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထို့ကြောင့်ပင်လျှင် .. သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ .... = ထိုအားလုံးသော သမဏဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုမူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်မူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏ .... ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏၊ [၃] ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော သမဏ ဗြာဟ္မဏအား – ၁။ လောကုတ္တရာတရားများပါဝင်သည့် ခန္ဓာငါးပါးတို့သည်လည်းကောင်း, ၂။ လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်လည်းကောင်း, ၃။ ခန္ဓာနှင့်ဆက်စပ်နေသည့် အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ သုခ ဒုက္ခစသည်တို့သည်လည်းကောင်း, ၄။ အမည်နာမ ပညတ် အမျိုးမျိုးသည်လည်းကောင်း –– ဤ (၄)မျိုးသော အခြင်းအရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အာရုံဖြစ်သည်သာတည်း။ [၃] ဝိပဿနာဉာဏ်၏ အစွမ်းယခုမူ ဘုရားရှင်ကား ဤ (၄)မျိုးသော အခြင်းအရာကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကို ဟောတော် မမူဘဲ ရှေး၌နေခဲ့ဖူးသော ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကိုသာ ဟောတော်မူသဖြင့် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့မှုကို ရည်ရွယ်တော်မမူဘဲ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မှုကိုသာ ရည်ရွယ်တော်မူကြောင်းကို သိရှိနိုင်ပေသည်။ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို အစဉ်လျှောက်၍ အောက်မေ့သည်ကား မဟုတ်။ အတိတ်၌ ချုပ်ခဲ့လေပြီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုသာ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သည် ဟူလိုသည်။[၅][၃] ဤကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် ဝိပဿနာဉာဏ်တို့၏ စွမ်းအင်ကွဲပြားပုံနှင့် ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ်ကို ရှုနိုင်ပုံ ရှုရပုံ ရှု၍လည်း ရရှိနိုင်ပုံ ကျမ်းဂန် အထောက်အထားများတည်း။ ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသော ဗျာဒိတ်တော်အသံ တစ်မျိုးတည်း။[၃] ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်သည် ဈာန်အစေး ခန်းခြောက်တော်မူသည့် သုက္ခဝိပဿက (= သုဒ္ဓဝိပဿနာယာနိက) ရဟန္တာအရှင်မြတ်ကြီးတို့သည်လည်း အရိယသစ္စာ လေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သွားတော်မူကြသည်ဟူသော ဤအချက်ကိုပါ ထည့်သွင်း စဉ်းစားသင့်လှပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော အဆုံးအမ သာသနာတော်ကြီးနှင့် မလွဲချော်မိအောင် ကြိုးပမ်းပါလေလော့ ...။[၃] ကိုးကား
|
Portal di Ensiklopedia Dunia