ချက်သမ္မတနိုင်ငံ-မြန်မာ ဆက်ဆံရေး
မြန်မာ–ချက်သမ္မတနိုင်ငံ ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် ချက်သမ္မတနိုင်ငံ အကြား နှစ်နိုင်ငံ နိုင်ငံခြားရေးဆက်ဆံရေးဖြစ်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့် ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ တို့တွင် နှစ်နိုင်ငံ သံရုံးများ ထားရှိပြီး သံအမတ်ကြီး အဆင့်ဖြင့် သံတမန်လုပ်ငန်းများ ဆောင်ရွက်သည်။ နှစ်နိုင်ငံကြားသံတမန်ထူထောင်မှုသည် ၁၉၅၂ ခုနှစ် ကတည်းက စတင်သန္ဓေတည်ခဲ့သည်။[၁] သမိုင်းကြောင်းယခင် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တို့အကြား တရားဝင်ဆက်ဆံရေးသည် ၁၉၅၂ ခုနှစ်မှစတင်၍ တည်ရှိခဲ့သည်။ ချက်ကိုဆလိုဗက်အစိုးရ သည် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ၌ ချက်ကိုဆလိုဗက်ကောင်စစ်ဝန်ရုံး အား တည်ထောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် လုပ်ငန်းများ စတင်ခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၁၉၅၅ ခုနှစ် ဇွန်လတွင် ချက်ကိုဆလိုဗက်ကီးယားဘက်မှ အဆိုပြုချက်ကို မြန်မာအစိုးရက လက်ခံကာ ချက်ကိုဆလိုဗက်ကီးယားနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် သဘောတူခဲ့သည်။ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ချက်ကိုဆလိုဗက်နှင့် မြန်မာ တို့က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာ တရားဝင်ကြေညာချက်အား အတည်ပြုခဲ့သည်။ တရားဝင်ကြေညာသည့်နေ့ကို ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ မှ အမှန်တကယ် သံတမန်ဆက်ဆံရေး ထူထောင်သည့်နေ့အဖြစ် သတ်မှတ်သည်။[၂] မြန်မာနိုင်ငံဘက်ကမူ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ချက်ကိုဆလိုဗက်နိုင်ငံခြားရေးဝန်ကြီး Mr.František Jurečka က ၎င်း၏ အထောက်အထားများအား မြန်မာနိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည့်နေ့အား နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု စတင်ထူထောင်သည့်နေ့ရက်အဖြစ် သတ်မှတ်ခဲ့သည်။[၃] ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် နှစ်နိုင်ငံ သံရုံးများအဖြစ် တိုးမြှင့်သတ်မှတ်ရန် သဘောတူညီခဲ့ကြပြီး သံတမန်လုပ်ငန်းများဆောင်ရွက်ကြသည်။၁၉၉၃ ခုနှစ်တွင် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ သည် ချက်နိုင်ငံ နှင့် ဆလိုဗက်ကီးယားနိုင်ငံ ဟူ၍ သီးခြားစီကွဲထွက်သွားပြီးနောက် မြန်မာ နှင့် နှစ်နိုင်ငံ ဆက်ဆံရေးလည်း ပျက်ယွင်းသွားခဲ့ပြီး ရန်ကုန်ရှိ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ၏ သံရုံးလည်ပတ်မှုသည် ရပ်စဲသွားသည်။ မြန်မာဘက်ကလည်း ပရက်ဂ်မြို့ရှိ မြန်မာသံရုံး အား ပိတ်ပစ်ခဲ့သည်။ သို့သော် တစ်ဖက်တွင်မူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ချက်သံရုံးက မြန်မာနိုင်ငံရှိ ချက်နိုင်ငံအကျိုးစီးပွားကို ကိုယ်စားပြုခဲ့သည်။ ချက်သမ္မတနိုင်ငံသည် ထိုစဉ်ကာလ ဖမ်းဆီးခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရေးအပါအဝင် မြန်မာနိုင်ငံတွင် စစ်မှန်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် သင့်မြတ်ရေး အတွက် စစ်အစိုးရထံ တစိုက်မတ်မတ် တိုက်တွန်းတောင်းဆိုသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။[၄] မြန်မာနိုင်ငံတွင် ရွေးကောက်ခံအစိုးရပေါ်လာပြီး ၂၀၁၂ ခုနှစ် အရောက်တွင် ချက်နိုင်ငံ က မြန်မာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးပြန်စတင်ရန် ကြိုးပမ်းသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် သံရုံးပိတ်ပြီး ၂၁ နှစ်အကြာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ချက်သမ္မတနိုင်ငံ က သံအမတ်ကြီး အဆင့်ထားပြီး သံရုံးပြန်လည်ဖွင့်လှစ်ခဲ့သည်။[၅] ၂၀၁၉ ခုနှစ် မေလ အရောက်တွင် မန္တလေးမြို့၌ ချက်သမ္မတနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး ဖွင့်သည်။ မြန်မာဘက်ကမူ ချက်သမ္မတနိုင်ငံ နှင့် သံတမန်ပြန်လည်ထူထောင်နေသည့် ထိုကာလများတွင် ဂျာမနီနိုင်ငံဆိုင်ရာမြန်မာသံရုံးက သံတမန်လုပ်ငန်းများအား ပူးတွဲ တာဝန်ယူခဲ့သည်။ ၂၀၁၉ ခုနှစ် ဇွန်လ ၄ရက်နေ့တွင် ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံရုံးသစ်အား ပရက်ဂ်မြို့ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖွင့်လှစ်သည်။[၆]၂၀၁၉ ခုနှစ် ဇွန်လ ၆ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး အား ချက်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီး အဖြစ် သမ္မတဦးဝင်းမြင့် က ခန့်အပ်သည်။ သံအမတ်ကြီး ဒေါ်ကေသီစိုးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပရာ့ဂ်မြို့၌ ချက်သမ္မတနိုင်ငံ သမ္မတ မစ္စတာ မီလော့စ်ဇီးမန်း ထံ ပေးအပ်ကာ သံတမန်လုပ်ငန်းများ ဆောင်ရွက်သည်။ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုချက်သမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား ဆယ်စုနှစ် ၆ စုအကျော် ကင်းကွာခဲ့သည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးပြီး ပြန်လည်စတင်သည်။ [၇] ၂၀၁၉ ခုနှစ် ဇွန်လ ၃ရက်နေ့တွင်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ထပ်မံဆွေးနွေးကြသည်။ [၈] ၂၀၂၁ နောက်ပိုင်းအခြေအနေ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ချက်သမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံ ဆက်ဆံရေးသည် အေးစက်သွားသည်။ မြန်မာနိုင်ငံအား စစ်အာဏာသိမ်းခြင်းအပေါ် ချက်သမ္မတနိုင်ငံက ကန့်ကွက်သည်။ ယင်းအပြင် ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကိုယ်စားလှယ် ဦးလင်းသန့် အား ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တရားဝင် အသိအမှတ်ပြုသည်။ ချက်သမ္မတနိုင်ငံ သည် နိုင်ငံရပ်ခြား အစိုးရ တစ်ရပ်က NUG ကိုယ်စားလှယ် တစ်ယောက်ကို ပထမဆုံး အသိအမှတ်ပြုလိုက်သည့် နိုင်ငံ ဖြစ်ခဲ့သည်။[၉] [၁၀] [၁၁] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘက်ကလည်း ချက်သမ္မတနိုင်ငံ နှင့် သံတမန်လျော့ချ ဆက်ဆံခဲ့သည်။[၁၂] မြန်မာသံအမတ်ကြီးအား ၂၀၂၁ ခုနှစ် ထဲတွင် ပြန်လည်ခေါ်ယူသည်။ မြန်မာသံရုံးအား ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ နှင့်သာ လည်ပတ်သည်။[၁၃] ကိုးကား
|
Portal di Ensiklopedia Dunia