အပရိဇာနနသုတ်
(၂)သုတ် ရှိပါသည်။ [၁] စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဏ်, စက္ခုသမ္ဖဿ, စက္ခုသမ္ဖဿဇာဝေဒနာတို့တွင် တစ်ပါးစီ တစ်ပါးစီကို ထူးသောဉာဏ်ဖြင့် မသိသေးလျှင်၊ ပိုင်းခြား၍မသိသေးလျှင်၊ မခွါနိုင်သေးလျှင်၊ မပယ်စွန့်နိုင်သေးလျှင် ဆင်းရဲဒုက္ခကုန်ခြင်းငှာ မဖြစ်ထိုက် အစရှိသည်ဖြင့် အဇ္ဈတ္တိကာယတန, ဗာဟိရာယတန, ဝိညာဏ, ဖဿ, ဝေဒနာတို့ကို တစ်ပါးစီ တစ်ပါးစီ ကဏှပက္ခ, သုက္ကပက္ခခွဲ၍ ဟောတော်မူသည့်သုတ်။ [၂] စက္ခုပသာဒ, ရူပါရုံ စက္ခုဝိညာဏ်, စက္ခုဝိညာတဗ္ဗဓမ္မဟူသော အဇ္ဈတ္တိကာယတန, ဗာဟိရာယတန, ဝိညာဏ, ဝိညာတဗ္ဗဓမ္မတို့ကို ထူးသောဉာဏ်ဖြင့် မသိနိုင်သေးလျှင် ... မပယ်စွန့်နိုင်သေးလျှင် ဆင်းရဲဒုက္ခကုန်ခြင်းငှာ မဖြစ်ထိုက်ဟု ကဏှပက္ခ, သုက္ကပက္ခခွဲ၍ ဟောတော်မူသည့်သုတ်။ [၃] မဟာဋီကာဆရာတော်၏ အဆုံးအဖြတ်မဟာဋီကာ[၄]တွင် သံယုတ်ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်၌ လာရှိသော အပရိဇာနနသုတ္တန်[၅]ကို ကိုးကား၍ အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ကွဲကွဲပြားပြားသိအောင် ရှုပွားသင့်ကြောင်း, အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝိပဿနာရှုရမည်ဖြစ်ကြောင်းကို ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။[၆] အဋ္ဌကထာ၏ အရေးကြီးစကားအဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့[၇]၌ ဝိပဿနာပိုင်းဆိုင်ရာ အရေးကြီးလှသော စည်းကမ်း ဥပဒေသ တစ်ရပ်ကို ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသောအခါ ဝိပဿနာသို့ ကူးတက်ရာ၌ အဇ္ဈတ္တခန္ဓာငါးပါးကို သော်လည်း စတင်၍ ဝိပဿနာရှုလိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သက်မဲ့ အနုပါဒိန္နသင်္ခါရတရားများ အဝင်အပါ ဗဟိဒ္ဓခန္ဓာငါးပါးကိုသော်လည်း စတင်၍ ဝိပဿနာ ရှုပွားသုံးသပ်လိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သို့သော် အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွားတတ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို, ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊[၆] အလားတူပင် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ ဘူတရုပ် ဥပါဒါရုပ်တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊ ရံခါ ယင်းရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းနာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊ – ဤကား အထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၏ ဆိုလိုရင်းတည်း။ သံယုတ်ပါဠိတော်[၈]၌ လာရှိသော အပရိဇာနနသုတ္တန် စသည်တို့နှင့် အညီပင်တည်း။ ပဌမ အပရိဇာနနသုတ္တန်ချစ်သား ရဟန်းတို့ ...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်)[၉] မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။[၆] ချစ်သား ရဟန်းတို့ ...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်ဟူသည် အဘယ်နည်း?[၆] စက္ခုဒွါရ၁။ ချစ်သား ရဟန်းတို့...မျက်စိကို (စက္ခုပသာဒကို) (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် ထို မျက်စိ (စက္ခုပသာဒ) အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို (ပဟာနပရိညာပညာဖြင့်) မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်၊ ၂။ ရူပါရုံတို့ကို။ပ။ ၃။ စက္ခုဝိညာဏ်ကို။ပ။ ၄။ စက္ခုသမ္ဖဿကို။ပ။ ၅။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။ ကျန် ၅ ဒွါရ တူပြီး...[၆] သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်သူချစ်သား ရဟန်းတို့...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ သိလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏၊ ချစ်သား ရဟန်းတို့...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ သိလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏ဟူသည် အဘယ်နည်း?[၆] စက္ခုဒွါရ၁။ ရဟန်းတို့...မျက်စိကို (စက္ခုပသာဒကို) (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာ ဖြင့်) ပိုင်းခြား၍ သိလျှင် ထိုမျက်စိ (စက္ခုပသာဒ) အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို (ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏၊ ၂။ ရူပါရုံတို့ကို။ပ။ ၃။ စက္ခုဝိညာဏ်ကို။ပ။ ၄။ စက္ခုသမ္ဖဿကို။ပ။ ၅။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။ ကျန် ၅ ဒွါရ တူပြီး... အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိနိုင်ရေးအတွက် တစ်နည်းဆိုရသော် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက် သမာဓိကို ထူထောင်ဖို့ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူ၏၊ သမာဓိသုတ္တန်[၁၀]ကို ဖတ်ရှုကြည့်ပါ ..။[၆] ကိုးကား
|
Portal di Ensiklopedia Dunia