တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာ့တပ်မတော်၏ အကြီးအကဲဖြစ်သည်။ စစ်သေနာပတိဟူ၍လည်း ခေါ်ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၀ (ဂ) တွင် ပြဋ္ဌာန်း ထားသည်။[၂] ပြည်ထောင်စုအစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော ပြည်ထောင်စုအင်္ဂါစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် ၈ တွင် ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲကာလတွင် တပ်မတော်မှ ၎င်းသည် ဒုတိယသမ္မတ အဆင့်ရှိသူဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။[၃] ၁၉၇၃ ခုနှစ် ကာကွယ်ရေးဌာနကောင်စီ (ကကနကောင်စီ) ညွှန်ကြားလွှာ ၁၈/၇၃ အရ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသောသူသည် မိမိအားတပ်မတော်မှ ဆက်လက်ထမ်းဆောင်ရန် လိုအပ်သည့်ကာလပတ်လုံး ထမ်းဆောင်နိုင်သည်။ ၂၀၁၄ ခုနှစ်တွင် ကကနကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ ကို ထုတ်ပြန်ခဲ့၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ သက်တမ်းကို ၆၅ နှစ်အထိသတ်မှတ်လိုက်သည်။[၄] သို့သော်လည်း လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့ရာ ယခင်ကကန့်သတ်ထားသည့် တာဝန်သက်တမ်းကို ပယ်ဖျက်ခဲ့သည်။[၅] လုပ်ပိုင်ခွင့်နှင့်အာဏာတပ်မတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ယခင်ဖွဲ့စည်းပုံက ကာကွယ်ရေးဦးစီးချုပ်ထက် အလွန်မြင့်သည်။ ယခင်က ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်တွင် တပ်မတော်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို ညှိနှိုင်းကွပ်ကဲနိုင်ရန် ကာကွယ်ရေးဦးစီးချုပ်ကို ထားရှိရာ ပြည်ထောင်စုအင်္ဂါစဉ်အရ ၎င်းရာထူးသည် အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့် ညီမျှသည်ဟုဆိုနိုင်သည်။ ပြောင်းလဲခဲ့သော ဖွဲ့စည်းပုံအသစ်တွင်မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ အာဏာအရပ်ရပ်ကိုရရှိထားပြီး ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အခြားဝန်ကြီးဌာနအချို့၏ ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ရန် အဆိုပြုနိုင်သည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အောက်တွင်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဟူသော ရာထူးအသစ်ကို တိုးချဲ့ဖန်တီးခဲ့ရာ ယခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၈ တွင်ရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများကဲ့သို့အဆင့်ထက် မြင့်သည် (သို့မဟုတ်) ဝန်ကြီးအဆင့်ရှိသည်ဟု ဆိုနိုင်သည်။[၃] အုပ်ချုပ်ရေးစစ်ဘက်အုပ်ချုပ်ရေးတွင် အမိန့်ပေးစနစ်နှင့် အုပ်ချုပ်မှုအာဏာသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ဆင်းသက်လာသည်။ သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုမူ ၎င်းနှင့် ၎င်းခန့်အပ်ထားသည့် အဖွဲ့ဝင် ၆ ဦးပါဝင်သော အဖွဲ့ဝင်စုစုပေါင်း ၁၁ ဦးရှိသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့်သာ ခန့်အပ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၎င်းရာထူးမှဖယ်ရှားရန် (သို့မဟုတ်) ၎င်းရာထူးနေရာ၌အသစ်ပြောင်းလဲခန့်အပ်ရန် ၎င်းမှတစ်ပါး မည်သူမျှအာဏာမရှိပေ။ စစ်ဘက်ရာထူးခန့်အပ်မှုတွင်လည်း စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ စစ်ရာထူးခန့်ချုပ် အစရှိသည်တို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ အလွယ်တကူ ခန့်အပ်/ပြောင်းရွှေ့/ဖယ်ရှားနိုင်သဖြင့် စစ်ဘက်အုပ်ချုပ်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အကြွင်းမဲ့အာဏာရရှိထားသည်ဟု ဆိုနိုင်သည်။ တရားစီရင်ရေးစစ်ဘက်တရားစီရင်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ စစ်ဘက်တရားစီရင်ရေးတွင် ပြန်တမ်းဝင်အရာရှိတစ်ဦးအားစီရင်ရာ၌ စစ်တရားရုံးများတွင် ၎င်းအဆင့်ထက်မနိမ့်သူပါဝင်ရမည်ဖြစ်ပြီး ထိုစစ်တရားရုံးကို စီရင်ခံမည့်သူထက် အဆင့်မြင့်သောအရာရှိက ဖွဲ့စည်းပေးရသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စစ်ဖက်ဥပဒေဖြင့် အရေးယူနိုင်ခြင်းမရှိပေ။ ဥပဒေပြုရေးစစ်ဘက်ဥပဒေများကို အရပ်ဖက်ဥပဒေများကဲ့သို့ ပြည်ထောင်စုလွှတ်တော်၏ အာဏာဖြင့် ပြင်ဆင်/ပြဋ္ဌာန်းသည်။ သို့ရာတွင် အရေးပေါ်ကာလ၌မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်းဖွဲ့စည်းထားသောအဖွဲ့ကဖြစ်စေ ဥပဒေပြဋ္ဌာန်းနိုင်သည့်အာဏာရှိသည်။ သာမန်အခြေအနေတွင်လည်း တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ ကန့်သတ်ချက်များကို ပြုပြင်ဆောင်ရွက်နိုင်သော ကာကွယ်ရေးဌာနကောင်စီ (ကကန) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုပ်ကိုင်ထားရာ စစ်ဘက်ဥပဒေပြုရေးတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာရရှိထားသည်။ ခန့်အပ်သည့်အလေ့အထတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ခေတ်အဆက်ဆက်၌ တပ်မတော် (ကြည်း) မှ ဗိုလ်ချုပ်အဆင့်ထက် မနိမ့်သော အရာရှိကိုသာ ခန့်အပ်ခဲ့ကြသည်။[၆] အကြောင်းမှာ တိုင်းမှူးများ၊ အရာရှိချုပ်များ၏ အဆင့်သည် အမြင့်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဗိုလ်ချုပ်အဆင့်၌သာရှိသဖြင့် ၎င်းအဆင့်များထက် စီနီယာကျစေရန် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းနှင့်အတူ ထိပ်သီးအရာရှိကြီးများကိုပါ အနားပေးလေ့ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသောအရာရှိမှာ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ပြန်တမ်းဝင်အရာရှိရာထူးတိုးမြှင့်သည့် လုပ်ထုံးလုပ်နည်းနှင့်အညီ တစ်နှစ်လျှင် တစ်ဆင့်နှုန်းဖြင့် တိုးမြှင့်ခံရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းယုံကြည်ရသည့် ပုဂ္ဂိုလ်ကိုသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်လေ့ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို နိုင်ငံရေးကျွမ်းကျင်သူ၊ တစ်နည်းအားဖြင့် နိုင်ငံရေးသမားဟူသော နေရာအဖြစ်တင်စားကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ စစ်ရေးကျွမ်းကျင်သူ၊ တစ်နည်းအားဖြင့် တိုက်ခိုက်ရေးသမားဟူသော နေရာအဖြစ်တင်စားကြသည်။ အကြောင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို စစ်ရေးကျွမ်းကျင်သူ၊ အနေအေးသူ၊ ၎င်းအပေါ်အပြိုင်အဆိုင်မရှိသူ၊ နိုင်ငံရေးမကျွမ်းကျင်သူကိုသာ ခန့်အပ်လေ့ရှိသောကြောင့် ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ
ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia