ဇယိန်လူမျိုး![]() ဇယိန်(ကယန်းလထာ)ကယန်းလူမျိုးသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၏ အရှေ့ဘက်တောင်ပေါ်ဒေသ၊ ကယားပြည်နယ်တို့တွင် နေထိုင်သော လူမျိုးစုတစ်စုဖြစ်သည်။[၁] ထိုဒေသများရှိ ကျေးရွာပေါင်း ၆၅ ရွာတွင်နေထိုင်လျက်ရှိပြီး လူဦးရေအားဖြင့် ၂၀၁၃ ခုနှစ်စာရင်းအရ ၁၅,၂၄၅ ဦးရှိသည်။ ကယန်းလူမျိုးစုများဖြစ်သော ကယန်းလဟွီ၊ ကယန်းလထာ၊ ကယန်းကငန်နှင့် ကယန်းဂေခိုတို့ထဲတွင် လူဦးရေပိုနည်းသော အစုဖြစ်သည်။ သမိုင်းကြောင်းဤအစုသည် ရှေးအခါက လွယ်လုံပြည်ခေါ် ယခု ပင်လောင်းနယ်ကို ကြီးစိုးနိုင်ခဲ့ဖူး၏။ ပင်လောင်းမြို့ကို ခရစ်နှစ် ၁၇၉၄ (မြန်မာနှစ် ၁၁၅၆) ခုနှစ်တွင် ဘန့်ဘာရွာတွင်အခြေစိုက်ခဲ့သော ဇယိန်စော်ဘွား လတိန်၏ညွန်ကြားချက်ဖြင့် လလွီ (Lalui) ဆိုသူအရာရှိတစ်ဦးက ဦးဆောင်တည်ထောင်ခဲ့ကြောင်း ပင်လောင်းမြို့၊ မွေတော်ဘုရားသမိုင်းအရ သိရသည်။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၂ မှစ၍ လွယ်လုံနယ်အတွင်း စတင်ဝင်ရောက်နေထိုင်လာကြသော အောက်သထုံပြည်နေ ပအိုဝ်းများနှင့် ဒေသတွင်းနေရှမ်းများကို ပင်လောင်းမြို့အနီးတစ်ဝိုက်တွင် အခြေချနေထိုင်ခွင့်ပြုပြီး ပင်လောင်းမြို့ကို စည်ကားအောင်ပြုခဲ့၏။ လနော အမည်ရ စော်ဘွားလက်ထက်တွင် လွယ်လုံနယ်စားဖြစ်ကြောင်း ဗမာဘုရင်က လနောကို အသိအမှတ်ပြုခဲ့သည်။ နယ်စား လနော၏သားတော်များထဲမှ ရွှေနီအမည်ရှိသားတော်မှာ ဒေသခံရှမ်းအမျိုးသမီးနှင့် အကြောင်းပါပြီး ငပိုခေါ် သားတော်တစ်ပါးထွန်းကား၏။ ပင်လောင်းမြို့တောင်ဘက်ရှိ ရင်းမှီး (တဝီးမွူး) အရပ်၌တည်ထားသော စေတီသမိုင်းမှတ်တမ်းအရ ငပိုနောက်ပိုင်းတွင် မင်းပါရမီဆိုသူက ပင်လောင်းမြို့စားအဖြစ် အုပ်ချုပ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။ အစ ပထမတွင် ရှမ်းနှင့် ပအိုဝ်းတို့အပေါ် လွှမ်းမိုးနိုင်ခဲ့သော်လည်း ၎င်းတို့၏ဆွေမျိုးနီးချင်းဖြင့်သာ အိမ်ထောင်ပြုသည့်အလေ့အထကြောင့် လူဦးရေတိုးပွားနုန်းနှေးကွေးလှပေရာ နောက်ပိုင်းတွင် ဇယိန်တို့လွှမ်းမိုးမှုလျှော့ပါးလာပြီး ရှမ်းနှင့် ပအိုဝ်းလူမျိုးတို့၏ လူနေမှုပုံစံအောက် ရောက်မှန်းမသိရောက်လာခဲ့သည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၁ တွင်ပြုလုပ်ခဲ့သော ပဒေသရာဇ်အာဏာရှင် စော်ဘွားများကို တော်လှန်သည့်ဖြစ်စဉ် ပင်လောင်းနယ်တွင်လည်း ဖြစ်ပွားခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော အိမ်စောင့်အစိုးရက ရှမ်းပြည်ရှိစော်ဘွားများကို ဖိတ်ခေါ်ထိန်းသိမ်းပြီး အဏာစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေသည့်နောက် ပင်လောင်းနယ်တွင် ဇယိန်တို့အုပ်ချုပ်မှု အဆုံးသတ်သွား၏။ ယခုအခါ ပင်လောင်းမြို့နယ်ရှိ ဇယိန်တိုင်းရင်းသားတို့အခြေချ နေထိုင်ခဲ့ရာရွာအများအပြား ပအိုဝ်းရွာဖြစ်ကုန်ပြီး ဒေသအခေါ် ပအိုဝ်း-ဇယိန်မှသည် ပအိုဝ်းစကားသာပြောတတ်သော ဇယိန်သွေးပါ ပအိုဝ်းများဖြစ်လာကြသည်။ ဝေးလံခေါင်ဖျား၊ တောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းသော ငှက်ဖျားထူထပ်ရာအရပ်များတွင်သာ ဇယိန်ကျေးရွာအချို့ သီးသန့်တည်ရှိတော့သည်။ ဇယိန်တို့နေထိုင်ရာဒေသည် ဖွံ့ဖြိုးမှုနည်းပြီး ပညာရေးတွင်လည်း နောက်ကျကျန်နေရဆဲဖြစ်သည်။ ပေါင်းလောင်းဘက်စုံရေလှောင်တမံတည်ဆောက်မှုဧရိယာအတွင်း ဇယိန်ကျေးရွာအချို့ ရေမြုပ်သည့်အထဲ ပါဝင်ခဲ့ကြောင်းသိရသည်။
ကိုးကား
|
Portal di Ensiklopedia Dunia