ပုလဲမြို့
ပုလဲမြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။[၁] ပုလဲမြို့နယ်၏ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ ဖြစ်သည်။ ပုလဲမြို့သည် ယင်းမာပင်မြို့ ၏တောင်ဘက် (၁၁)မိုင်အကွာတွင် တည်ရှိသည်။ ပုလဲမြို့နယ်သည် ဗန့်ကျီတိုက်နယ်အတွင်း ပါဝင်ပြီး မြန်မာဘုရင်များ လက်ထက်က သာမန်ရွာကလေးမျှသာ တည်ရှိခဲ့သည်။ ၁၈၈၅ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ပြီးနောက် ဗန့်ကျီ တိုက်နယ်လည်း ပါဝင်ခဲ့သည်။ (၉) နှစ်အကြာတွင် ၁၈၉၄ ခုနှစ်၊ အောက်ချင်းတွင်းခရိုင် ဖွဲ့စည်းဆောင်ရွက်ရာတွင် အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်၊ အနောက်ဘက်ကို အောက်ချင်းတွင်းခရိုင်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုစဉ်က ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင် (၄၅၈) သာ ရှိသည်။ လွတ်လပ်ရေးရပြီး မြို့ပိုင်ရုံး ဖွင့်လှစ်၍ အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန (အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန)၏ (၂၈-၇-၇၂) နေ့စွဲပါ အမိန့်အရ မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။ တည်နေရာနှင့် အကျယ်အဝန်းပုလဲမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် ၉၄° ၂၅' နှင့် ၉၄° ၅၅' ကြား၊ မြောက်လတ္တီတွဒ် ၂၁° ၁၈' နှင့် ၂၁° ၄၈' ကြားတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ အနောက်ဘက်တွင်ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင်မြိုင်မြို့နယ် နှင့် မြောက်ဘက်တွင်ယင်းမာပင်မြို့နယ် တို့နှင့် ထိစပ်နေသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၅၄ ပေတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၆၁၂.၇၉၈ စတုရန်းမိုင်၊ ဧကအားဖြင့် ၃၉၂၂၉၈ ဧက ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ အကျယ်ဆုံးနေရာသည် ၃၁ မိုင်ရှိပြီး၊ တောင်မှမြောက်သို့ အကျယ်ဆုံးနေရာသည် ၁၉ မိုင်ဖြစ်သည်။ ရပ်ကွက်/ကျေးရွာဖွဲ့စည်းပုံမြို့/ရပ်ကွက်/ ကျေးရွာအုပ်စု ဖွဲ့စည်းထားရှိမှုအနေနှင့် ရပ်ကွက်ပေါင်း ၂ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၈ ရွာတို့ တည်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပုလဲမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၄၄, ၀၀၆ ဦး နေထိုင်ပြီး ကျား ၆၆,၈၀၉ဦး၊ မ ၇၇,၁၉၇ဦး ဖြစ်သည်။[၂] ရာသီဥတုပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ရက်ပေါင်း ၅၀ ဝန်းကျင် မိုးရွာတတ်ပြီး မိုးရေချိန်လက်မ ၄၀ ခန့် ရရှိသည်။ အခြေခံအဆောက်အအုံပုလဲမြို့နယ်တွင် အထက်တန်းကျောင်းပေါင်း (ကျောင်းခွဲများအပါအဝင်) ၁၀ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း (ကျောင်းခွဲများအပါအဝင်) ၃၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၁၂၆ ကျောင်း တည်ရှိသည်။ ကျန်းမာရေးကဏ္ဍတွင် မြို့နယ်ဆေးရုံ ၁ ရုံ၊ တိုက်နယ်ဆေးရုံ ၁ ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန ၆ ခု ဖွင့်လှစ်ထားသည်။ ပုလဲမြို့တွင် ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် ၁ ခုသာလျှင် ရှိသည်။ ပုလဲမြို့တွင် လေကြောင်းလမ်း၊ ရေလမ်း၊ ရထားလမ်းများ မရှိပါ။[၃] စီးပွားရေးနှင့် စိုက်ပျိုးရေးစီးပွားရေးအရ အချက်အချာကျ၍ ဖွံ့ဖြိုးတိုးတက်သည့်အပြင် ကုန်းလမ်းဖြစ်သည့် မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီးပေါ်တွင် တည်ရှိကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မြို့နယ်အတွင်းရှိ ဒေသခံလူထုသည် စိုက်ပျိုးရေးလုပ်ငန်း အဓိက လုပ်ကိုင်သည်။ ပုလဲမြို့ လူဦးရေ၏ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်မှု ရာခိုင်နှုန်းများမှာ စိုက်ပျိုးရေး ၄၆%, အရောင်းအဝယ် ၄%, အစိုးရဝန်ထမ်း ၃%, အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်း ၃၃%, နေ့စားအလုပ် ၁၄% တို့ ဖြစ်ကြသည်။ မြောက်ယမား၊ လှိုင်းချောင်းတမံ၊ မြောက်ယမား (ရေကူ)နှင့် ကန်ဒေါင့်ဆည်တို့ တည်ရှိသည်။ စပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပဲတီစိမ်း၊ ပဲတီစိမ်း (မိုးကြို)၊ စွန်တာပြာ၊ ပဲစင်းငုံ၊ ပဲယင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ သစ်ဆိမ့်၊ ဝါမျိုးစုံ၊ ထန်း၊ ကွမ်း၊ ငရုပ်စို (မိုး)၊ အုန်း၊ ငှက်ပျော စသည်တို့ စိုက်ပျိုးသည်။ အဓိကထွက်ကုန်မှာ ဂျုံ၊ ကုလားပဲ၊ နှမ်း၊ နေကြာ၊ စပါးဖြစ်ပြီး မုံရွာမြို့နှင့် ပခုက္ကူမြို့များသို့ အများဆုံး တင်ပို့ရောင်းချသည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia