မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး
မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးသည် မြန်မာနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေး ဖြစ်သည်။နှစ်နိုင်ငံအကြား ၁၉၇၅ခုနှစ် တွင် စတင်သံဆက်၍ ၁၉၈၃ခုနှစ် တွင် သံဆက်သွယ်မှုဖြတ်တောက်ကာ ၂၀၀၇ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သံတမန်ဆက်သွယ်မှုပြန်လည်ပြုလုပ်ကြသည်။[၁] တရုတ်နိုင်ငံ ပေကျင်းမြို့ ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး က မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ပူးတွဲတာဝန်ယူသည်။မြောက်ကိုရီးယားကမူ မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် သံရုံးဖွင့်၍ သံအမတ်ကြီးအဆင့်ဖြင့် သံတမန်ပြုလုပ်သည်။ သမိုင်းကြောင်းနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအား ၁၉၇၅ ခုနှစ် မေလ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပထမဆုံး ထူထောင်ခဲ့ကြသည်။[၂] သို့သော်လည်း သံတမန်ဆက်ဆံမှု ၁၀နှစ် အပြည့်မီ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် ၏ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ရန်ကုန်ခရီးစဉ်အတွင်း အာဇာနည်ကုန်းဂူဗိမာန်၌ မြောက်ကိုရီးယား ထောက်လှမ်းရေးများက တောင်ကိုရီးယားသမ္မတ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုအပြီး[၃] တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ပြတ်တောက်သွားသည်။ထိုသို့ပြတ်တောက်သွားပြီး ၂၄နှစ်အကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် ၂၀၀၇ ခုနှစ်၊ ဧပြီလတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ပြီး[၄] မြန်မာဘက်က တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးသိန်းလွင် အား ပူးတွဲ သံအမတ်ကြီး အဖြစ် ခန့်အပ်သည်။ထိုနှစ်ထဲမှာပင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Kim Young Il သည် မြန်မာနိုင်ငံသို့ လာရောက်သည်။[၅] သံတမန်ပြန်လည်ဆက်ဆံပြီး တစ်နှစ်ကျော်အကြာ ထိုစဉ်က တပ်မတော် တွင် နံပါတ်(၃)အဆင့်ရှိ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ၏ ၂၀၀၈ခုနှစ် နိုဝင်ဘာလ မြောက်ကိုရီးယားခရီးစဉ် [၆] နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui-chun (C) ၏ ၂၀၁၀ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့ မြန်မာနိုင်ငံခရီးစဉ် တို့သည် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းခံရသည့် ခရီးစဉ်များ ဖြစ်ခဲ့ကြသည်။ [၇] နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ နှင့် နိုင်ငံတကာ၏စောင့်ကြည့်မှုအမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့ တို့က မြန်မာ နှင့် မြောက်ကိုရီးယား တို့၏ နှစ်နိုင်ငံ ဆက်ဆံရေးအပါအဝင် အထူးသဖြင့် စစ်ရေးဆက်ဆံရေးအား သတိကြီးကြီးထားကြသည်။[၈] စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း ထုတ်ပြောသည်။ [၉] မြန်မာ နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ သံတမန်ပြန်လည်စတင်သည့် ၂၀၀၇ ခုနှစ် မှစပြီး ပထမဦးဆုံးသော မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး H.E Mr Kim Sok Chol အား အမေရိကန်နိုင်ငံက မြောက်ကိုရီးယားလက်နက်ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးသူအဖြစ် သတ်မှတ်ပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလ နှင့် ၂၀၁၆ ခုနှစ် မတ်လထဲ တွင် အရေးယူပိတ်ဆို့မှုပြုလုပ်သည်။[၁၀] [၁၁] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက် ၂၀၁၆ ခုနှစ် မေလ ၃၀ရက်တွင် သံအမတ်ကြီး H.E Mr Kim Sok Chol နေရာသို့ ဒုတိယမြောက် သံအမတ်ကြီးအသစ် H.E Mr Jong Ho-bom (R) က အစားထိုးဝင်ရောက်လာရာ မြန်မာအစိုးရက လက်ခံသည်။ [၁၂] ၂၀၁၈ ခုနှစ် တွင် အမေရိကန်အစိုးရစနက်ကြောင့် မြန်မာနိုင်ငံတွင် ရှိနေသည့် မြောက်ကိုရီးယား၏ စီးပွားရေးအရ ဝင်ငွေရလမ်းဖြစ်စေသော လုပ်ငန်းအချို့ အပါအဝင် လူအချို့ကို ပိတ်သိမ်းစေပြီး မြန်မာနိုင်ငံထဲက ထွက်သွားအောင် မြန်မာအစိုးရက ဖိအားပေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးအေးစက်သွားသည်။ [၁၃] [၁၄] သို့သော်လည်း မြောက်ကိုရီးယားသံအမတ်ကြီး H.E. Mr. Jong Ho Bom က ၂၀၁၈ခုနှစ်၊၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် များတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စသည်တို့နှင့် တရားဝင် ထိတွေ့ဆက်သွယ်မှုများ ဆက်တိုက်ရှိခဲ့သည်။ [၁၅] [၁၆] ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် သမ္မတဦးဝင်းမြင့် က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ အား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် မြောက်ကိုရီးယားနိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်သည်။၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့်နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် မြောက်ကိုရီးယားအကြား ထိတွေ့ဆက်ဆံမှုပိုများလာသည်။ [၁၇] [၁၈] ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် သံအမတ်ကြီး ဦးတင်မောင်ဆွေ သည် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာကာ သံတမန်ဆက်ဆံရေးပြုလုပ်သည်။ [၁၉] ကိုးကား
|
Portal di Ensiklopedia Dunia