ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်
ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက် (မြန်မာ: The Kachin National Congress for Democracy; အတိုကောက် KNCD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ ကိုယ်စားလှယ်လောင်းပေါင်း ၃၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သမိုင်းကြောင်း၁၉၄၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကချင်အမျိုးသားများ ကွန်ဂရက် (Kachin National Congress) အမည်ဖြင့် စတင်ထူထောင်ခဲ့သည်။ မြန်မာ့ပါလီမန် ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများ ဖြစ်သော ၁၉၅၂ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရကာ ဒူဝါဇော်လွန် ဦးဆောင်သော ပထမဆုံးကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်နိုင်ခဲ့ပြီး ၁၉၅၇ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရကာ ဒူဝါဆန်ထဆင် ဦးဆောင်သော ကချင်ပြည်နယ်အစိုးရတို့မှ ဦးဆောင်အုပ်ချုပ်နိုင်ခဲ့သည်။[၃] ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ပါတီဖျက်သိမ်းခံခဲ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် KNCD အမည်ဖြင့် မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်သုံးနယ် အနိုင်ရခဲ့သည်။ ပြီးနောက် ပါတီကို ရုပ်သိမ်းခဲ့ရသည်။[၂] KNCD သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (United Nationalities Alliance) အဖွဲ့ဝင်လည်း ဖြစ်သည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် အခြားသော မဟာမိတ်ပါတီများ ရွေးကောက်ပွဲမဝင်သည့်အတွက် KNCD လည်း မဝင်ခဲ့ပေ။ ၂၀၁၃ ခုနှစ်တွင် ပါတီမှတ်ပုံတင် ပြန်လည်ပြုလုပ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အထိမ်းအမှတ်အလံပါတီ၏အလံမှာ ၁၉၄၉ ခုနှစ်မှ လက်ဆင့်ကမ်း အသုံးပြုလာသော ပါတီ၏ မူပိုင်အလံဖြစ်သည်။ အောက်ခံအရောင် အစိမ်းရောင်သည် စိမ်းလန်းစိုပြည်ခြင်း၊ အေးမြခြင်း၊ သာယာဝပြောခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းကို ဖော်ဆောင်ပြီး အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်း၊ ပွင့်လင်းမှုရှိခြင်းကို ဖော်ဆောင်သည်။[၃] ဓားနှစ်လက်သည် ရှေးပဝေသဏီအချိန်မှစ၍ ဘိုးဘေးဘီဘင်များသည် မိမိတို့နယ်မြေအား ဓားလက်နက်ဖြင့် ကာကွယ်စောင့်ရှောက်ခြင်း၊ မိမိ၏ ရန်သူအား ခုခံကာကွယ် တိုက်ခိုက်ခြင်းနှင့် တောတောင်ခုတ်ထွင်ရှင်းလင်း အသက်မွေးဝမ်း ကျောင်း ပြုလာခြင်း နှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ၌ အသုံးပြုခြင်းကို ဖော်ဆောင်ထားသည်။ ဓားနှစ်လက်အမြောက်၏ လက္ခဏာမှာ စည်းလုံးညီညွတ်ခြင်း၊ ခိုင်မြဲစေခြင်း၊ ကျားကန်ဖေးမကူညီခြင်းနှင့် တိုးတက်ကြီးပွားခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ ကြယ်ဖြူတစ်လုံးမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်နှင့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန်အတွက် ပင်လုံ၌ ကချင်တိုင်းရင်းသား လူမျိုးတစ်မျိုးကိုယ်စားအဖြစ်ပါဝင်ပြီး လက်မှတ်ရေးထိုးထားကြောင်း ရည်ညွှန်းဖော်ပြထားခြင်း ဖြစ်သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia