မဟာသတိပဋ္ဌာနသုတ္တန်သည် အလွန်အရေးပါသော သုတ္တန်တစ်ခုဖြစ်ပြီး သတိပဋ္ဌာန်တရားလေးပါးကို အခြေခံ၍ သမထနှင့် ဝိပဿနာကျင့်စဉ်များကို စနစ်တကျ ဟောကြားထားသည်။ ဤသုတ္တန်တွင် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာနှင့် ဓမ္မာနုပဿနာဟူသော သတိပဋ္ဌာန်လေးပါးကို အခန်း ၂၁ ခန်းဖြင့် တည်ဆောက်ထားပြီး၊ အခန်းတစ်ခန်းစီတိုင်းတွင် ဝိပဿနာဉာဏ်ဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည့် လမ်းစဉ်ကို ညွှန်ကြားထားသည်။
သုတ္တန်၏ ဖွဲ့စည်းပုံ
- ကာယာနုပဿနာ (၁၄ ခန်း): အာနာပါန၊ ဣရိယာပထ၊ သမ္ပဇဉ်၊ ဓာတ်ကမ္မဋ္ဌာန်း၊ ပဋိကူလမနသိကာရ (ခန္ဓာကိုယ်၏ ရွံရှာဖွယ်သဘော)၊ သူသေအလောင်းကောင် (၉)မျိုး စသည်တို့ ပါဝင်သည်။
- ဝေဒနာနုပဿနာ ဝေဒနာ (၉) မျိုးဖြင့် အခန်း (၁) ခန်း။
- စိတ္တာနုပဿနာ (၁ ခန်း): စိတ် (၁၆) မျိုးဖြင့် အခန်း (၁) ခန်း။
- ဓမ္မာနုပဿနာ (၅ ခန်း): ဓမ္မအုပ်စုကြီး (၅) စုဖြင့် အခန်း (၅) ခန်း။
သမာဓိကမ္မဋ္ဌာန်း အမျိုးအစားများ (အဋ္ဌကထာအဆိုများ)
သုတ္တန်ပါ ကမ္မဋ္ဌာန်းများကို သမာဓိအဆင့်အရ အပ္ပနာကမ္မဋ္ဌာန်း (ဈာန်သမာဓိသို့ ဆိုက်စေနိုင်သော) နှင့် ဥပစာရကမ္မဋ္ဌာန်း (ဥပစာရသမာဓိသို့သာ ဆိုက်စေနိုင်သော) ဟု ခွဲခြားနိုင်ပါသည်-
က။ အပ္ပနာကမ္မဋ္ဌာန်းများ:
ရှေးအဋ္ဌကထာများအဆို:
- အာနာပါန: စတုတ္ထဈာန်အထိ ရောက်နိုင်သည်။
- ပဋိကူလမနသိကာရ (၃၂ ကောဋ္ဌာသ): ပထမဈာန်အထိ ရောက်နိုင်သည်။ (ရွံဖွယ်သဘောကို အာရုံပြု၍)
- နဝသီဝထိက (အသုဘ ၉ မျိုး): ပထမဈာန်အထိ ရောက်နိုင်သည်။ (ရွံဖွယ်သဘောကို အာရုံပြု၍)
မဟာသီဝထေရ် အဆို:
- အာနာပါန နှင့် ပဋိကူလမနသိကာရ သာ အပ္ပနာဈာန်သို့ ဆိုက်နိုင်သည်။
- နဝသီဝထိက (အသုဘ ၉ မျိုး): ဈာန်ရရန်အတွက်မဟုတ်ဘဲ၊ မိမိနှင့် သူတစ်ပါး၏ ခန္ဓာကိုယ်၏ အပြစ်ကို ဆင်ခြင်သော အာဒီနဝါနုပဿနာ (ဝိပဿနာ၏ ဒုက္ခလက္ခဏာရှုကွက်တစ်မျိုး) အဖြစ်သာ ဟောကြားခြင်း ဖြစ်သည်။
ခ။ ဥပစာရကမ္မဋ္ဌာန်းများ
- ယေဘုယျအဆို: အထက်ပါ အပ္ပနာကမ္မဋ္ဌာန်းများမှ ကြွင်းကျန်သော ကမ္မဋ္ဌာန်းများသည် ဥပစာရကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။
ကာယာနုပဿနာမှ ဥပစာရကမ္မဋ္ဌာန်းများ:
- ဓာတုမနသိကာရ (ဓာတ်ကမ္မဋ္ဌာန်း): ဓာတ်ကြီးလေးပါးကို ရှုပွားရာတွင် ဥပစာရသမာဓိ (ရုပ်ကလာပ်အတွင်းရှိ ဓာတ်လေးပါး၌ စိတ်တည်ကြည်မှု) သို့ ဆိုက်ရောက်သည်။ ဤကမ္မဋ္ဌာန်းသည် သမထအဆုံး၊ ဝိပဿနာအစ ဖြစ်ပြီး နှစ်ဘက်ရ ကမ္မဋ္ဌာန်း ဖြစ်သည်။
- ဣရိယာပထ: အဓွန့်ရှည်သော ဣရိယာပုထ်၌ ရုပ်နာမ်တို့ကို သိမ်းဆည်းရှုပွားခြင်း။
- သမ္ပဇည: အလယ်အလတ်နှင့် တိုတောင်းသော ဣရိယာပုထ်များ၌ ရုပ်နာမ်တို့ကို သမ္ပဇဉ်ဖြင့် သိမ်းဆည်းရှုပွားခြင်း။
(ဤ ကမ္မဋ္ဌာန်း (၃) မျိုးသည် ဓာတ်ကမ္မဋ္ဌာန်းကို အခြေခံ၍ ဥပစာရသမာဓိကို ထူထောင်ကာ ဝိပဿနာသို့ ကူးရန်ဖြစ်သောကြောင့် ဥပစာရကမ္မဋ္ဌာန်းဟု ဆိုကြသည်။)
- မဟာသီဝထေရ်အဆိုအရ နဝသီဝထိက: အဇ္ဈတ္တ (မိမိ) နှင့် ဗဟိဒ္ဓ (သူတစ်ပါး) အလောင်းကောင်များကို တစ်လှည့်စီ ရှုမှတ်နေရသောကြောင့် စိတ်တည်ငြိမ်မှု အားနည်းပြီး ဥပစာရသမာဓိသို့သာ ဆိုက်ရောက်နိုင်သဖြင့် ဥပစာရကမ္မဋ္ဌာန်း ဖြစ်သည်။
(သို့သော် ရှေးအဋ္ဌကထာများက လိင်တူ ဗဟိဒ္ဓအလောင်းကောင်တစ်ခုတည်းကို အာရုံစူးစိုက်လျှင် ပထမဈာန်ရနိုင်သည်ဟုလည်း ဖွင့်ဆိုကြသေးသည်။)
- ဝေဒနာ၊ စိတ္တ၊ ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်းများ: ဤကမ္မဋ္ဌာန်းများကို ပွားများလိုလျှင် ရုပ်ကမ္မဋ္ဌာန်းကို ဦးစွာ ပိုင်းခြားသိမ်းဆည်းပြီး ဖြစ်ရမည် (`ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ`) ဟူသော စည်းကမ်းချက်ရှိသည်။ ရုပ်ကမ္မဋ္ဌာန်း (အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်း) သည် ဥပစာရသမာဓိကို ဖြစ်စေသောကြောင့်၊ ထိုဥပစာရသမာဓိကို အခြေခံ၍ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို ဆက်လက်ရှုပွားရသဖြင့် ၎င်းတို့ကိုလည်း ဥပစာရကမ္မဋ္ဌာန်းဟု ဆိုလိုခြင်း ဖြစ်သည်။ ဈာန်သမာဓိကို အခြေခံ၍ ရှုပွားသည့်အခါ၌ပင် ဝေဒနာ၊ စိတ်၊ ဓမ္မ (ရုပ်နာမ်) တို့ကို သိမ်းဆည်းရှုပွားနေခိုက်၌ တည်နေသော သမာဓိကိုလည်း ဥပစာရသမာဓိ (သို့မဟုတ် ဝိပဿနာခဏိကသမာဓိ) ဟု သဒိသူပစာရအားဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။
ဝိပဿနာပိုင်း အဆင့်လေးဆင့်
ဝိပဿနာပိုင်း - ပထမဆင့်
- (က) ဤသို့လျှင် အဇ္ဈတ္တ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)၌မူလည်း (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
- ( ခ ) ဗဟိဒ္ဓ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)၌မူလည်း (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
- ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ) နှစ်မျိုးလုံးတို့၌မူလည်း (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
ဝိပဿနာပိုင်း - ဒုတိယဆင့်
- (က) (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
- ( ခ ) (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
- ( ဂ ) (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊
ဝိပဿနာပိုင်း - တတိယဆင့်
ထို့ပြင် “(ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)သည်သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊
ဝိပဿနာပိုင်း - စတုတ္ထဆင့်
(ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။
ရဟန်းတို့...ဤသို့လည်း ရဟန်းသည် (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)၌ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ)ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
အနှစ်ချုပ်
မဟာသတိပဋ္ဌာနသုတ္တန်သည် သမထပိုင်းနှင့် ဝိပဿနာပိုင်း နှစ်ခုလုံး ပါဝင်သော ကျမ်းကြီးဖြစ်သည်။ သမထပိုင်းတွင် အာနာပါန၊ ပဋိကူလမနသိကာရ စသည့် ဈာန်ရနိုင်သော ကမ္မဋ္ဌာန်းများ ပါဝင်သကဲ့သို့၊ ဓာတ်ကမ္မဋ္ဌာန်း၊ ဣရိယာပထ၊ သမ္ပဇည စသည့် ဥပစာရသမာဓိကို အခြေခံသော ကမ္မဋ္ဌာန်းများလည်း ပါဝင်သည်။ ဝေဒနာ၊ စိတ္တ၊ ဓမ္မာနုပဿနာတို့သည်လည်း ရုပ်ကမ္မဋ္ဌာန်း (ဥပစာရသမာဓိ) ကို အခြေခံ၍ ပွားများရသော ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။ အခန်းတိုင်းသည် နောက်ဆုံးတွင် ဝိပဿနာရှုပွား၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သည်အထိ လမ်းညွှန်ပေးထားပါသည်။
တစ်ကြောင်းတည်းသောလမ်း
အခန်း ၂၁ ခန်းစလုံးတွင် ဝိပဿနာရှုကွက်များသည် စကားလုံးကွဲပြားသော်လည်း အနက်အဓိပ္ပါယ်အားဖြင့် တူညီသည်။ ဥပါဒါနက္ခန္ဓာငါးပါး (ရုပ်နာမ်တရားများ) ကို အဆင့်လေးဆင့်ဖြင့် ရှုပွားရန် ညွှန်ကြားထားသည်။[၁]
- ကာယာနုပဿနာ: ‘ကာယ’ ဟူသော အမည်ဖြင့် ရုပ်တရားဦးဆောင်သော ရုပ်နာမ်တရားများကို ရှုပွားသည်။
- ဝေဒနာနုပဿနာ: ‘ဝေဒနာ’ ဟူသော အမည်ဖြင့် ဝေဒနာ ၉ မျိုးဦးဆောင်သော ရုပ်နာမ်တရားများကို ရှုပွားသည်။
- စိတ္တာနုပဿနာ: ‘စိတ္တ’ ဟူသော အမည်ဖြင့် စိတ် ၁၆ မျိုးဦးဆောင်သော ရုပ်နာမ်တရားများကို ရှုပွားသည်။
- ဓမ္မာနုပဿနာ: ‘ဓမ္မ’ ဟူသော အမည်ဖြင့် ဖဿ သို့မဟုတ် ဓမ္မသဘောတရားများဦးဆောင်သော ရုပ်နာမ်တရားများကို ၅ ခန်းခွဲ၍ ရှုပွားသည်။[၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ သမထဘာဝနာပိ ယာဝဒေဝ ဝိပဿနတ္ထာ ဣစ္ဆိတာ။ ဝိပဿနာပဓာနာ, ဝိပဿနာဗဟုလာ စ သတိပဋ္ဌာနဒေသနာ.. (ဒီ၊ဋီ၊၂၊၃၁၅၊ စာပိုဒ်၊၃၈၂။ မ၊ဋီ၊၁၊၃၇၃။)
- ↑ ဖားအောက်တောရဆရာတော်။ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။