ရုပ်ကမ္မဋ္ဌာန်း

ရုပ်ကမ္မဋ္ဌာန်း ဆိုသည်မှာ ဝိပဿနာ ဘာဝနာ ပွားများရာတွင် ရုပ်တရားကို အဓိက အာရုံပြု၍၊ ဉာဏ်ဖြင့် ပိုင်းခြား သိမ်းဆည်း သုံးသပ် ရှုပွားခြင်းကို ခေါ်ဆိုပါသည်။ ပါဠိဘာသာဖြင့် "ရူပ" (ရုပ်) နှင့် "ကမ္မဋ္ဌာန" (ဘာဝနာအာရုံ) ဟူသော စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။[] ရူပသတ္တကလည်း ကြည့်။

ကမ္မဋ္ဌာန်း နှစ်မျိုး (ဝိပဿနာပိုင်း)

ဗုဒ္ဓဘာသာတွင် ဘာဝနာ ပွားများရာ၌ သမထ ဘာဝနာနှင့် ဝိပဿနာ ဘာဝနာ ဟူ၍ နှစ်မျိုးရှိရာ၊ သမထပိုင်း၌ ကမ္မဋ္ဌာန်း အာရုံ (၄၀) ရှိပါသည်။ ဝိပဿနာပိုင်း၌ အဓိက ကမ္မဋ္ဌာန်း နှစ်မျိုး ရှိပါသည်-

၁။ ရုပ်ကမ္မဋ္ဌာန်း: ရုပ်တရားကို အဦးမူ၍ ပွားများသော ဝိပဿနာ ကမ္မဋ္ဌာန်း။ ဤကမ္မဋ္ဌာန်းကို ရူပပရိဂ္ဂဟ ဟုလည်း ခေါ်သည်။ အဓိပ္ပာယ်မှာ "ရုပ်တရားကို ဉာဏ်ဖြင့် သိမ်းဆည်းခြင်း၊ ပိုင်းခြား သတ်မှတ်ခြင်း" ဖြစ်သည်။

၂။ အရူပကမ္မဋ္ဌာန်း သို့မဟုတ် နာမ်ကမ္မဋ္ဌာန်း: နာမ်တရား (စိတ်၊ စေတသိက်) ကို အဦးမူ၍ ပွားများသော ဝိပဿနာ ကမ္မဋ္ဌာန်း။ ဤကမ္မဋ္ဌာန်းကို အရူပပရိဂ္ဂဟ ဟုလည်း ခေါ်သည်။ အဓိပ္ပာယ်မှာ "နာမ်တရားကို ဉာဏ်ဖြင့် သိမ်းဆည်းခြင်း၊ ပိုင်းခြား သတ်မှတ်ခြင်း" ဖြစ်သည်။[]

(မှတ်ချက် - "ရုပ်ကမ္မဋ္ဌာန်း" ဟူသော အသုံးအနှုန်းသည် မဟာသတိပဋ္ဌာနသုတ် ကာယာနုပဿနာပိုင်းလာ အာနာပါန ကမ္မဋ္ဌာန်းကဲ့သို့သော သမထအာရုံများကိုလည်း ရံဖန်ရံခါ ညွှန်းဆိုနိုင်သော်လည်း၊ ဤဝိပဿနာ ရှုပွားပုံ အခန်း၌မူ ရုပ်တရားကို ဝိပဿနာဉာဏ်ဖြင့် ပိုင်းခြား သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ) ကိုသာ အဓိက ဆိုလိုပါသည်။)[]

ရုပ်ကမ္မဋ္ဌာန်း၏ အဓိက ရှုမှတ်နည်း - ဓာတ်ကမ္မဋ္ဌာန်း (စတုဓာတုဝဝတ္ထာန)

ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားရာ၌ များသောအားဖြင့် ဓာတ်ကြီးလေးပါးကို ပိုင်းခြား ဝေဖန် ရှုမှတ်သောနည်း (စတုဓာတုဝဝတ္ထာန) ကို အခြေခံ၍ ဟောကြားတော်မူလေ့ ရှိပါသည်။ ၎င်းကို နည်းနှစ်နည်းဖြင့် ဟောကြားသည်-

  1. သင်္ခေပနယ: အကျဉ်းနည်း (ဥပမာ - မဟာသတိပဋ္ဌာနသုတ္တန်)
  2. ဝိတ္ထာရနယ: အကျယ်နည်း (ဥပမာ - မဟာရာဟုလောဝါဒသုတ္တန်ဓာတုဝိဘင်္ဂသုတ္တန်)

ရုပ်ကမ္မဋ္ဌာန်း ရှုပွားရန် အခြေခံ လိုအပ်ချက်

ရုပ်ကမ္မဋ္ဌာန်းကို ထိရောက်စွာ ရှုပွားနိုင်ရန်အတွက် အောက်ပါ အသိပညာများ ကြိုတင် ရှိထားရန် လိုအပ်ပါသည် ("ရုပ်ဖြစ်ကြောင်းတရား" အပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း)-

  • ရုပ် (၂၈) ပါး၏ အမျိုးအစားနှင့် အရေအတွက်။
  • ရုပ်တစ်ခုချင်းစီ၏ ဖြစ်ကြောင်း သမုဋ္ဌာန် (ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ သို့မဟုတ် အကြောင်းမဲ့) ကို ကွဲပြားစွာ သိရှိခြင်း။
  • ရုပ်ကလာပ် အမျိုးအစားများနှင့် ၎င်းတို့တွင် ပါဝင်သော ရုပ်တရားများကို သိရှိခြင်း။

ဤသို့ ရုပ်တရားနှင့် ၎င်းတို့၏ ဖြစ်ကြောင်းများကို ကွဲပြားစွာ သိရှိမှသာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ကြောင်း မဟာဂေါပါလကသုတ္တန် စသည်၌ ဘုရားရှင် ဟောကြားတော်မူခဲ့သည်။

ရုပ်ကမ္မဋ္ဌာန်း ရှုပွားပုံ အဆင့်ဆင့် (ဝိသုဒ္ဓိမဂ် လမ်းညွှန်ချက်အရ)

  1. သမာဓိထူထောင်ခြင်း: ရှေးဦးစွာ မိမိနှင့် သင့်လျော်သော သမထကမ္မဋ္ဌာန်း တစ်ခုခု (ဥပမာ - အာနာပါနဿတိ) ဖြင့် စိတ်ကို တည်ငြိမ်အောင် အားထုတ်၍ အနည်းဆုံး ဥပစာရသမာဓိ အဆင့်သို့ ရောက်အောင် ကျင့်ကြံရမည်။
  2. ဓာတ်ကြီးလေးပါး ရှုမှတ်ခြင်း: မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ပထဝီ (မာမှု/ပျော့မှု)၊ အာပေါ (ဖွဲ့စည်းမှု/ယိုစီးမှု)၊ တေဇော (ပူမှု/အေးမှု)၊ ဝါယော (ထောက်ကန်မှု/လှုပ်ရှားမှု) ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘောလက္ခဏာများကို ဉာဏ်ဖြင့် ပိုင်းခြား ရှုမှတ်ပါ။
  3. ရုပ်ကလာပ်များကို မြင်အောင်ကြည့်ခြင်း: သမာဓိ အားကောင်းလာသောအခါ ခန္ဓာကိုယ်သည် အတုံးအခဲ မဟုတ်တော့ဘဲ အလွန်သေးငယ်သော ရုပ်ကလာပ် အမှုန်လေးများ အစုအဝေးအဖြစ် ထင်လာမည်။ ထိုရုပ်ကလာပ်တို့၏ အဖြစ်အပျက်ကို ရှုမှတ်ပါ။
  4. ရုပ်ကလာပ်များကို ဓာတ်ခွဲခြင်း: ထိုရုပ်ကလာပ် တစ်ခုချင်းစီတွင် ပါဝင်သော ပရမတ်ရုပ်တရားများကို (ဥပမာ - ပထဝီ၊ အာပေါ... ဩဇာ၊ ဇီဝိတ၊ စက္ခုပသာဒ စသည်ဖြင့်) ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ သိအောင် ရှုမှတ်ပါ။
  5. ရုပ်တရားအားလုံးကို ခြုံငုံ သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ):
  • မိမိခန္ဓာကိုယ်၏ အစိတ်အပိုင်းများ (ဥပမာ - ဒွါရ ၆ ပါး၊ ကောဋ္ဌာသ ၄၂ ပါး) တွင် ရှိသော ရုပ်တရားများကို (ကမ္မဇစိတ္တဇဥတုဇအာဟာရဇ စသည်ဖြင့်) အကြောင်းနှင့်တကွ စနစ်တကျ သိမ်းဆည်းပါ။
  • ထိုသို့ သိမ်းဆည်းရာတွင် ရုပ်အစစ် (ဝိပဿနာရှုရန် သင့်လျော်သော ပရမတ်ရုပ်) နှင့် ရုပ်အတု (အမူအရာ၊ အပိုင်းအခြား စသည့် ဝိကာရရုပ်၊ ပရိစ္ဆေဒရုပ်) များကို ခွဲခြား သိရှိပါ။
  • ထို့နောက် မိမိ စူးစမ်းရှုမှတ်နေသော အပိုင်း (ဒွါရတစ်ခု၊ ကောဋ္ဌာသတစ်ခု သို့မဟုတ် တစ်ကိုယ်လုံး) ရှိ ရုပ်တရား အားလုံး ကို ၎င်းတို့၏ တူညီသော သဘောလက္ခဏာဖြစ်သည့် "ဖောက်ပြန်တတ်သော သဘော (ရုပ္ပန လက္ခဏာ)" ဖြင့် တစ်ပေါင်းတည်း၊ တစ်စုတည်း ပြု၍ ဉာဏ်ဖြင့် ခြုံငုံကာ "ရုပ်-ရုပ်" ဟု သို့မဟုတ် "ရုပ်တရား-ရုပ်တရား" ဟု ရှုမှတ် ပိုင်းခြားယူပါ။

၆။ ရုပ္ပန လက္ခဏာ (ဖောက်ပြန်တတ်သော သဘော):

  • "ရုပ္ပတိ" (ဖောက်ပြန်တတ်၏) + "ဣတိ" (ထို့ကြောင့်) = ရူပံ။ ရုပ်တရားဟု ခေါ်ဆိုရခြင်းမှာ အအေး၊ အပူ၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ သင်းကွဲမြွေစသည့် အန္တရာယ်ရှိသော သတ္တဝါတို့၏ အတွေ့အထိ စသည့် ဆန့်ကျင်ဘက် အကြောင်းတရားများကြောင့် ပုံစံအမျိုးမျိုး ပြောင်းလဲခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ ဖောက်ပြန်ခြင်း သဘောရှိသောကြောင့် ဖြစ်သည်။ (ခဇ္ဇနီယသုတ်)
  • ဤဖောက်ပြန်မှုသည် ရုပ်တရား၏ မမြဲခြင်း (အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ) သဘောကို ထင်ရှားစေသည်။ (နာမ်တရားများလည်း ပြောင်းလဲသော်လည်း ရုပ်တရား၏ ဖောက်ပြန်မှုက ပို၍ ထင်ရှားသည်ဟု ဆိုလိုသည်။)
  • သို့သော် ဤသို့ ဖောက်ပြန်သော်လည်း ရုပ်ပရမတ်တစ်ခုချင်းစီ၏ မာမှု၊ ယိုစီးမှု စသော ပင်ကိုယ်သဘာဝလက္ခဏာများမှာမူ ပြောင်းလဲမသွားပေ။

ရုပ်ကမ္မဋ္ဌာန်း၏ အဘိဓမ္မာ အမြင်

  • သတ္တဝါတို့၏ ခန္ဓာကိုယ်သည် အလွန် သေးငယ်၍ အလွန် လျင်မြန်စွာ ဖြစ်ပျက်နေသော ရုပ်ကလာပ် အမှုန်များစွာဖြင့် စုပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။
  • ရုပ်ကလာပ် တစ်ခုစီတွင် အနည်းဆုံး ရုပ်ပရမတ် (၈) မျိုး ပါဝင်ပြီး၊ ၎င်းတို့သည် အတုံးအခဲ ဒြပ်ဝတ္ထုများ မဟုတ်ဘဲ၊ မာမှု၊ ယိုစီးမှု စသော သဘောတရား သက်သက်မျှသာ ဖြစ်သည်။
  • ဤရုပ်တရားများသည် အလွန် တိုတောင်းသော အချိန်ကာလ (စိတ်တစ်ချက်၏ (၁၇) ချက်မျှသာ) တည်တံ့ပြီး ဖြစ်ပျက်နေကြသည်။ ဤဖြစ်ပျက်မှု အရှိကို အရှိအတိုင်း ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်မှသာ အနိစ္စဒုက္ခအနတ္တ ဟု မှန်ကန်စွာ ရှုမြင်နိုင်မည် ဖြစ်သည်။

နာမ်ကမ္မဋ္ဌာန်းသို့ ကူးပြောင်းခြင်း

ရုပ်ကမ္မဋ္ဌာန်းဖြင့် ရုပ်တရားများကို ပိုင်းခြား သိမြင်ပြီးသောအခါ၊ ရုပ်တရားသက်သက်ကို ရှုမှတ်နေရုံမျှဖြင့် အရိယမဂ်ဉာဏ်ကို မရရှိနိုင်သေးပါ။ ထို့ကြောင့် နာမ်တရားများ (စိတ်၊ စေတသိက်) ကို ဆက်လက် ရှုပွား သုံးသပ်သည့် နာမ်ကမ္မဋ္ဌာန်း (အရူပပရိဂ္ဂဟ) သို့ ကူးပြောင်း ရှုမှတ်ရမည် ဖြစ်သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ရူပကမ္မဋ္ဌာန (န)ရူပ+ ကမ္မဋ္ဌာန]ရုပ်ကမ္မဋ္ဌာန်း၊ ရုပ်တရားကို-အဦး-အစ-ပဓာန-ထား၍-နှလုံးသွင်း-ဝိပဿနာရှု–ကမ္မဋ္ဌာန်း တရားပွားများအားထုတ်ခြင်း။ (ရုပ်ကို အဦးအစထား၍ ဝိပဿနာ ရှုမှတ်နည်းကို ဝိသုဒ္ဓိ၊၂၊၂၅၃-၂၆၁) (ကြည့်။) ဒုဝိဓဉှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ၊ အရူပကမ္မဋ္ဌာနဉ္စ။ဒီ၊ဋ္ဌ၊၂၊၃၁၄။ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ရူပကမ္မဋ္ဌာနန္တိ ရူပပရိဂ္ဂဟံ၊ ရူပမုခေန ဝိပဿနာဘိနိဝေသန္တိ အတ္ထော၊ဒီ၊ဋီ၊၂၊၂၅၉။ (မူလဋီကာ၊၂၊၁၅၇)။
  2. ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနံ အရူပကမ္မဋ္ဌာနဉ္စ၊ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။) အရူပကမ္မဋ္ဌာနန္တိ အရူပပရိဂ္ဂဟံ၊ အရူပဓမ္မမုခေန ဝိပဿနာဘိနိဝေသန္တိ အတ္ထော။ ရူပကမ္မဋ္ဌာနေန ပန သမထာဘိနိဝေသောပိ သင်္ဂယှတိ၊ ဝိပဿနာဘိနိဝေသော ပန ဣဓာဓိပ္ပေတောတိ ဒေဿန္တော အာဟ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတီတိ။ (မ၊ဋီ၊၁၊၃၆၈။)
  3. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
  4. နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ - ဖားအောက်တောရဆရာတော်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya