သန်းဆွေ (ဝန်ကြီး)
ဦးသန်းဆွေ( ၁၉ ဇွန် ၁၉၅၃ဖွား)[၁] သည် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် [၂] နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ယင်းမတိုင်ခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ[၃] အဖြစ်လည်းကောင်း၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ[၄] အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့၍ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ပညာရေးဦးသန်းဆွေသည် စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်လောင်းအဖြစ် စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးဆုံးသည်။ အလုပ်အကိုင်၎င်း၏ အစောပိုင်းအသက်မွေးဝမ်းကြောင်းကို မြန်မာ့တပ်မတော်တွင် ဖြတ်သန်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၀ ခုနှစ် မေလအထိ တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ဖြစ်သည်။ ၂၀၀၀ပြည့်နှစ် မေလတွင် တပ်မတော်မှ အငြိမ်းစားယူပြီး ထိုအချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၈ မတ်လ အထိ တာဝန်ထမ်းဆောင်သည်။ ယင်းနောက် ၎င်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ရာထူးဖြင့်၂၀၀၈ ခုနှစ် မတ်လမှ ၂၀၀၉ ခုနှစ် မတ်လအထိ ကုလသမဂ္ဂ၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၅]သမ္မတဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်လောကမှ အငြိမ်းစားယူခဲ့သည်။[၆] [၇] နိုင်ငံရေး၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။ ၂၀၂၂ ဩဂုတ် ၁၉ တွင် ထိုရာထူးမှနေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီ ၁ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။ [၈] မိသားစုဘဝသမီး ၂ဦးရှိကာ သမက်ဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးအောင်ကို ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia