မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း![]() မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းသည် ရတနာပုံခေတ်နှောင်းပိုင်းတွင် ထင်ရှားသော နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည်။ ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလဝ)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို ဥပါယ်တံမျဉ်နှင့် လုပ်ကြံခဲ့သည်။ ကနောင်မင်းသားကြီးမှာ ပွဲချင်းပြီး ကွယ်လွန်သွားသည်။ မင်းသားများသည် ခမည်းတော်ဖြစ်သော မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့သည်။ မကြာခင် အရေးနိမ့်သွားသည့်အတွက် အင်္ဂလိပ်သိမ်းထားသော မြန်မာပြည်အောက်ပိုင်းကို ဝင်ရောက်ခိုလှုံသွားသည်။[၁] အကြောင်းရင်း
မင်းတုန်းမင်းတရားသည် သာသနာပြုမင်းပီပီ သားငှက်များကို ဘေးမဲ့ပေးသည်။ နေပြည်တော်တွင် ကျွဲသား၊ နွားသားမစားရ၊ မသတ်ရဟု အမိန့်ထုတ်သည်။ မြင်ကွန်းမင်းသားညီနောင်က ခမည်းတော်ပိုင် မင်္ဂလာနွားဖြူကို သတ်စားသည်။ ထိုသို့ မင်းမိန့်ကို ဖီဆန်သော သားတော်နှစ်ဦးအား ဆုံးမရန် မင်းတုန်းမင်းက အိမ်ရှေ့စံ ကနောင်မင်းသားကို တာဝန်ပေးသည်။ ကနောင်မင်းသားက မင်းသားညီနောင်ကို ကြေးတိုက်သွင်းကာ ချုပ်နှောင်ထားလိုက်သည်။ မင်းမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းသည် သေဒဏ်ထိုက်သည့် အပြစ်ဖြစ်သည်။ ကနောင်မင်းသားသည် တူတော်တို့အား သေဒဏ်မပေးဘဲ ချုပ်ရုံချုပ်ထားသည်ကို မင်းသားညီနောင်က မကျေနပ်ကြပေ။ ခမည်းတော် မင်းတုန်းမင်းအပေါ်တွင်လည်း သားတော်များကို ထီးနန်းဆက်ခံခွင့် ပေးရန်မစဉ်းစားဘဲ ညီတော်ကို အိမ်ရှေ့စံအရာ ပေးထားခြင်းအတွက် ကျေနပ်ဟန်မတူပေ။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားသည် တစ်နေ့တွင် နန်းတော်ကို ပုန်ကန်ပြမည်ဟု ကြိမ်းဝါးလေ့ရှိသည်။ မင်းသားညီနောင် ဆိုးသွမ်းပုံ
ကြံစည်ကြပုံမြင်ကွန်းမင်းသားသည် မိမိ၏ အထွေထွေ မကျေနပ်မှုကို အကောင်အထည်ဖော်ရန် ညီတော်မြင်းခုန်တိုင်မင်းသားနှင့် တိုင်ပင်သည်။ ခမည်းတော်နှင့် ဘထွေးတော်တို့ကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ရန် ကြံစည်သည်။ ထိုအကြံအစည်ကို ရတနာပုံနေပြည်တော်ရှိ အင်္ဂလိပ်ကိုယ်စားလှယ်များက အားပေးအားမြှောက်ပြုသည်။ နိုင်ငံတော် ခေတ်မီရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသော ကနောင်မင်းသားမရှိလျှင် ခေတ်မီရေးလုပ်ငန်းများ ရပ်စဲကုန်လိမ့်မည်ဟု အင်္ဂလိပ်တို့က တွေးထင်ယုံကြည်ကြပုံပေါ်သည်။ စရိုက်ကြမ်းပြီး မိမိလုပ်ကိုင်ချင်ပြီဆိုလျှင် မည်သည့်အရေးကိုမျှ မငဲ့ကွက်၊ မည်သူ့မျက်နှာကိုမှ မထောက်သော မြင်ကွန်းမင်းသားသည် ထီးနန်းစည်းစိမ် လုယူရေးအတွက် လူယုံများကို စုသည်။ စာပေပညာရှင်၊ ဗေဒင်ပညာရှင် ဖြစ်သော စလေဦးပုညက အခါတော်ပေးသည်ဟုဆိုကြသည် ။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ဦးပုည တွက်ချက်ပေးသော အခါတော်အတိုင်း လှုပ်ရှားရန် ပြင်ဆင်ကြသည်။ (ပထမဆုံးလုပ်ကြံရန် ဦးပုညထံ အခါတောင်း၍ ကြိုးစားကြရာ၌ မင်းတုန်းမင်းတရား လယ်ထွန်မင်္ဂလာဆင်းချိန်တွင် လုပ်ကြံရန် ဖြစ်သည်။ သို့သော် စစ်အင်္ဂါလေးပါးနှင့် ဘုရင်ကို ဝိုင်းရံထားကာ ကြွမြန်းသောကြောင့် လုပ်ကြံရန် မအောင်မြင်ခဲ့ကြောင်း သိရှိရပေသည်။)[၃] ဖြစ်ပွားပုံသက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော် တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။ ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။ မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန် ဘုရားပရိဝုဏ်တော်အတွင်း၌ ပါဠိပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်ရာတွင် ကြီးကြပ်ရန် စီစဉ်နေသည်။ မင်းတရားနှင့်အတူ သားတော်မက္ခရာမင်းသား၊ အနောက်ဝန်ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ်သေနတ်ဗိုလ်၊ ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေထီးဓားလက်စွဲ စသည့် နောက်လိုက်ငါးဆယ်ခန့်တို့ လိုက်ပါရန် ပွဲတော်ဆောင်မှ စံနန်းတော်အနောက်တံခါးဆီသို့ ထွက်လာကြသည်။ နန်းတော်ဝင်းနှင့် ကပ်လျက်ရှိ မြင်ကွန်းမင်းသားဝင်းတွင် ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိသော မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့၏ နောက်လိုက် (၅၀)ခန့်မှာ အရက်သေစာ သောက်စားရင်း ရဲဆေးတင်နေကြသည်။ ဦးပုည သတ်မှတ်ပေးသော မွန်းတက်ချိန် အခါတော်သို့ရောက်သည်နှင့် တောင်ပြင်ဟော်ကုန်းဘက်တွင် စောင့်နေသူတို့က မီးရှို့အချက်ပေးသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ရန်ဖြစ်လေဟန် အကွက်ဆင်ပြီး စံနန်းတော်အတွင်းသို့ ပြေးဝင်သည်။ မြင်ကွန်းမင်းသားသည် ဓားကိုင်ကာ ခုတ်မည့်ဟန်ဖြင့် မြင်းခုန်တိုင်မင်းသားနောက်မှ လိုက်သည်။ မြင်းခုန်တိုင်မင်းသားက အသက်ဘေးမှ လွတ်အောင်ပြေးသည့်ဟန်ဖြင့် ပြေးလာရင်း လွှတ်တော်အနီးသို့ ရောက်သည့်အခါ `ဘထွေးတော် ကယ်တော်မူပါ´ ဟု အသံကုန်အော်သည်။ ကနောင်မင်းသားသည် မင်းသားညီနောင်တို့ ရန်ဖြစ်နေကြပြီဟု မှတ်ထင်ပြီး တားရန်ကြိုးစားသည်။ သို့သော် စံနန်းတော်ဝင်းအတွင်း ဓားကိုင်၍ဝင်လာသော မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို သတိပြုမိသွားသည်။ မိမိကိုယ်တိုင်ပင်လျှင် လွှတ်တော်တက်ရာ၌ ဓားလှံ၊ သေနတ်များကို စံနန်းတော်အပြင် အုတ်ဇရပ်၌ နောက်လိုက်နောက်ပါ များနှင့်အတူ ထားခဲ့ရပါလျက် မြင်ကွန်းမင်းသားက ဓားကိုင်ပြီး စံနန်းတော်ဝင်းအတွင်း ဝင်လာပုံမှာ မရိုးသားဟု အိမ်ရှေ့စံ ကနောင်မင်းသား စဉ်းစားမိသွားသည်။ မင်းသားညီနောင်တို့နောက်မှ နောက်လိုက်များ ပါလာသည်ကလည်း မသင်္ကာစရာ ဖြစ်၏။ ထိုအချိန်တွင် မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို ရိပ်စားမိသဖြင့် စုံစမ်းရန် ရှေ့သို့တိုးထွက်သွားသော မြတောင်ဝန်ကြီးဦးမှိုမှာ ပုန်ကန်သူတို့၏ ဓားချက်မိသွားလေသည်။ ဦးမှို၏ အဖြစ်ကို တွေ့မြင်လိုက်ရသော ဖိနပ်တော်သား ဦးကရင်က `ရန်သူတော်ပါဘုရား၊ သတိထားပါဘုရား´ဟု အော်ဟစ်သတိပေးသည်။ ကနောင်မင်းသားသည် တူတော်မောင်မင်းသားများ ရန်ရှာမည့် အစီအစဉ်ကို သိသွားသည်။ ထို့ကြောင့် လွှတ်တော်ပေါ်သို့ ပြေးတက်၏။ အိမ်ရှေ့စံ ကနောင်မင်းသားသည် ရန်ကိုရှောင်ရန် ကြိုးစားရင်း လှေခါးအတက်တွင် မြင်ကွန်းဘက်တော်သား ငဖြူသီး မီလာပြီး ဓားနှင့်ခုတ်သဖြင့် ခြေထောက်ကို ဓားချက်ထိပြီး လဲကျသည်။ ထိုအချိန်မှာပင် မြင်းခုန်တိုင်မင်းသား ရောက်လာကာ အိမ်ရှေ့စံ ကနောင်မင်းသား၏ ခေါင်းကို ဖြတ်ယူလိုက်သည်။ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်ချင်သော အိမ်ရှေ့စံ ကနောင်မင်းသားသည် မလောက်လေး မလောက်စား မင်းသားငယ်များ၏ လက်ချက်ဖြင့် ကျဆုံးရသည်။ ပုန်ကန်သူတို့သည် ကနောင်မင်းသား၏ ဘက်တော်သားများဖြစ်သော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်းက ခေါ်သည့်ဟန် လိမ်ညာခေါ်ယူကာ စံနန်းတော် လက်ယာဝင်း တံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။ ဒီအရေးမှာ အိမ်ရှေ့စံ ကနောင်မင်းသား၊ မြတောင်မြို့စားသေနတ်ဝန်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ကြသည်။ လောင်းရှည်မြို့စား ဝန်ကြီး၊ လက်ဝဲဝင်းမှူး၊ မြေဒူးမြို့စား စသူတို့ ဒဏ်ရာရကြသည်။ ပခန်းဝန်ကြီး ဦးရန်ဝေး အပါအဝင် မှူးမတ်အချို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ မြင်ကွန်း မြင်းခုန်တိုင်ညီနောင်တို့၏ နောက်လိုက်သားများသည် တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်းဝင်ကြသည်။ အရှေ့ဝင်းမှူး၊ တောင်ထားဝယ်ဗိုလ်၊ ကင်းဝန်မင်းကြီးတို့သည် စံနန်းတော်သို့ကျူးကျော်လာသော မြင်ကွန်းမင်းသားတို့အား ခုခံတိုက်ခိုက်သည်။ သို့သော်အားခြင်းမမျှ ခုခံသူတို့ အထိအခိုက် အကျအနာများသည်။ အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို ဓားများဖြင့်မိုးကာ ခြိမ်းခြောက်၍ သစ္စာခံစေသည်။ သူရဲဝန် `ရွှေပြည့်ရန်အောင်မြင်းဝန် သတိုးမင်းကြီး မဟာသမိန်ဘေဖြတ်စ´ကိုလည်း ၎င်းနည်းအတိုင်း သစ္စာခံစေရာ သစ္စာမခံငြင်းဆန်သဖြင့် ငဖြူသီးကပင် လုပ်ကြံလိုက်ရာ စံနန်းတော်ပေါ်တွင် ကျဆုံးရ၏။ သူရဲဝန်၏ ကျောက်စီဓားကို ငဖြူသီးက ရလေသည်။ ဗောင်းတော်ဆောင်မာရဘင် တံခါးကိုဖျက်၍ အတင်းဝင်ရောက်လုပ်ကြံကြသဖြင့် တံခါးမှ စောင့်ရှောက်ခုခံသူ တောင်ဒဝယ်ဗိုလ်သည် ရန်သူ့လက်ချက်ဖြင့် ကျဆုံးရလေသည်။ မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာသောအခါ မင်းတုန်းမင်းအနီး ခစားနေသော ကင်းဝန်မဟာမင်းလှဇေယျသူမှ `ခမည်းတော်ကို မလုပ်ကြံသင့်ပါ ဘုရား´ဟုဆိုကာ ရှေ့မှစီး၍ကာကွယ်သဖြင့် မြင်းခုန်တိုင်မင်းသားလက်ချက်ဖြင့် ကင်းဝန်မဟာမင်းလှဇေယျသူမှာလည်း ကျဆုံးရလေသည်။ မင်းတုန်းမင်းလည်း လုပ်ကြံမည့်ဆဲဆဲ လွတ်မြောက်ခဲ့၍ အခင်းဖြစ်သည်ဆိုသည်နှင့် နန်းတော်သို့ ဝင်ရန်ကြိုးစားသည်။ ဝင်းအပြင်သို့အရောက်တွင် မြင်ကွန်းမင်းသားက လုပ်ကြံရန် တာဝန်ပေးထားသော ရွှေဓားဗိုလ် ငပိုက်ကြီးနှင့် တွေ့သည်။ မင်းတုန်းမင်းသည် သူ့အား လုပ်ကြံရန်စောင့်နေသော ငပိုက်ကြီးကို တွေ့သည်နှင့် `ငပိုက်ကြီး ငါ့ကိုပို့စမ်း´ဟု အမိန့်ပေးသည်။ ငပိုက်ကြီးသည် မင်းတုန်းမင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် သူ၏ တာဝန်ကို မေ့လျော့သွားသည်။ သူလုပ်ကြံရမည့် မင်းတုန်းမင်းကို ချီပိုးပြီး နန်းတော်ဆီသို့ ခပ်သုတ်သုတ်လျှောက်သည်။ မိဖုရားခေါင်ကြီးကို ကုလားပျိုသေနတ်စာရေး မောင်ခြုံက ချီပိုးပြီး ပို့ရသည်။ မက္ခရာမင်းသားမှာ နောက်လိုက်နောက်ပါများနှင့် အတူ ဖခင်မင်းတရားကို ကာကွယ်ပြီးလိုက်သည်။ လမ်းခရီးတွင် အနောက်ဝန်ဦးတက်တူကို မြင်းနှင့်တွေ့သည်။ မင်းတုန်းမင်းသည် ထိုမြင်းပေါ်သို့ပြောင်းစီးပြီး ခရီးဆက်ကာ နန်းတော်သို့ မြို့တော်မြောက်ဘက် ပန်းဦးတံတားမှ ဘေးကင်းစွာ ဝင်နိုင်ခဲ့သည်။ ဝန်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။ မင်းတုန်းမင်း ရွှေနန်းတော်သို့ ဝင်ရောက်သွားချိန်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ယာယီနန်းတော်အတွင်း မွှေနှောက်ပြီး ခမည်းတော်ကို လိုက်လံရှာဖွေသည်။ စံနန်းတော်တွင် မတွေ့ရသည့်အခါ နောက်ကြောင်းပြန်လှည့်လာပြီး (ရွှေကျွန်းပိုင်ကျွန်းလွန်ခါမှ ပျိုတားနိုင်ရိုးလား) ဟူသော တပေါင်သီချင်းများကို ဟစ်အော်ကြွေးကြော်ရင်း ရွှေမြို့တော် ဦးထိပ်တံခါးမှ မြို့အတွင်းသို့ ဝင်သည်။ မြို့အတွင်းသို့ရောက်သည်နှင့် ရွေးတော်ယူတံခါးမှ သစ်တပ်အတွင်းသို့ ဝင်ရန်အားထုတ်ကြသည်။ ရွေးတော်ယူတံခါးတွင် နတ်ရှင်ရွေး သေနတ်ဗိုလ် မောင်စို တပ်နှင့် ရင်ဆိုင်တိုက်ခိုက်သည်။ သေနတ်ဗိုလ်တပ်က မြင်ကွန်းတပ်ကို မတားနိုင်သဖြင့် ဆုတ်ခွာရာ ရွေးတော်ယူတံခါး ပွင့်သွား၏။ မြင်ကွန်းမင်းသား၏ အမိန့်နှင့် နောက်လိုက် တပ်သားများက လွှတ်တော်ကို ဝင်စီးသည်။ လွှတ်တော်အတွင်းရှိနေသော မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှ သီဟသူ၊ ဝန်ထောက်ကျောက်ရဲ မြို့စားမင်းကြီး မင်းခေါင်သီဟသူ၊ အသည်ဝန်ထောက်မင်းကြီး မဟာသီဟသူရ၊ ဝန်ကြီးဦးကြာနုနှင့် မှူးမတ်များ အဖမ်းခံကြရသည်။ မြင်ကွန်းမင်းသား၏ တပ်သည် တံခါးနီကို စီးနိုင်ရန် ကြိုးစားသည်။ တံခါးနီပေါက်လျှင် နန်းတော်သို့ရောက်ပြီ။ ထိုအခါ ရာဇပလ္လင်သည် မိမိတို့ လက်ဝယ်သို့ ရောက်မည်။ တံခါးနီမှနေ၍ မက္ခရာမင်းသားနှင့် ပခန်းဝန်ကြီးတို့ ဦးစီးသောတပ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံသည်။ မြင်ကွန်းမင်းသားသည် မက္ခရာမင်းသားကို စည်းရုံးရန်ကြိုးစားသည်။ မက္ခရာမင်းသားက `ငါ့ဗိုက်ထဲမှာ ခမည်းတော်ရဲ့ ထမင်းရှိတယ်´ ဟုဆိုပြီး ပြန်လည်ခုခံသည်။ မြင်းခုန်တိုင်မင်းသားသည် နန်းတွင်းသို့ အလွယ်တကူမဝင်နိုင်သဖြင့် လွှတ်တော်ကို မီးရှို့ရန် မြင်ကွန်းမင်းသားအား အကြံပေးသည်။ မြင်ကွန်းမင်းသားက နန်းတော်ထဲမှာ မယ်တော်ရှိနေ၍ ညီတော်၏ အကြံကိုလက်မခံပေ။ မင်းသားညီနောင်တို့သည် ပုရပိုက်တွင် မြို့နန်းတစ်ခြမ်းကို ရပြီ၊ ခမည်းတော်သဘောထားကို သိလိုသည်ဟု စာရေး၍ ပိုးနီပုဝါရစ်ပတ်ကာ တံခါးနီအတွင်းသို့ ပစ်ချသည်။ ထိုစာကို တံခါးနီအမှုထမ်း ငရေချမ်းမှတစ်ဆင့် မင်းတုန်းမင်းကိုယ်တော်တိုင်ဖတ်ပြီး ငါ့ကိုရန်မပြုနှင့်ဟု စာရေးကာ ပုဝါနီရစ်ပတ်ပြီးလျှင် မြင်ကွန်းညီနောင်တို့၏ မိခင် တောင်ရွှေရေးမိဖုရားအား အပို့လွှတ်သည်။ မင်းသားညီနောင်တို့သည် စာကိုအရေးမထားဘဲ ဆက်လက်တိုက်ခိုက်သည်။ ထိုစဉ် ကနောင်မင်းသား၏တပ်များက ကနောင်မင်းသားကွယ်လွန်သည်ကို မသိဘဲ ၎င်း၏သခင်ကိုရှာရန် နန်းတော်သို့ ချီတက်လာကြသည်။ မြင်ကွန်းမင်းသား၏ တပ်များသည် ကနောင်မင်း၏ တပ်များလာသောအခါ ထွက်ပြေးကြရသည်။ အသာစီးရနေသော မြင်ကွန်းမင်းသားတပ်များသည် တခဏအတွင်းမှာပင် အရေးနိမ့် သွားကြသည်။ တိုက်ပွဲတွင် မြင်ကွန်းမင်းသားဘက်က အထိနာပြီး အနောက်ရုံးဘက်တွင် သွားရောက်စုရုံးစဉ် မင်းတုန်းမင်းအား လွှတ်ပေးလိုက်သော ငပိုက်ကြီးကို တွေ့သည်နှင့် မြင်ကွန်းမင်းသားက အဆုံးစီရင်လိုက်သည်။ အနောက်ရုံးမှနေ၍ တစ်ညလုံး နန်းတော်သို့ သေနတ်စိန်ပြောင်းများဖြင့် ပစ်ခတ်သည်။ မင်းတုန်းမင်းတပ်က နန်းတော်မှနေ၍လည်းကောင်း ကနောင်မင်းသားတပ်က သစ်တပ်အပြင်မှနေ၍လည်းကောင်း တိုက်ခိုက်သဖြင့် မြင်ကွန်းတပ်သည် ည သုံးချက်တီးကျော်အချိန်၊ မြို့တောင်ဘက် `ရန်နှိမ်´တံခါးမှ ဆုတ်ခွာကာ ဆိပ်ကမ်းရှိ ဘုရင်ပိုင်ရေနန်းစကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီးပြေးကြသည်။ လမ်းခရီးတွင် မြို့ရွာများကို တိုက်ခိုက်ကာ ရွှေငွေရတနာပစ္စည်းများကို သိမ်းယူသည်။ မြင်ကွန်းမင်းသားနှင့် အပေါင်းအပါတို့သည် မြင်းခြံတွင်လူစုကာ နေပြည်တော်ကို တိုက်ခိုက်ရန်ကြံသော်လည်း မအောင်မြင်။ မြင်ကွန်းမင်းသားတို့ကို ဖမ်းဆီးရန်အတွက် အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို လက်နက်လူသူအပြည့်နှင့် မြနန်းစကြာ သင်္ဘောဖြင့် လိုက်စေသည်။ သို့သော် မြင်ကွန်းမင်းသားအဖွဲ့သည် အင်္ဂလိပ် အစိုးရပိုင်နယ်မြေထဲသို့ ဆုတ်ခွာသွားပြီး လွတ်မြောက်သွားခဲ့သည်။ [၄]
မလျှော့သောဇွဲကနောင်မင်းသားကို လုပ်ကြံခဲ့သော မြင်ကွန်းမင်းသားသည် တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အာဏာသိမ်းမည့်အကြံအစည်ကို မလျှော့ဘဲ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ကြိုးစားသည်။ ဗာရာဏသီရှိ အကျယ်ချုပ်ခံထားရသော စံအိမ်မှ မြင်ကွန်းမင်းသားသည် သူ၏ အဝတ်ဟောင်းများကို လာယူလျှော်ဖွတ် ပေးသော ဒိုဘီကြီးကို ဖမ်းစီး၍ ဒိုဘီကြီး၏ အဝတ်များကိုဝတ်ဆင်ပြီး အဝတ်ဟောင်းထုပ်ကို ခေါင်းတွင်ရွက်ကာ ထွက်ပြေးလွတ်မြောက် သွားလေသည်။ ထို့နောက် ကုန်သည်တစ်ယောက်၏ အခိုင်းအစေကူလီအဖြစ် ပြင်သစ်အပိုင် ချန္ဒရာနဂိုမြို့သို့ အရောက်သွားပြီး ပြင်သစ်အစိုးရထံ ခိုလှုံသည်။[၅] ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူးဟု လျှောက်ထားရာ ဆရာတော်ကြီးက ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။ [၆] စိတ်နာကြပုံသာယာဝတီမင်းခေါ် ရွှေဘိုမင်းလက်ထက်၊ အမရပူရနန်းမြို့အတွင်း မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ ညီနောင် စံတော်မူသည့် ဝင်းနှစ်ဝင်းမှာ ကပ်လျက် ရှိသည်။ သို့ဖြစ်၍ ကနောင်မင်းသား ကိုယ်လုပ်တော် ဆောင်ရသခင်ကြီး (ခင်ဖွားကြီး)၏ အဆောင်နှင့် မြင်ကွန်းမင်းသား၏ မယ်တော်အဆောင်တို့မှာ နီးကပ်သည်။ မြင်ကွန်းမင်းသားမှာ ငယ်စဉ်က ပန်းနာရင်ကျပ်ရှိသဖြင့် မအိပ်ရ၍ ခင်ဖွားကြီးက ထိန်းရ၊ ပြုစုရသည်ဟု ဆိုသည်။ ထို့ကြောင့် မြင်ကွန်းညီနောင် လက်ချက်နှင့် အိမ်ရှေ့မင်း နတ်ရွာစံရသောအခါ ခင်ဖွားကြီးသည် မြင်ကွန်းမင်းသားကို အလွန်စိတ်နာသည်ဟု အိမ်ရှေ့တော်ဆက်များက ပြောကြသည်။ [၇]
ကိုးကား
|
Portal di Ensiklopedia Dunia