ငါ့သရောက်မြို့
ငါ့သရောက်မြို့ သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ညောင်ဦးလေဆိပ် မြောက်ဘက်လမ်းအတိုင်း အရှေ့တောင်ယွန်းယွန်းသွားသော မြေလမ်းကလေးအတိုင်း သွားရသည်။ ပုဂံမြို့မှ ဆိုလျှင် တစ်ယူဇနာ(တစ်ဆယ့်နှစ်မိုင်ကျော်ကျော်) ဝေးသည်။ မြောက်ဘက် ဧရာဝတီမြစ်၊ တောင်ဘက် ပုပ္ပါးတောင်ကြား သဲချောင်းများဆုံရာအရပ်တွင် တည်ရှိသည်။ ငါ့သရောက်ဒေသသည် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်သာမြို့နယ် သုံးမြို့နယ်တို့ ဆုံရာ ြတိဂံနယ်မြေဒေသလည်းဖြစ်၏။ ငါ့သရောက်ဒေသကို တကူးတကသွားမှသာ ရောက်နိုင်သော ဒေသတစ်ခုလည်းဖြစ်သည်။ ပုဂံခေတ်ကတည်းက မြို့ငါ့သရောက်မြို့သည် ပုဂံခေတ် ကျစွာမင်းလက်ထက် ငလှသင်မောင်နှံ ကျောက်စာ၊ ဥဇ္ဇနာမင်းလက်ထက် သီခင်စစ်ဗိုလ်ကျောက်စာနှင့် ပုဂံမြို့ ၁၁၆၄-ခု စစ်တမ်းအထောက်အထားတို့အရ ပုဂံခေတ်ကတည်းကပင် ငါ့သရောက်မြို့၊ ရွှေတောင်မြို့၊ တောင်ဇင်းမြို့၊ စဉ့်ကူမြို့နှင့် ရွာသာမြို့ ဟူသော မြို့ရံငါးမြို့တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ အမည်အမျိုးမျိုးငါ့သရောက်ဒေသကို ငါ့သားရောက် ဟုလည်းကောင်း၊ ငါ့သရောက်ဟုလည်းကောင်း၊ ငါ့တာရောက်ဟုလည်းကောင်း၊ ငသုန်ရောက်ဟုလည်းကောင်း၊ ငသရောက်ဟုလည်းကောင်း ရှေးခေတ်ကတည်းက ယနေ့ခေတ်အထိ အနက်အဓိပ္ပာယ်၊ အယူအဆအမျိုးမျိုးတို့ဖြင့် သတ်မှတ်ခေါ်ဆိုလျက် ရှိသည်။ ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် မြို့ရွာစာရင်းအတိုင်း ငါ့သရောက်ဟု သတ်မှတ်ခေါ်ဆိုကြသည်။ တော်လှန်ရေး သူရဲကောင်းများမြန်မာနိုင်ငံ တစ်ခုလုံး နယ်ချဲ့အင်္ဂလိပ်လက်အောက် ကျရောက်ထဲ့စဉ်က ၁၈၈၇-ခုနှစ်အထိ ငါ့သရောက်ဒေသသည် ပုဂံစီရင်စုအတွင်းရှိ ဒေသတစ်ခုဖြစ်သည်။ ထိုနယ်မြေဒေသမှ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သော ဗိုလ်ချိုကို "'ပုဂံဗိုလ်ချို"'ဟု အမည်တပ်ခေါ်ဆိုခဲ့ဟန်ရှိသည်။ ပုဂံဗိုလ်ချိုသည် နယ်ချဲ့တော်လှန်ရေး လုပ်ငန်းများကို ပြောက်ကျားစနစ်ဖြင့် အရှိန်မြင့် ဆောင်ရွက်ခဲ့သဖြင့် နယ်ချဲ့တို့သည် ၁၈၈၈-ခုနှစ်တွင် ပုဂံစီရင်စုကို ဖျက်သိမ်း၍ ငါ့သရောက်ဒေသကို မြင်းခြံစီရင်စုထဲသို့ ထည့်သွင်းခဲ့သည်။ ပုဂံဗိုလ်ချိုသည် အေဒီ ၁၈၈၆-ခုနှစ်မှ ၁၈၉၅-ခုနှစ်အထိ ဆယ်နှစ်နီးပါး နယ်ချဲ့တို့ကို ပြောက်ကျား စနစ်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့ပြီး အင်အားနည်းပါးလာခဲ့သည်။ ပုဂံဗိုလ်ချို၊ သားဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်တို့သည် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ယော၊ ဆောနယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတော်လှန်တိုက်ခိုက်ရန် ပုဂံသီရိပစ္စယာ ဂူပြောက်ဘုရားအတွင်း ခေတ္တစခန်းချနားနေစဉ် သစ္စာဖောက်အမျိုးယုတ်၊ ပုဆိန်ရိုးလောက်ကောင်တို့၏ သတင်းပေးမှုကြောင့် (၃၀-၆-၁၈၉၅) ရက်နေ့တွင် ဖမ်းဆီးခြင်း ခံရသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ပုဂံဗိုလ်ချို သားအဖ သုံးဦးတို့အား ငါ့သရောက်မြို့ရှိ မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်၍ ကြိုးပေး ကွပ်မျက်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ငါ့သရောက် နယ်သူနယ်သားတို့အား နောက်နောင်တွင် ယင်းတို့ကို ပုန်ကန်တော်လှန်မှု မပြုလုပ်ဝံ့စေရန် ရည်ရွယ်လျက် ပုဂံဗိုလ်ချိုတို့ သားအဖသုံးဦး ကြိုးပေးကွပ်မျက်မှုကို (မပျက်မကွက်) လာရောက်ကြည့်ရှုစေခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia