တောင်သာမြို့နယ်
တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်း တွင်တည်ရှိသော မြို့နယ် တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တောင်သာမြို့ဖြစ်သည်။၊ သမိုင်းကြောင်းပေါက္ကံပြည်၊ အလောင်းစည်သူမင်းကြီးသည် ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်ရာ ယခုကျောက်ရင်းအရပ်တွင် ဓာတ်တော်အစစ်ပါသော ဓာတုစေတီနှင့် ဥဒိဿစေတီ ၂ဆူကိုးကွယ်ခဲ့ပြီး ကျောက်ရစ်ရွာဟု သမိုင်းတွင်စေခဲ့သည်။ ကာလကြာသော် ကျောက်ရင်းဟု ပြောင်းလဲလာသည်။တောင်သာမြို့မှာ ထိုစဉ်က အိုင်သာရွာအမည်ဖြင့် ကျောက်ရင်း လက်အောက်တွင် တည်ရှိခဲ့သည်။ ထိုစဉ်က ကျောက်ရင်းတွင် ပေတစ်ပင်ပေါက်ခဲ့ရာ "ပေတစ်သီး ကျီးတစ်သား"ဟူသော စကားကိုဆန့်ကျင်လျက် ပေပင်သည် တစ်ကြိမ်သီးပြီးလျှင် မသေပဲ အတက်များဖြင့် ဝေဆာနေရာ ပညာရှင်တို့က နောင်တွင် ကျောက်ရင်း၏တောင်ဘက်တွင် မြို့တောင်သာလိမ့်မည်ဟု နိမိတ်ကောက်ခဲ့ကြသည်။၁၁၆၄ခုနှစ်တွင် အိုင်သာကို တောင်သာဟု အမည်ပြောင်းခဲ့ရာမှ တောင်သာမြို့ဖြစ်လာခဲ့သည်။၂၈.၂.၁၉၇၃တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ တောင်သာမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။[၂] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၀၀မိနစ် ၂၀စက္ကန့်နှင့် ၂၁ဒီဂရီ ၂၄မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၆မိနစ်နှင့် ၉၅ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၂၊ တောင်မှမြောက်သို့ ၂၂မိုင်ရှိပြီး ၅၀၇.၂၁စတုရန်းမိုင် ကျယ်ဝန်းသည်။[၂] နယ်နိမိတ်တောင်သာမြို့နယ်၏ အရှေ့ဘက်တွင် မလှိုင်မြို့နယ်၊ တောင်ဘက်တွင် ကျောက်ပန်းတောင်မြို့နယ်၊ အနောက်ဘက်တွင် ညောင်ဦးမြို့နယ်၊ မကွေးတိုင်းမှ ပခုက္ကူမြို့နယ်၊ မြောက်ဘက်တွင် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၂.၉ပေအထက်တွင် တည်ရှိသည်။ မြို့နယ်၏တစ်ဝက်ခန့်မှာ တောင်တန်း၊ တောင်ကုန်း၊ တောင်စွယ်၊ ရေဝေရေလဲကုန်းတန်း၊ ရိုးချောင်းများဖြင့် ရောနေသည့် မညီညာသော ချိုင့်ဝှမ်းဖြစ်ကာ ကျန်တစ်ဝက်မှာ မညီညာသောလွင်ပြင်ဖြစ်သည်။ မြို့နယ်အတွင်းတွင် အမြင့်ပေ ၁၇၈၈ပေမြင့်သော တောင်သာတောင်၊ ၁၃၁၅ပေမြင့်သော နန်းမြင့်တောင်၊ ၁၃၆၈ပေမြင့်သော အိုးတောင်နှင့် ၁၃၁၆ပေမြင့်သော မြင်စိုင်းတောင်တို့ တည်ရှိသည်။ဧရာဝတီမြစ်သည် မြို့နယ်အတွင်း ၉မိုင်ခန့် စီးဆင်းသည်။ ဆင်တဲဝချောင်းသည် တောင်မှမြောက်အတိုင်း ၁၈မိုင်စီးဆင်းကာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ လူဦးရေတောင်သာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်းနှင့် ကရင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၀၁၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်နှင့်အိန္ဒိယ၊လူမျိုးများဖြစ်သည်။[၂] ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ တောင်သာမြို့နယ်ကို ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၇ အုပ်စုတို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၂၁၆,၆၄၂ဦး ရှိသည်။ လူဦးရေ သိပ်သည်းဆမှာ ၁စတုရန်းကီလိုမီတာလျှင် ၁၆၄.၉ဦး ရှိပြီး အမျိုးသားဦးရေ ၉၁,၇၆၁ဦးနှင့် အမျိုးသမီးဦးရေ ၁၁၉,၄၈၁ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၄.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၅..၂ ရာခိုင်နှုန်းဖြစ်သည်။ ကျေးလက်တွင်နေထိုင်သူ ၁၉၉,၁၁၄ ဦးရှိပြီး မြို့ပြတွင်နေထိုင်သူ ၁၇,၅၂၈ ဦးရှိသည်။ ရာခိုင်နှုန်းအားဖြင့် ကျေးလက်တွင်နေထိုင်သူ ၉၁.၉ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပြတွင်နေထိုင်သူ ၈.၁ ရာခိုင်နှုန်းဖြစ်သည်။ [၃] စီးပွားရေးတောင်သာမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အသင့်အတင့်ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထို့အပြင် လက်မှုလုပ်ငန်း များလည်းလုပ်ကိုင်သည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ထန်းလျက်၊ ကြက်သွန်နီနှင့် ပြောင်းတို့ဖြစ်ကာ မြန်မာပြည်အောက်ပိုင်းသို့ အဓိကထား တင်ပို့သည်။ မြန်မာပြည်အောက်ပိုင်းမှ ဆန်စပါးနှင့် ရေထွက်ကုန်ပစ္စည်းများကို အဓိကတင်သွင်းသည်။ မြို့နယ်အတွင်းတွင် နိုင်ငံပိုင် အမှတ်(၁၀)အထည်စက်ရုံ၊ ဝါကြိတ်စက်ရုံများ တည်ရှိကာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၆၀၀ကျော်တည်ရှိသည်။ ထို့အပြင် တောင်သာ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်း လည်းတည်ရှိသည်။ ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးတောင်သာမြို့နယ်သည် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းများသို့ ကုန်းလမ်း၊ ရေလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်သည်။ မန္တလေးမြို့နှင့် မိတ္ထီလာမြို့များသို့ ခရီးသည်တင်ကားများရှိသည်။ ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၁၅ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၈၄ကျောင်းရှိသည်။ ကျန်းမာရေး
ရုံးစည်ကြီး တိုက်နယ်ဆေးရုံ ထင်ရှားသော နေရာများဇဂျမ်း-ကန်မြဲကန်ဇဂျမ်း-ကန်မြဲကန်သည် တောင်သာမြို့နယ် ဇဂျမ်း-ကန်မြဲ ကျေးရွာအုပ်စု၏ သောက်သုံးရေ ကန်ကြီးဖြစ်သည်။ အနော်ရထာမင်း လက်ထက်က တည်ဆောက်ခဲ့သော ကန်ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ သဲနုံးများ ပို့ချမှုကြောင့် ရေသိုလှောင်နိုင်မှု နည်းပါးပြီး ရေဝင်ရောက်မှုလည်း လျော့နည်းလာသဖြင့် ဆည်မြောင်း ဦးစီးဌာနက ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်ပြုပြင်ခဲ့သည်။ ကန်ကြီးမှာ ဇဂျမ်းကျေးရွာအပါအဝင် ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာပေါင်း (၁၅) ရွာမှ အိမ် ထောင်စု (၄၀၀၀) ကျော်၊ လူဦးရေ (၂၂၀၀၀) ခန့်က မှီခိုအားထားရပြီး ယခင်က သောက်သုံးရေ သာမက စိုက်ပျိုးရေ အတွက်ပါ အားထားရသော ကန်ကြီး ဖြစ်ခဲ့သည်။[၄] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia