ကယန်းပြည်သစ်ပါတီ
ကယန်းပြည်သစ်ပါတီ (Kayan New Land Party, အတိုကောက် KNLP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ကယန်းပြည်သစ်တပ်မတော် ဖြစ်သည်။ သမိုင်းကြောင်းအစောပိုင်း နေ့ရက်များ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းအစိုးရ တက်လာပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဖယ်ခုံမြို့နယ်ရှိ ဒေသခံခေါင်းဆောင်များက ဆည်တည်ဆောက်ရေး ကန့်ကွက်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။[၄] ၁၉၆၄ ခုနှစ် မေလတွင် ဦးနေဝင်းအစိုးရသည် ကြိုတင်သတိပေးခြင်းမရှိဘဲ ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ဖျက်သိမ်းခဲ့သည်။[၅] လက်နက်ကိုင် စတင်ခြင်း၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖယ်ခုံမြို့နယ်မှ ရွာသားများက ဦးနေဝင်းအစိုးရအား ဆန့်ကျင်ကာ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။[၆] ပထမဆုံး လက်နက်ကိုင်အဖွဲ့ကို ဂျပန်ဆန့်ကျင်ရေးသမားဟောင်း ဗိုလ်ပျံက ဦးဆောင်ခဲ့သည်။[၇] ယင်းနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဦးရွှေအေး ပါဝင်လာပြီးနောက် ကယန်းပြည်သစ်ပါတီကို စတင်ဖွဲ့စည်းခဲ့သည်။[၅][၂] တန်ဖိုးရှိ ငွေစက္ကူများကို အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက်တွင် လက်နက်ကိုင် ကြိုးပမ်းမှုသည် ဖြစ်ပေါ်လာခဲ့သည်ဟု Lintner (၁၉၉၄) က ဆိုသည်။[၅] သို့သော် အချို့က ဆည်တည်ဆောက်ရေး ကန့်ကွက်လှုပ်ရှားမှုမှ KNLP စတင်ဖွဲ့စည်းခဲ့သည်ဟုလည်း ဆိုကြသည်။[၄][၈] ဗကပ နှင့် မဟာမိတ်ဖွဲ့ခြင်းအစောပိုင်းတွင် KNLP သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ အမျိုးသားဒီမိုကရက်တစ်တပ်ဦးကို ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။[၉] သို့သော် ၁၉၇၇ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်းရန် အမျိုးသားဒီမိုကရက်တစ်တပ်ဦးမှ KNLP နုတ်ထွက်ခဲ့သည်။ KNLP ထိန်းချုပ်နယ်မြေများသည် နယ်စပ်ဒေသနှင့် အလှမ်းဝေးကာ နိုင်ငံခြားအကူအညီ ဝေးကွာသဖြင့် ၁၉၇၉ ခုနှစ်တွင် ဗကပ နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။[၁၀] ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ ရှမ်းပြည်အမျိုးသားလွတ်မြောက်ရေးအဖွဲ့နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။[၁၁] ၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲခဲ့ချိန်တွင် KNLP အတွင်း ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ကာ ကယန်းအမျိုးသားစောင့်တပ်ဖွဲ့သည် အင်အား ၆၀ ခန့်နှင့် KNLP မှ ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ညှိနိုင်းခဲ့သည်။[၁၁][၁၂] ထိုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် KNLP သည် အမျိုးသားဒီမိုကရက်တစ်တပ်ဦးတွင် ပြန်လည်ပါဝင်ခဲ့သည်။ [၅] အပစ်အခတ် ရပ်စဲပြီးနောက်မဟာမိတ်အဖွဲ့အား ဆုံးရှုံးပြီးနောက် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် KNLP သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကာ ကယားပြည်နယ် အထူးဒေသ ၃ ကို ထိန်းချုပ်အုပ်ချုပ်ခွင့် ရရှိခဲ့သည်။[၁၁] သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ခွင့်များကိုလည်း ရရှိခဲ့သည်။[၁၁] သို့သော်လည်း KNLP နှင့် စစ်အစိုးရတို့အကြား ဆက်ဆံရေးမှာ မတည်ငြိမ်ခဲ့ပေ။ ဝီကီလိခ်မှ ထုတ်ဖော်ခဲ့သော စာတမ်းတစ်ခုတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက 'အေးချမ်းဖြိုးကောင်စီနှင့် ဆက်ဆံရေးမှာ ပူလိုက်၊ အေးလိုက်' ဟု ဖော်ပြခဲ့သည်။[၁၃] ၂၀၀၅ ခုနှစ်တွင် တပ်မတော်သည် ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုကို KNLP ထိန်းချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည်။[၃] အပစ်အခတ် ရပ်စဲပြီးနောက် KNLP သည် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကာ ပြည်သူ့စစ်အသွင် ဖြစ်လာခဲ့သည်။[၁၄] ၂၀၀၉ ခုနှစ်တွင် KNLP အား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ဖိအားပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် KNLP သည် ပြည်သူ့စစ်အဖွဲ့သို့ ကူးပြောင်းကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြောဆိုခဲ့သော်လည်း KNLP က ငြင်းဆိုခဲ့သည်။[၁၅] အစောပိုင်းတွင် KNLP သည် ဆွေးနွေးရမည့်အဖွဲ့ဟု အစိုးရက သတ်မှတ်ခဲ့ကာ အမျိုးသားညီလာခံသို့ ဖိတ်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတို့မှ ဖယ်ကြဉ်ခံရသည်။[၁၆][၁၄] KNLP သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ ၂၀၁၅ နိုဝင်ဘာလတွင် ပန်ဆန်းမြို့၌ ပြုလုပ်ခဲ့သော ပန်ဆန်းညီလာခံသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့အနက်မှ တစ်ဖွဲ့အပါအဝင် ဖြစ်သည်။[၁၇] စစ်အာဏာသိမ်းပြီးနောက်ကာလ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် KNLP သည် တော်လှန်ရေးအဖွဲ့များနှင့် လျှို့ဝှက်ပူးပေါင်းကာ သင်တန်းများ ပေးခဲ့သည်။[၁၈] ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို လွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။[၁၉] ၂၀၂၁ ခုနှစ် မေလတွင် KNLP နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆောင်နန်းခဲရွာရှိ တပ်မတော်စစ်ကြောင်းနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။[၂၀] ၂၀၂၂ ခုနှစ် မတ်လတွင် အခြားပြည်သူ့စစ်အဖွဲ့များကဲ့သို့ပင် ပါတီ၏ လက်နက်များအား တပ်မတော်က ထောက်ပံ့ပေးထားသည့်အတွက် တပ်မတော်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေဆဲ ဖြစ်သည်။[၂၁] သို့သော်လည်း KNLP ၏ ရှေ့တန်းစခန်းများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခံနေရဆဲ ဖြစ်သည်။[၂၂][၂၃] စစ်ကောင်စီအား ဒေသတွင်းတော်လှန်ရေးများက တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်ပါတီကြောင့် အခက်အခဲဖြစ်ရသည်ဟု ဆိုသည်။[၂၄] ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် KNLP ဦးဆောင်သော ကယန်းအမျိုးသားပညာရေးကော်မတီသည် ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်တွင် ဆရာဖြစ်သင်တန်းများ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ ကယန်းစာပေနှင့် ဘာသာစကားများကို သင်ကြားသွားမည် ဖြစ်သည်။ ထို့အပြင် သဘာဝသိပ္ပံ၊ စီးပွားရေး၊ ဥပဒေနှင့် အင်ဂျင်နီယာဘာသာရပ်များကိုလည်း သင်ကြားပေးမည် ဖြစ်သည်။[၂၅] ကိုးကား
ဆက်လက်ဖတ်ရှုရန်
|
Portal di Ensiklopedia Dunia