ဘော်ကြိုဘုရား
ရှေးကမွေတော်ဟူ၍လည်းကောင်း၊၊ မုဋ္ဌောဟူ၍လည်းကောင်း ခေါ်ဆိုပြီးလျှင် ယခု ဘော်ကြိုဘုရားဟု ခေါ်တွင်နေသော စေတီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပါဝင်သော ဘော်ကြိုရွာကြီး(ဘော်ကြိုရွာဟောင်း)၌ တည်ရှိသည်။ ဘော်ကြိုရွာသည် သီပေါနှင့် ကျောက်မဲအကြားတွင် ရှိ၍၊ မန္တလေး-လားရှိုး မီးရထားလမ်းနှင့် မော်တော်ကားလမ်းသည် ဘော်ကြိုရွာကြီးကို ဖြတ်သန်းသွားသည်။ မီးရထားလမ်းအားဖြင့် ၁၄ မိုင်ခန့် ကွာဝေး၍ ဘော်ကြိုဘုရားပွဲတော်အခါတွင် သွားရေးလာရေး အဆင်ပြေပေသည်။ ဘော်ကြိုစေတီသည် ဘော်ကြိုရွာ၏ အနောက်ဘက်တွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ထင်ပေါ်ကျော်ကြားသည့် တန်ခိုးကြီး ဘုရားများအနက် ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဋ္ဌောစေတီတော်လည်း အပါအဝင်ဖြစ်သည်။ စေတီတော်မုခ်ရှိ ဆင်းတုတော်များ၏ ဘွဲ့တော်အမည်များမှာ -
မုခ်လေးဘက်တွင် စံပါယ်တော်မူသည့် ထိုင်တော်မူ ဆင်းတုတော်များ၏ ဒါယကာမှာ ဂြီတြိဘုဝနာဒိတျာ ပဝရ ဓမ္မရာဇာ ဘွဲ့ခံ ပုဂံပြည့်ရှင် နရပတိစည်သူမင်း (အေဒီ - ၁၁၆၅-၁၂၁၁) ပင် ဖြစ်သည်။ မင်းကြီးသည် စကား (၉)ပိုင်းမှ ဘုရားရုပ်ပွား ဆင်းတုတော် (၁၂)ဆူကို ထုလုပ်၍ လှူဒါန်းမှု ပြုရာတွင် ဤ ဘော်ကြိုမုဋ္ဌော ဆင်းတုတော် (၄)ဆူလည်း အပါအဝင် ဖြစ်သည်။ သမိုင်းမှတ်တမ်းအရ ကျန်ဆင်းတုတော် (၈)ဆူ တည်ရှိရာ ဒေသများမှာ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာတွင် တစ်ဆူ၊ သိန္နီမြို့နယ်၊ ဟိုမိန်းရွာတွင် တစ်ဆူ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမံစံမြို့နယ်၊ ကျိုင်းလင်းရွာတွင် တစ်ဆူနှင့် မိုင်ကိုင်မြို့တွင် တစ်ဆူ ဖြစ်ကြောင်း သိရသည်။ [၁]
သမိုင်းစေတီ၏ သမိုင်းအဆိုမှာ သီရိဓမ္မာသောက မင်းတရားကြီး လက်ထက် ကိုးတိုင်းကိုးဌာနသို့ ဗုဒ္ဓသာသနာ ပျံ့နှံ့စေရန် သာသနာပြုစေလွှတ်ရာ ထိုအရပ်ဒေသသို့လည်း သာသနာပြု မထေရ်တစ်ပါး ရောက်ရှိလာသည်။ ထိုမထေရ်သည် ဂေါတမဘုရား အလောင်း ဝက်မင်း ဖြစ်စဉ်က ကျက်စားပျော်ပါးခဲ့ရာ ဖြစ်သော ဝက်လူးအိုင်နေရာ၊ နမ္မတူမြစ်ကမ်းဘေးတွင် သရီယ ဓာတ်တော် မွေတော်များကို ဌာပနာ၍ စေတီတော် တည်ထားပြီးသော် မုဋ္ဌောစေတီဟု ဘွဲ့တော်သခဲ့သည်ဟု ဆိုလေသည်။ အထက်တွင် ဆိုခဲ့သော မုဋ္ဌောစေတီကို ဘော်ကြိုရွာအနီး၌ တည်ရှိသဖြင့် နောင်အခါ ဘော်ကြိုဘုရားဟုလည်း ခေါ်တွင်လာသည်။ ပြုပြင်မွမ်းမံခြင်းကိုလည်းအထပ်ထပ်ပြုခဲ့ကြသည်။ မုဋ္ဌိသဒ္ဒါမှာ လက်တစ်ဆုပ် သုံးပေဟု ပါဠိအဘိဓာန်က ဖွင့်ဆိုသဖြင့် ဉာဏ်တော် သုံးပေခန့်ရှိ ဆင်းတုတော်များ ဌာပနာထားသည့် စေတီတော်ဟု မှတ်ယူနိုင်သည်။ ထိုဒေသခံ ရှမ်းလူမျိုးများ အဆိုအရ စေတီတော်တည်ထားသည့်နေရာသည် ဘုရားလောင်းနုစဉ်ဘဝ ဝက်ဖြူမင်း ဖြစ်စဉ်က နေထိုင်ကျက်စားခဲ့ရာနေရာ၌ တည်ထားသည်ဟု ယုံကြည်ကြသည်။
ပြုပြင်ထိန်းသိမ်းခြင်းပထမအကြိမ်အဖြစ် သက္ကရာဇ် (၁၂၉၀ မှ ၁၃၀၀) ပြည့်နှစ်အတွင်း သီပေါစော်ဘွားကြီး စောအုံကြာသည် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီနှင့် ပူးပေါင်း၍ မူလစေတီတော်အား ရှေးမူလက်ရာမပျက် ထိန်းသိမ်းခဲ့သည်။ ၎င်းအပြင် ဒုတိယကမ္ဘာစစ်အတွင်း စေတီတော်သည် စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးခဲ့သည်။ ဒုတိယအကြိမ်၊ ခရစ်နှစ် ၁၉၆၇-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၂၈-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် သီပေါနယ်သူနယ်သားများ၊ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ အုတ်ပြာသာဒ် စေတီတော်ကို ထီးတော်တင်လှူခဲ့ကြောင်း သိရသည်။ ပြာသာဒ်စေတီတော်၏ အခြေမှ စိန်ဖူးတော်အထိ ဉာဏ်တော် ၁၀၀ ပေ ရှိသည်။ ပရဝုဏ်အတွင်း မြောက်ဘက်အာရုဏ်ခံ တန်စောင်းအနီး စကားပင်ကြီးမှာ ထီးထီးမားမား တည်ရှိနေသည်။ မဟာရံတံတိုင်းပေါ်တွင် တည်ထားသော စေတီငယ်များက တင့်တယ်သော အသရေကို ဆောင်သည်။ ပွဲတော်ဘော်ကြိုဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၇)ရက်မှ လပြည့်ကျော် (၁)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ စေတီငယ်တစ်ဆူပင် ဖြစ်လင့်ကစား ရှမ်းပြည်နယ် ဘုရားပွဲများအနက် အကြီးကျယ်ဆုံး အစည်ကားဆုံးဖြစ်၍ မြန်မာနိုင်ငံအရပ်ရပ်၌ ဘော်ကြို ဘုရားပွဲတော်သည် လူသိများပြား ထင်ရှားလှသည်။ ထိုဘုရားပွဲတော်အခါတွင် ရှမ်းပြည်နယ် အရပ်ရပ်မှသာမက၊ မြန်မာပြည်မမှာ ဘုရားဖူးများ၊ ဈေးသည်ကုန်သည်များလည်း လာရောက်ကြ၍ ဘုရားပွဲတော် ဈေးစည်ကားလှသည်။ ပွဲတော်သို့လာရောက်ကြသော ပရိသတ်ဦးရေသည် ၅ သောင်းကျော်ခန့်မျှပင် ရှိတတ်သည်။ အထင်ကရ တန်ခိုးကြီးစေတီမဟုတ်ဘဲ၊ ထိုမျှကြီးကျယ် စည်ကားရသည်မှာ ဘော်ကြိုဘုရားပွဲတော်တွင်၊ ယခင်က ဆိုင်ရာအာဏာပိုင်များသည် လောင်းကစားပွဲများကို အကြီးအကျယ် ကျင်းပနိုင်ရန် ခွင့်ပြုထားခဲ့သောကြောင့်ဖြစ်သည်။ ဘုရားပွဲတော် ကျင်းပသည့် ရက်သတ္တပတ်အတွင်း ဘုရားပွဲသွားများ စရိတ်သက်သာစွာဖြင့် သွားလာနိုင်စေရန် အစိုးရက မီးရထားခနှုန်းများကိုလည်း လျှော့ပေးရသည်။ [၂] ကိုးကား |
Portal di Ensiklopedia Dunia