ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံ

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ
နေ့ရက်၇ ဇူလိုင် ၁၉၆၂ (၁၉၆၂-၀၇-၀၇) – ၁၉၆၃ (၁၉၆၃)
နေရာ
အကြောင်းရင်းခံမမျှတသောတက္ကသိုလ်စည်းမျဉ်းများ
နည်းလမ်းများအာဏာဖီဆန်မှု၊ ဆန္ဒပြမှု၊ အကြမ်းမဖက်သပိတ်များ
အခြေအနေအလွန်အမင်းဖိနှိပ်ခံရ
ထိခိုက်သူများ
သေဆုံးသူ(များ)၁၇- ၁၃၀[][]
ဒဏ်ရာရသူမသိရ
ဖမ်းဆီးခံရသူမသိရ

၁၉၆၂ ရန်ကုန်တက္ကသိုလ် ဆန္ဒပြပွဲများသည် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံ ဟုလည်း လူသိများပြီး တင်းကျပ်သည့် ကျောင်းဝင်းစည်းကမ်းများ၊ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် အဆုံးသတ်ခြင်းနှင့် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသစ်၏ မူဝါဒများကို ဆန့်ကျင်သည့် ချီတက်ပွဲများ၊ သရုပ်ပြပွဲများနှင့် ဆန္ဒပြပွဲများဖြစ်သည်။ အဓိကဖြစ်ရပ်များသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အစိုးရသည် ရန်ကုန်တက္ကသိုလ်၌ ကျောင်းသား ၅,၀၀၀ ခန့် တက်ရောက်သည့် ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။ ဤဖြစ်ရပ်ကြောင့် တရားမဝင်သတင်းရင်းမြစ်များအရ ကျောင်းသား တစ်ရာကျော် သေဆုံးပြီး ၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ သို့သော် အစိုးရ၏တရားဝင်ထုတ်ပြန်ချက်များတွင် သေဆုံးသူဦးရေကို ၁၅ ဦးဟု ဖော်ပြခဲ့သည်။ နောက်တစ်နေ့နံနက်အစောပိုင်းတွင် စစ်အစိုးရသည် ၁၉၂၀ ပြည့်နှစ်များကတည်းက ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးဝါဒ၏ သင်္ကေတဖြစ်ခဲ့သော သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (RUSU) အဆောက်အအုံကို မိုင်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

အရေးအခင်း၏ အစ

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းယူခဲ့ပြီးနောက် မတ်လ ၄ ရက်နေ့တွင် တကသ (ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ)၊ ရကသ (ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ) နှင့် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်၍ ကန့်ကွက်ခဲ့ကြသည်။ သို့သော် မတ်လ ၆ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ရာ ဗကသများအဖွဲ့ချုပ်က ၎င်းကို ထုတ်ပယ်ပြီး ဒုတိယဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကာ တော်လှန်ရေးကောင်စီကို ဆက်လက်ကန့်ကွက်ခဲ့သည်။

မေလ ၉ ရက်နေ့တွင် ဒတ်ခ်ျသံရုံးရှေ့ ဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။ ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီက ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ မေလ ၁၀ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ ခေါ်ယူကာ ဆရာများ အကျင့်ပျက်ခြင်းနှင့် ကျောင်းသားများကြား နိုင်ငံရေးပယောဂများ ဝင်ရောက်သည်ဟု စွပ်စွဲ၍ တက္ကသိုလ်အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ဤလုပ်ရပ်ကို သမဂ္ဂများက တက္ကသိုလ်အုပ်ချုပ်ရေးကို အာဏာထပ်မံသိမ်းယူခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

မေလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းက ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာနများသို့ ဝင်ခွင့်အတွက် သတ်မှတ်ပျမ်းမျှအမှတ် ၅၀% ထားရှိကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ကျောင်းများပြန်ဖွင့်သောအခါ အဆောင်စည်းကမ်းများ ချမှတ်ရန် တက္ကသိုလ်ကောင်စီကို အမိန့်ပေးခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံသဖြင့် နုတ်ထွက်ခဲ့ရသည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့ပြီး ဦးဝန် (မင်းသုဝဏ်) ဌာနပြောင်းခဲ့သည်။ မေလ ၁၂ ရက်နေ့တွင်လည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူးအချို့နှင့် လက်ထောက်အဆောင်မှူးအချို့ နုတ်ထွက်ခဲ့ကြသည်။

တက္ကသိုလ်ကောင်စီ အသစ်ဖွဲ့စည်းခြင်းနှင့် တင်းကျပ်သော စည်းကမ်းများ

၁၉၆၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီ အမိန့်အမှတ် (၃၈) ကို ထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ (နှလုံးရောဂါဖြင့် ကွယ်လွန်၍ ဗိုလ်လှဟန် ဆက်ခံ)၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန် တို့ ပါဝင်ခဲ့သည်။ ၎င်းတို့အလိုကျ တင်းကျပ်သော အဆောင်စည်းကမ်းများ ထုတ်ပြန်ပေးမည့် ၅၈ ခုနှစ် အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့တွင် တက္ကသိုလ်ကောင်စီအစည်းအဝေး ကျင်းပခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းကမ်းများတွင် ကျောင်းဝင်ခွင့်နှင့် အဆောင်နေခွင့်ရရန် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်၊ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိ၊ သက်သက်လွတ်စားသူများ တစ်နှစ်ပတ်လုံး စားသုံးခွင့်ပြုခြင်း၊ မနက်စာ မဖြစ်မနေစားသုံးရန် သတ်မှတ်ခြင်း၊ ည ၈ နာရီတွင် အဆောင်အတွင်းရှိရန်နှင့် သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ပယ်ရန်၊ အဆောင်မှူး/လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော၊ မတရားသော၊ အင်မတန်ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများ ပါဝင်ခဲ့သည်။ ထိုစည်းကမ်းများကြောင့် ကျောင်းသားထုများအကြား မကျေနပ်မှုများ တစ်စစ တိုးပွားလာခဲ့သည်။

ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခြင်း

နေခင်း ၂ နာရီတွင် သမဂ္ဂအဆောက်အအုံမှ ထွက်လာသော ကျောင်းသားများ

ဇူလိုင်လအစပိုင်းမှစ၍ အဆောင်အချို့တွင် ကျောင်းသားထုအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတိုင်းတွင် ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂခန်းမ၌ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းသားထုနှင့် တက္ကသိုလ်ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ "ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းပေးရေးနှင့် မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရန်" တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ရကသဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗကသဥက္ကဋ္ဌ ကိုသက်နှင့် တကသခေါင်းဆောင် ကိုဗဆွေလေးတို့က ထောက်ခံမိန့်ခွန်းများ ပြောကြားခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့တွင် သမဂ္ဂကြီး ၃ ခုမှ ဒတ်ခ်ျသံရုံးရှေ့ ဆန္ဒပြပွဲ ထပ်မံကျင်းပရာ ပုဂ္ဂိုလ်ရေးအရ အရေးယူမှုများကြောင့် သမဂ္ဂက ၎င်းလုပ်ရပ်ကို "သမဂ္ဂကို သေးသိမ်အောင်လုပ်သည်" ဟု ယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ထပ်မံကန့်ကွက်ခဲ့ကြသည်။ ဇူလိုင်လ ၆ ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို ၎င်းတို့စိတ်တိုင်းကျ ပြန်လည်ဖွဲ့စည်းခဲ့ပြန်သည်။ ထိုညနေပိုင်းတွင် ရွှေဘိုဆောင်၌ ကျင်းပသော အစည်းအဝေးတွင် ကန့်ကွက်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင်အပြင်ထွက်ကာ ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒပြခဲ့ကြသည်။ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ပူးပေါင်းလာသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာခဲ့သည်။ ညအချိန်တွင် မကျေနပ်မှုများနှင့် တက်ကြွနေသော ကျောင်းသားထုကြီးသည် အဆောင်များကို ကာရံထားသော အကာအရံများနှင့် သံတံခါးများကို စတင်ရိုက်ချိုးခဲ့ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြပြီး မိန်းကလေးဆောင်များမှလွဲ၍ ကျန်အဆောင်များအားလုံး ပါဝင်ခဲ့ကြသည်။ ထို့နောက် ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ်နှင့် ပါမောက္ခ ဦးကာ အိမ်တို့ကို ဝိုင်းကာ ဆန္ဒပြဟစ်ကြွေးခဲ့ကြသည်။ ဤဆန္ဒပြပွဲသည် နောက်တစ်နေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထုဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးခဲ့သကဲ့သို့ ဖြစ်သွားခဲ့သည်။

အခင်းဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်း

ဇူလိုင်လ ၇ ရက်နေ့၊ နေ့လယ် ၁ နာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထုအစည်းအဝေးကျင်းပခဲ့ရာ ကိုဗဆွေလေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုအစည်းအဝေးမှ ကျောင်းသားများက ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက်ဆုံးဖြတ်ခဲ့ကြပြီး တက္ကသိုလ်အက်ဥပဒေများ ရုပ်သိမ်းခဲ့ခြင်းကိုလည်း ကန့်ကွက်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝန်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ပွဲနှင်းသဘင်ရှေ့၌ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ကြသည်။

ထိုသို့ လူစုခွဲပြီးနောက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ရဲကား ၂ စီး တကသထဲသို့ ဝင်လာပြီး ရဲတပ်ဖွဲ့ဝင်များက တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးသွားခဲ့သည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးပြီး တချို့က တကသနှင့် ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူခဲ့ကြသည်။ ထိုအချိန်တွင် ကျောင်းသားများက အော်ဟစ်ရင်း လူစုမိသွားပြီး အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်ခဲ့ကြသည်။ ကျောင်းသားတချို့က သထုံဆောင် ဂိတ်တံခါးကိုလည်း သော့ခတ်ပိတ်လိုက်သည်။

ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲ ဝင်ရန် ကြိုးစားကြရာ ဒိုင်းကိုယ်စီကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပါတ်တုတ်နှင့် ရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတချို့၏ ရင်ဘတ်သို့ ထိမှန်၍ လဲသူလဲ၊ ကွဲသူကွဲ ဖြစ်ကုန်လေသည်။ ကျောင်းသားများက လဲကျသူတချို့ကို မချီသွားပြီး ကျန်ကျောင်းသားထုက ရဲများကို ဖိတိုက်ခဲ့ကြသည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားထု အင်အားများလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ခဲ့ကြသည်။ ရဲများလည်း အထိနာလာပြီး ကျောင်းသားများလည်း သွေးရဲရဲ၊ သံရဲရဲ ဖြစ်လာခဲ့သည်။

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင်တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခ ဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာ ဖွင့်၍ တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ခဲ့ကြသည်။ ဒဏ်ရာအပြင်းအထန်ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြရာ ၎င်းတို့ကိုမြင်ရသောအခါ ကျောင်းသားများ စိတ်ပိုမိုလှုပ်ရှားခံပြင်းလာခဲ့ကြပြီး ကျောင်းသားထုကလည်း များသထက်များ လာခဲ့သည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများ သုံးကာ ကျောင်းသားထုကို ဖြိုခွင်းပါသော်ငြားလည်း ဘဝတူ ကျောင်းသားများ၏ သွေးကို မြင်ကြသောအခါ မိမိထိခိုက်ဒဏ်ရာရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏ စိတ်ဓာတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိလမ်းဂိတ်ဘေး လူဝင်လူထွက်တံခါးကို ဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသအဝိုင်းလေးနားသို့ ထွက်သွားကြပြီး အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွာသွားကြတော့သည်။ ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ခဲ့ကြသည်။

ပစ်ခတ်မှု

ရဲများက ဆန္ဒပြသူများကို လိုက်လန်ဖြိုခွဲစဥ်

နေ့လယ် ၄ နာရီခန့်တွင် မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း (၄) မှ စစ်သားအပြည့်တင်လာသော စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။ ၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီ-သရီး (G-3) အမည်ရှိ ချေမှုန်းရေးရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင်း (၄) သည် နေဝင်း၏ ကိုယ်ရံတော် အထူးတပ်ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့် နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင် တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားများကလည်း ဓမ္မာရုံတည့်တည့် အမရဆောင်ရှေ့မှ တံခါးကို ပိတ်လိုက်ရာ ကျောင်းသားနှင့် စစ်တပ်ကြားတွင် အုတ်မြစ်နှင့် သံတိုင်စိုက် ဝင်းထရံသာ ခြားနေတော့သည်။

ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ်မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကကြည့်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန် ရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နှင့် ရပ်၍ စကားပြောနေသည်ကို မြင်ကြရသည်။ ၁၀ မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီး သိန်းစိန် ကားနှင့် ထွက်ခွာသွားသည်။ ထို့နောက် မကြာမီတွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကားနှင့် ရောက်လာကာ စိန်လွင်လက်ထဲသို့ စာရွက်တစ်ရွက် ထည့်ပေး၍ ထွက်ခွာသွားသည်။ လှမြင့်နှင့် စိန်လွင်သည် ထိုနေရာရှိ တပ်မှူးများအား ခေါ်၍ တိုင်ပင်ပြီးနောက် တပ်ရင်းမှူးများက လက်ကို ဝိုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါ အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ ဂျီ-သရီး ချေမှုန်းရေးရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိလမ်းမတစ်လျှောက်ရှိ ကျောင်းသားထုသို့ အတွဲလိုက် မရပ်မနား ပစ်ခတ်ကြလေတော့သည်။

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားအများစုသည် မှင်သက်လျက် နေရာမှာပင် ကွယ်လွန်ခဲ့ရသည်။ အချို့မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြရာ စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက်ဝင်းထဲမှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းတွင် သေဆုံးဒဏ်ရာရသူ ၄၀ မျှရှိသည်။ ချေမှုန်းရေးရိုင်ဖယ်များဖြင့် ၃-၄ မိနစ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂအဆောက်အဦအတွင်းသို့ ခိုဝင်ခဲ့ကြသည်။ ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂအဆောက်အဦအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။ တကသရင်ပြင်ရှေ့ရှိ ဆန္ဒပြကျောင်းသားများကို စစ်သားများသည် မိမိတို့ရန်သူပမာ ပစ်ခတ်ချေမှုန်းပြီးနောက် ကျောင်းဆောင်အခန်းများကို တစ်ခန်းခြင်း ဝင်ရောက်ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦကိုမူကား ဒဏ်ရာရကျောင်းသားများကို သယ်ယူပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံပိတ်လိုက်သောကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာ ဝိုင်းထားလိုက်ကြရသည်။

ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်းဖြိုခွဲရန်အတွက် “လုံခြုံရေးကော်မတီ” ကို ဗိုလ်နေဝင်းက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် နှင့် ဒု-ရဲချုပ် ဘအေး တို့ ပါဝင်ခဲ့သည်။ ထိုကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ်ကွပ်ကဲခဲ့ကြသည်။

ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ်မှ အစားအသောက်များ မှာယူ၍ အောင်ပွဲခံ စားပွဲသောက်ပွဲများ ကျင်းပခဲ့ကြသည်။ ထိုသို့စားသောက်အပြီး၌ ဗိုလ်လှဟန်နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက်လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ်အဝင်ဝရှိ ပါမောက္ခဦးကာအိမ်သို့ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှုအခြေအနေများကို စုံစမ်း၊ ဆွေးနွေးတိုင်ပင် စကားစမြည်ပြောခဲ့ကြသည်။ ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုခွဲရန် သူတို့အမိန့်ရထားကြောင်း ပြောရာ ဗိုလ်အောင်ကြီးက "ဟာ... ခင်ဗျားတို့ ခွဲဖို့ အမိန့်မပေးလိုက်နဲ့ဦး၊ ကျနော် ဥက္ကဋ္ဌကြီးကို ပြောဦးမယ်" ဟု ပြန်ပြောခဲ့သည်။ ထို့နောက် ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံပြီး ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲ ပြန်သွားခဲ့ကြသည်။ အသံလွှင့်ရုံရောက်သောအခါ ဥက္ကဋ္ဌကြီးက "OK" ဟု ပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။

အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂအဆောက်အဦထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများအတွက် လက်နက်များ ပို့ပေးထားကြောင်း၊ ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦဖြစ်ကြောင်း စသည့် မဟုတ်မမှန် ကောလဟာလသတင်းများ ထွက်နေခဲ့သည်။ ဗိုလ်အောင်ကြီးက ၈-၇-၉၈ ရက်နေ့ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည်ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည်ဖြစ်သောကြောင့် အသေမခံဘဲ ရက္တိုင်းလက်ဂန်းနှင့် သမဂ္ဂကို ဥက္ကဋ္ဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂ အဆောက်အဦအား မိုင်းဖြင့်ခွဲခြင်း

ရန်ကုန်တက္ကသိုလ်ဝင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံ

ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ လိုရာဆွဲသုံး မဟုတ်တရုတ် ကုလားဖန်တစ်ခုသာဖြစ်သည်။ အမှန်မှာ သမဂ္ဂအဆောက်အဦအား ရက္တိုင်းလက်ဂန်းနှင့် ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် ရက္တိုင်းလက်ဂန်းကျည် ရှာမရသောကြောင့် ဒိုင်းနမိုက်နှင့် ကပ်ခွဲရန် ဒိုင်းနမိုက် ရှာကြပြန်သည်။ ညသန်းခေါင်ကျော်တွင် သမဂ္ဂအားဖောက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မခဲယမ်းသိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂအဆောက်အအုံကို စိတ်ကြိုက် ဒိုင်းနမိုက်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လည်း လိုအပ်သော ပမာဏထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။

ဒိုင်းနမိုက်အား ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီးအဆင့် တစ်ဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှုစာချွန်လွှာ ပေးမှသာ တရားဝင်သည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းမှ ဗိုလ်မှူးကြီး ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နှုတ်မိန့်ပေးခဲ့ပြီး ဗိုလ်မှူးကြီး ကျော်စိုးမှ ဗိုလ်မှူး ထွန်းရီကို နှုတ်မိန့်ပေးခဲ့သည်။ ထိုအခါ ဗိုလ်မှူး ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင်အမိန့်ပေးသော စာချွန်လွှာ မရှိသည့်အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် စစ်တပ် စစ်မင်းကြီး ဘဦး (ခ) ဗိုလ်မှူးကြီး မင်းသိန်းမှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှုစာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်မှူး ထွန်းရီသည် သမဂ္ဂအဆောက်အအုံတွင် အသင့် တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် ၈ ရက်၊ မနက် ၃ နာရီခွဲ (သို့) ၄ နာရီခန့်တွင် ဖောက်ခွဲလိုက်လေသည်။

လွတ်မြောက်သူများနှင့် တော်လှန်ရေးကောင်စီ၏ စိန်ခေါ်မှု

သမဂ္ဂအဆောက်အအုံကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂဆံပင်ညှပ်ဆိုင်နှင့် စားသောက်ဆိုင်ရှိသည်။ ဘကြီးကံသိန်းဆိုသူသည် ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂစားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ ၇ ရက်နေ့ည ၁၁ နာရီခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်းနှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင်အသံချဲ့စက်များနှင့် အော်ခေါ်ကာ သမဂ္ဂအဆောက်အအုံမှ မိသားစုများနှင့်အတူ ထွက်ပေးရန် ပြောခဲ့သည်။ ဦးကံသိန်းနှင့် ဦးနန်းဝေတို့မှ "ညကြီးသန်းခေါင် ကားရှာမရမည်စိုး၍ မနက်မှ ထွက်ပါရစေ" ဟု တောင်းပန်သော်လည်း လက်မခံဘဲ "ညတွင်းချင်း လူချည်းသာထွက်ရမည်၊ မိသားစု ဟုတ်မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်" "ယူနီယံထဲတွင် မသမာသူများ ခိုအောင်းနေနိုင်၍ အပြတ်ရှင်းမည်" ဟု ပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်း ထွက်ခဲ့ရသည်။ မကြာမီ ဇူလိုင်လ ၈ ရက်နေ့ လင်းအားကြီးတွင် ကျောင်းသားထု ပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲဖျက်ဆီးပစ်လိုက်လေတော့သည်။

ထိုနေ့ည ၇ နာရီအချိန် မြန်မာ့အသံရေဒီယိုမှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက "၎င်းတိုင်းပြည်ကို တာဝန်ယူသည့်အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်သည်" ဟု ပြောကြားခဲ့သည်။ ထို့အပြင် "ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်းစားသည်ကို ရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင်လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှ ထပ်မပြောလိုကြောင်း၊ ဓားကိုဓားခြင်း၊ လှံကိုလှံခြင်း ဆိုင်ရန်သာရှိတော့ကြောင်း" ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ဤသို့ပြောခြင်းမှာလည်း အဓိပ္ပာယ်မရှိသော စကားများဖြစ်သည်။ ကျောင်းသားတို့လက်ထဲတွင် မယ်မယ်ရရ လက်နက်ဟူ၍ အလံထောင်သော ဝါးလုံးတိုင်မျှသာ ရှိသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား ၁၇ ဦးသာ သေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင်တစ်ခုတည်းတွင်ပင် စာရင်းအရ ၁၇ ဦးသေဆုံးခဲ့သည်။ မြောင်းမြမှ ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ ခန္ဓာကိုယ်မှ သွေးနှင့် မန္တလေးဆောင်နံရံတွင် "၇-၇-၆၂ မမေ့ကြနဲ့" ဟု ရေးသွားခဲ့သည်။

မှတ်ချက်

၁၉၆၃ ခုနှစ်၊ ဇူလိုင်လတွင် ကျောင်းများပြန်အဖွင့်၌ သမဂ္ဂအဆောက်အအုံနေရာတွင် ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည်တည်ထောင်ခဲ့ကြသည်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့်အတူ အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ရှိ ကျောက်တိုင်တစ်ခု ပြုလုပ်၍ ၇-၇-၆၂ တွင် ကျဆုံးခဲ့သော ကျောင်းသားရာကျော်အတွက် ရည်စူးကာ "ရာကျော်ကျောက်တိုင်" ဟု အမည်တွင်စေခဲ့သည်။ ထို "ရာကျော်ကျောက်တိုင်" ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ "ဒီအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး" ဟု မိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်၍ ကျောင်းများ ပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင်နှင့်အတူ သမဂ္ဂယာယီတဲ အဆောက်အအုံလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။

ကိုးကား

  1. Burma: On the Occasion of 7th July Anniversary။ Asian Tribune။ 9 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2014 တွင် ပြန်စစ်ပြီး။
  2. Sein Lwin 'The Butcher of Rangoon' Dies in Poverty။ .irrawaddy.org။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2014 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya