အိမ်တော်ရာဘုရား (စစ်ကိုင်းမြို့)

အိမ်တော်ရာဘုရား ခေါ် အောင်မြေလောကကျောက်စေတီဘုရားကြီး) သည် စစ်ကိုင်းမြို့ ထူပါရုံဘုရားကြီး၏ အနောက်တောင်ယွန်းယွန်းတွင် တည်ရှိသည်။ စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးသော ဘုရားအဆူဆူတို့တွင် ပါဝင်ပါသည်။

ဘိုးတော်မင်းတရားကြီးသည် အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီးမှ ဖွားမြင်တော်မူသော ပဉ္စမမြောက်သားတော် တစ်ပါးဖြစ်သည်။ ခမည်းတော် အလောင်းမင်းတရား၊ နောင်တော် ဒုတိယ စစ်ကိုင်းမြို့တည်မင်းတရား၊ နောင်တော် တတိယ အင်းဝမြို့တည် ဆင်ဖြူရှင်မင်းတရားတို့ လက်ထက်တော်များမှာ စားကျေးမြို့ရွာ အဆောင်အယောင် အခမ်းအနားများဖြင့် တင့်တယ်စွာ စံနေတော် မူခဲ့ရသော်လည်း ဆင်ဖြူရှင်မင်း သားတော် ငစဉ့်ကူးမင်းလက်ထက်တွင် ဘထွေးတော် မင်းသားကြီးများကို အဆောင်အယောင် အခမ်းအနား၊ ကျေးကျွန်၊ အပင်း အသင်းတို့ကို ဗဒုံမင်းကို စစ်ကိုင်း၊ ပခန်းမင်းကို ပင်းယ၊ ပင်းတလဲမင်းကို ရွာသစ်ကြီးသို့ ပို့ပြီး ထားလေသည်။

၎င်းနောက် စဉ့်ကူးမင်းသည် အညာသီဟတောဘုရားသို့ ဘုရားဖူးထွက်တော်မူခိုက် သမန်းဖောင်းကားရွာသို့ အပို့ခံရသော နောင်တော်ကြီးမင်း၏ သားတော် ဖောင်းခါးစား မောင်မောင်သည် ထီးနန်းကို အတင်းတိုက်ခိုက်စီးနင်း၍ (၇)ရက်မျှ မင်းအဖြစ် စိုးစံ၏။ ဘိုးတော်ဘုရားသည် ကျေးဟောင်းကျွန်ဟောင်းများကို စုရုံးတော်မူ၍ ဖောင်းကားစားကို နန်းမှ ချပြီးလျှင် အင်းဝထီးနန်းကို သိမ်းပိုက်စံပါယ်တော်မူလေသည်။ ၁၁၄၄-ခုတွင် မိမိအကျယ်ချုပ်ဖြင့် အိမ်နိမ့်စံနေတော်မူခဲ့သော စစ်ကိုင်းအိမ်တော်ရာဝယ် အောင်မြေလောကဟူသော ဘွဲ့တော်ဖြင့် ကျောက်စေတီတော်ကို တည်ထားခဲ့လေသည်။

သက္ကရာဇ် ၁၁၄၄-ခု၊ တပေါင်းလဆန်း (၁၃)ရက်၊ တနင်္လာနေ့ကား ဆင်းရဲစဉ် အိမ်နိမ့်စံနေရာမြတ်ကို အထိမ်းအမှတ်အဖြစ် ရည်ရွယ်သတ်မှတ်ပြီးလျှင် ကုသိုလ်တော်စေတီတစ်ဆူကို တည်ထားရာ အလုံးစုံ ပြီးပြေအောင်မြင်သဖြင့် ရွှေထီးအထွတ် တင်လှူသည့်နေ့ဖြစ်သည်။ ထိုနေ့တွင် ဘိုးတော်ဦးဝိုင်းသည် မိဖုရား၊ ဗိုလ်ပုံ အစုံအလင်ဝန်းရံလျက် ရတနာရွှေဖောင်တော်ဖြင့် အင်းဝရွှေမြို့တော်မှ စစ်ကိုင်းမြို့သို့ ထွက်တော်မူ၍ ရွှေထီးအထွတ်တင်ရာ အရိယာသံဃာတော် (၃၀၀၀) ကျော်တို့အား ပရိက္ခရာအစုံ ကပ်လှူလျက် ပွဲလမ်းသဘင်ကြီး ခင်းကျင်းကာ ရေစက်ချသာဓုခေါ်ဆိုလေသည်။ ကုသိုလ်တော်စေတီတော်ကိုလည်း (အောင်မြေလောကကျောက်စေတီ) ဘွဲ့တော်သမုတ်လေသည်။

စေတီတော်ကာလ ကြာမြင့်တည်တံ့စေခြင်းအလို့ငှါ ထိန်းသိမ်းမွမ်းမံစောင့်ရှောက်ရန် ဧရိယာဧက ၈၃.၆၃ မြေများကိုလည်း ဂေါစရဂါမ် ရွာထောင် (၇)ရွာနှင့် ကျောက်ကာ၊ ရေခါး အနီးအနားတွင် ဝတ္တုကံမြေအဖြစ်၊ သတ်မှတ်လှူဒါန်းကြောင်းကို ဘိုးတော်မူလထိုးကျောက်စာနှင့် ထပ်ဆင့် ပေစာတို့၌ ဖော်ပြထားသည်။

ဦးဝိုင်းနှင့် ဒေါ်လွန်းမယ်
အိမ်နိမ့်စံ နေရာမြတ်ကို၊ ထိမ်းမှတ်ရည်ရွယ်။ ။
ဘုရားငဲ့တယ်(တည်)၊ အံ့ဘွယ်တည့် ကျောက်သား။ ။
လောကအောင်မြေတဲ့၊ တောင်သပြေဇမ္ဗူကျွန်းမှာ၊ ထွန်းတဲ့ဘုရား။ ။

အောင်မြေလောက၊ အိမ်တော်ရာ၊ ကျောက်စေတီဟူ၍ သုံးမည်ရ သုံးဘွဲ့ခံ စေတီတော်မြတ်ကြီးဖွဲ့ လေးချိုးဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်က ယနေ့တိုင် နှစ်စဉ်သီတင်းကျွတ်လဆန်း (၈)ရက်နေ့မှ (၁၁)ရက် တိုင်တိုင် ဂေဇက်ဝင်ပွဲတော်အဖြစ် ဆွမ်းတော်ကပ်လှူခြင်း၊ လျှပ်စစ်မီး၊ အလင်းတိုင်များ၊ ဆွမ်းတော်ကြီးလောင်းလှူပွဲများ ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် တော်သလင်းလကွယ်နေ့တွင် ရွာထောင် (၇)ရွာ အပါဖြစ်သော မန်ကျည်းစဉ်ရွာတင်းတိတ်ရွာသောတာပန်ရွာထုံးဘိုရွာဝါးချက်ရွာကျောက်ကာရွာရေခါးရွာစသော ကျေးလက်ရွာကြီးများမှ အာရုဏ်ဝတ်အသင်းအဖွဲ့အစုများက ဆွမ်းတော်ကပ်ခြင်း၊ ဆီမီးပူဇော်ခြင်းများ ယနေ့ထိ ပူဇော်ကျင်းပဆဲ ဖြစ်သည်။

အောင်မြေ

အောင်မြေလောက ကျောက်စေတီဘုရားကြီး တည်ရာအရပ်သည် မဟာဝေပုက္ခလဇလသီရိဘူမိနက်သန် အောင်မြေမှန် ဖြစ်သည်။ အရပ်ဌာနတို့မှ ဤလောကအတွင်း အောင်မြေအရပ်ဌာနဟူသည် အောင်မြင်ကြလိုသူတိုင်း အောင်မြေနင်း၍ ကြံဆောင်ကြသည်။ ဝိဇ္ဇာမဟိဒ္ဓိဂိုဏ်းဝင် သိဒ္ဓိရှင်များလည်း ဤအောင်မြေနင်း၍ အဓိဌာန်ဝင်ပြီးလျှင် ထွက်ရပ်လမ်းပေါက်မြောက် အောင်မြင်ကြကြောင်း အဆိုရှိခဲ့သည်။

အောင်မြင်မှုရပုံ ဥပမာတစ်ခုမှာ ဗဒုံမင်းရာဇာ၊ ဘိုးဘိုးအောင်၊ ဦးမြတ်ကြည် ၎င်းတို့ သုံးဦး စစ်ကိုင်းထူပါရုံ ဘုရား၌ သစ္စာဆိုပြီးအပြန် ဗဒုံမင်းသားသည် အင်းဝဘုရင်အဖြစ် ရောက်ရှိခဲ့သော အောင်မြင်မှု့မှတ်တိုင်တစ်ခုသည် အောင်မြေနင်းခြင်း၏ အကြောင်းရင်း၏ အကျိုးပင်ဖြစ်သည်။ ထို့ပြင် ဗဒုံမင်း၏ သားတော် အိမ်ရှေ့ဥပရာဇာသီဟသူရ မင်းသားသည် ဓညဝတီ ရခိုင်ပြည်သို့ စစ်ချီရာတွင်လည်း ဗဒုံမင်း၏ အောင်မြေကိုနင်းပြီး စစ်ထွက်ရာ အလွယ်တကူ အောင်မြင်ခဲ့လေသည်။ ဗဒုံမင်း ဖူးတွေ့လိုသော (မဟာမုနိရုပ်ရှင်တော်မြတ်)ကိုလည်း ပင့်ဆောင်နိုင်ခဲ့သော အောင်မြင်မှု ရရှိခဲ့လေသည်။ []

ဆက်လက်ဖက်ရှုရန်

ကိုးကား

  1. တိုင်းဇေယျာ ဓမ္မစကြာ ဘာသာရေးစာစောင်၊ ၁၉၉၆-ခု၊ အောက်တိုဘာလ၊ အတွဲ(၁)အမှတ်(၉) စာ-၆။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya