ပါစိတ်ပါစိတ် (ပါဠိ: ပါစိတ္တိယ; Pācittiya ) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းငါးကျမ်းထဲမှ ဒုတိယမြောက်ကျမ်းစာဖြစ်သည်။[၁] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်း၊ ဘိက္ခုနီဝိဘင်း၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝဂ်၊ စူဠဝါ၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။ ပါစိတ်ပါဠိတော်ကျမ်းကို ဘိက္ခုဝိဘင်းမှ ပါစိတ္တိယ၊ ပါဋိဒေသနီ၊ သေခိယ၊ အဓိကရဏသမထ စသည့်အပိုင်းကြီး လေးပိုင်း၊ ဘိက္ခုနီဝိဘင်းမှ အပိုင်းအားလုံးကို ပေါင်းစပ်၍ ပါစိတ်ကျမ်း (သို့) ပါစိတ္တိယကျမ်းအဖြစ် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဤကျမ်းတွင် ရဟန်းတို့ကျင့်သုံးလိုက်နာရသည့် (၂၂၇) သိက္ခာပုဒ်များထဲက အချို့အဝက်ပါရှိပြီး ဘိက္ခုနီခေါ် ရဟန်းမများအတွက် ဝိနည်းစည်းကမ်း (၃၁၁) (သို့) (၃၀၄) သိက္ခာပုဒ်များလည်း ပါရှိသည်။[၂] ဤကျမ်းတွင် ရဟန်းယောင်္ကျား(ဘိက္ခု)တို့အတွက် ပါစိတ္တိယကဏ္ဍ-ကုသိုလ်စိတ်မှလျောကျစေတတ်သော သိက္ခာပုဒ်အမျိုးအစား (၉၂) မျိုးနှင့် ပါဋိဒေသနီယကဏ္ဍ၊ သေခိယကဏ္ဍတို့ပါဝင်သည်။ ဤ ကျမ်းတွင် ရဟန်းယောင်္ကျား(ဘိက္ခု)များအတွက် စည်းမျဉ်းများနှင့် နောက်ပိုင်းတွင် ရဟန်းမ(ဘိက္ခုနီ)တို့အတွက် စည်းမျဉ်းများ ပါဝင်သည်။ ဤကျမ်းသည် စာပေဗဟုသုတရှာဖွေလိုသူများအနေဖြင့် အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော်လည်း အချို့သောသိက္ခာပုဒ်များ ဖြစ်ပေါ်လာရခြင်း၏ နောက်ခံအကြောင်းရင်းကို လေ့လာရသောအခါ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ရဟန်းတော်များနှင့် လူဒါယကာတို့၏ ဆက်ဆံရေးအခြေအနေ တစိတ်တဒေသကိုသော်လည်းကောင်း၊ ရဟန်းများနှင့်ရဟန်းမတို့၏ ဆက်ဆံရေးအခြေအနေများကိုလည်းကောင်း လေ့လာအကဲခတ်နိုင်သည်။ အစေလကဝဂ်လာ၊ အစေလကသိက္ခာပုဒ်နှင့် သဘောဇနသိက္ခာပုဒ်တို့ဖြစ်ပေါ်လာရခြင်း၏အကြောင်းကို ဖတ်ရှုရသောအခါ မထေရ်မြတ်အရှင်အာနန္ဒာနှင့် အရှင်ဥပနန္ဒတို့၏ လူမှုရေးဒုက္ခများကို ကိုယ်ချင်းစာ၊ နားလည်ရလေသည်။ မြတ်စွာဘုရားရှင်၏အမိန့်တော်ဖြင့် မထေရ်မြတ်အရှင်အာနန္ဒာသည် စားကြွင်းစားတို့အား ဆွမ်းကျန်ကွမ်း ကျန်များပေးဝေခဲ့သည်။ မထေရ်လည်း ပရိဗိုဇ်မတစ်ယောက်အား မုန့်နှစ်ခုကို တစ်ခုအမှတ်အဖြစ်ဖြင့် ပေးမိသောကြောင့် ပရိဗိုဇ်မနှင့်ပေးစားခံရသောဒုက္ခနှင့် ရာဂစိတ်ဖြင့် ယစ်နေသော မိတ်ဆွေဒါယကာအိမ်သို့ ဆွမ်းခံကြွမိရာတွင် ဆွမ်းလောင်းပြီးသောအခါ အတင်းပြန်ကြွခိုင်းနေသော ဒါယကာနှင့် ယောင်္ကျား၏အခြေအနေကို ရိပ်မိသောဒါယိကာမက အတင်းတားနေရာ အရှင်ဥပနန္ဒမှာ ထိုင်ရမလို၊ ထရမလိုဖြစ်နေသော မထေရ်မြတ်တို့၏ အစားတစ်လုပ်၊ ဒုက္ခထုပ်တို့ကို ကိုယ်ချင်းစားနားလည် ရသည်။ နောက်ပိုင်း သေခိယသိက္ခာပုဒ်အချို့မှာ ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များအနေဖြင့်လည်း လိုက်နာသင့်သောသိက္ခာပုဒ်များ ဖြစ်သည်။ လူကြီးလူကောင်းပီသစွာ သွားလာနေထိုင်မှုနှင့်အစား အသောက် ဆိုင်ရာ ယဉ်ကျေးမှုများကို နှိုက်နှိုက်ချွတ်ချွတ်ပညတ်ထားသည်မှာ အားကျနည်းယူဖွယ် ကောင်းလှသည်။ ရဟန်းတော်တို့၏ “နှစ်ရာ့နှစ်ဆယ်၊ ခုနှစ်သွယ်” သော သိက္ခာပုဒ်အားလုံး အထက်ပါနှစ်ကျမ်းလုံးတွင် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရ ပေမည်။ ဤရဟန်းတော်တို့၏သိက္ခာပုဒ်များနှင့်ပတ်သက်၍ (၂၂၇)ပုဒ် ရှိသည်ဟု လက်ခံထားကြသော်လည်း အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သမဏဝဂ်၊ ဝဇ္ဇီပုတ္တသုတ်၌ “အရှင်ဘုရားတို့ ! တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်တို့ကို ရွတ်ဆိုရန်အချိန်တန်ပါပြီ” ဟူသောစကားရပ်နှင့် မိလိန္ဒပဥှာကျမ်း၊ အနဝသေသသိက္ခာပဒပဉှာ၌ “ရဟန်းကောင်းဟူသည် တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်တို့၌ ကျွမ်းကျင်သူ” စသော စကားရပ်တို့ကိုထောက်ဆ၍ “မူလကသိက္ခာပုဒ် အရေအတွက်မှာ (၁၅၀)သာရှိပြီးနောက်ပိုင်းမှ သေခိယသိက္ခာပုဒ်(၇၅)ပုဒ်ကို ထည့်သွင်း၍ (၂၂၇)ပုဒ် ဖြစ်လာသည်” ဟုယူဆသော သုတေသီပညာရှင်များလည်းရှိသေးသည်။ အဋ္ဌကထာဆရာ၊ အရှင်မဟာဗုဒ္ဓဃောသ၏အဆိုရမူ အင်္ဂုတ္တိုရ်၊ တိကနိပါတ်လာစကားရပ်ကို “ထိုအချိန်က သိက္ခာပုဒ်ပေါင်း (၁၅၀)သာ ရှိ၍ ထိုကဲ့သို့ဆိုကြောင်း” ဖြေရှင်းချက်ထုတ်ထားသည်။ သို့သော် အထက်ပါ ဖြေရှင်းချက်သည် လက်ခံနိုင်စရာအကြောင်းရှိသော်လည်း ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးကာလအတန်ကြာမှ ဗုဒ္ဓစာပေအတွင်းသို့ဝင်ရောက်လာသော မိလိန္ဒပဉှာကျမ်း၌လည်း သိက္ခာပုဒ် (၁၅၀)ဟုသာ ဆိုထားခြင်းမှာလည်း ပညာရှင်များအနေဖြင့် သုတေသနပြုဖွယ်ကောင်းလှသည်။ ပါစိတ္တိယပါဠိကျမ်းနောက်ပိုင်းတွင် အမျိုးသမီးရဟန်း(ဘိက္ခုနီ) တို့အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော သိက္ခာပုဒ်များကို ပြဆိုထားသည်။ သိက္ခာပုဒ်များကို ဤကျမ်းတွင် ထည့်သွင်းအသိမှတ်ပြုထားသေးသော်လည်း လက်ရှိရဟန်းတော်တို့၏ အယူဆအားဖြင့်မူ မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းလေးရာကျော်ငါးရာခန့်ကပင် ဘိက္ခုနီသာသနာ ကွယ်ခဲ့ပြီဖြစ်ကြောင်း လက်ခံထားကြသည်။ အမျိုးသမီးရဟန်းတော်များ လိုက်နာရသည့် စည်းကမ်းများသည် အမျိုးသားရဟန်းတော်များထက် ပိုမိုများပြားကြောင်းကိုလည်း တွေ့ရှိရသည်။[၃]
ဘိက္ခု နှင့် ဘိက္ခုနီ ဝိနည်းနှိုင်းယှဉ်ချက်ဘိက္ခုနီဆိုင်ရာ ဝိနည်းများမှာ ဘိက္ခုဝိနည်းမှ အများစုပါဝင်ပြီး အတိုးအလျှော့စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်၏။[၁]
ဖွဲ့စည်းပါဝင်မှုဤ၌ ဘိက္ခုများအတွက် ဘိက္ခုဝိဘင်းမှ ပါစိတ္တိယ၊ ပါဋိဒေသနီ၊ သေခိယ၊ အဓိကရဏသမထ စသည့်အပိုင်းကြီး လေးပိုင်းကိုဖော်ပြထားသည်။ သုဒ္ဓပါစိတ် (၉၂) ပါး
ပါဋိဒေသနီ (၄) ပါး
သေခိယ (၇၅) ပါး
အဓိကရဏသမထ (၇) ပါး
ကိုးကား
|
Portal di Ensiklopedia Dunia