ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (အင်္ဂလိပ်: Committee Representing Pyidaungsu Hluttaw, CRPH) သည် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ဥပဒေပြုအဖွဲ့ဖြစ်သည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်သော ကော်မတီတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။[၁] ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇွန်းမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃][၄] ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းရန် တပ်မတော်က အားထုတ်ကြိုးပမ်းမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး ရာဇဝတ်မှုမြောက်သောလုပ်ရပ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် CRPH က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး[၅][၆] တပ်မတော်အစိုးရ သည် တရားမဝင်ကြောင်း ပြောဆိုခဲ့သည်။[၅] ကုလသမဂ္ဂသံတမန်များနှင့် နိုင်ငံတကာအနေဖြင့် တရားဝင် အစိုးရဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။[၅] ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့သည်။[၆] ထိုနေ့မှာပင် ဆန္ဒပြမှုများအား စစ်အစိုးရက ဖြိုခွင်းမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မဖြိုခွင်းရန် ထုတ်ပြန်ခဲ့ကာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။[၇] ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဝင်များအဖြစ် ထပ်မံပေါင်းထည့်ခဲ့သည်။[၈] အဖွဲ့ဝင်များ
ခေတ္တပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် မတ်လ ၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကိုထုတ်ပြန်၍ တာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေမရှိသော ဝန်ကြီးများနေရာတွင် ကိုယ်စားဆောင်ရွက်ရန် ယာယီပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည်။[၉]
လုပ်ဆောင်ချက်များမတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ဖျက်စီးမှုကြောင့် မတ်လ ၂၇ ရက်နေ့၌ မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား သိန်း ၇၀ ထောက်ပံ့ပေးခဲ့သည်။[၁၀] မတ်လ ၃၁ ရက်နေ့တွင် ကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖြတ်သိမ်းကြောင်းကြေညာခဲ့ပြီး[၁၁] ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုလည်းထုတ်ပြန်ကြေညာခဲ့သည်။[၁၂] မတ်လ ၃၁ ရက်၌ ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။[၁၃] ထိုကြေညာချက်ကို ပြည်သူ့အသံ ရုပ်သံလိုင်း၏ ဖေ့စဘွတ်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပြီး ၎င်းရုပ်သံလိုင်းကိုပါ တစ်ဆက်တည်း အသက်သွင်းခဲ့သည်။[၁၄] ကြေညာချက်အရ မန်းဝင်းခိုင်သန်းသည် ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ မတရားအသင်းအဖြစ် ကြေညာခံရခြင်းမတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ်ကြေညာခဲ့သည်။ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ကြေညာလိုက်ကြောင်း စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန်ခဲ့သည်။[၁၅] အခြားဖတ်ရန်
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia