စေတီပုထိုးများစေတိယ =စေတီ ဟူသည် မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြသည့် အရာမှန်သမျှကို ဆိုလိုသည်။ သို့သော် ပါဠိဘာသာကို ဗုဒ္ဓဘာသာတွင်သာ သုံးနှုန်းသဖြင့် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ အစရှိသည်တို့ကို ဌာပနာထားသော သာသနိက အဆောက်အဦးများ၊ ထိုသို့ဌာပနာမပါသော်လည်း ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားအပ်သော သာသနိကအဆောက်အအုံများကို စေတီဟု သတ်မှတ်နိုင်သည်။ စေတီဟူသည်မှာ အရိုအသေပြုအပ်သော အရာဝတ္ထုဖြစ်၏။ စေတီသည်−
ငါးမျိုးရှိသည်။ စေတီသုံးမျိုးဇာတ်အဋ္ဌကထာ ကာလိင်္ဂဗောဓိဇာတ်၌ စေတီသည် သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီ ဟူ၍ သုံးမျိုးလာ၏။ ထိုသုံးမျိုးတို့တွင်-
သာရတ္ထဒီပနီဋီကာ ဗာဟိရနိဒါန်း၌ကား− သာရီရိကစေတီနှင့် ဓာတုစေတီဆိုသည် မှာ သဒ္ဒါသာကွဲ၍ အနက်မှာ အတူတူပင်ဖြစ်သည်။ ဓမ္မစေတီတစ်ခုသာ ထူးသည်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ် စသော ပိဋကတ်တော်သည်လည်းကောင်း၊ ယင်းပိဋကတ်တော်ကို ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ သံပြား၊ ခဲပြား၊ ကျောက်ပြား စသည်တို့၌ ရေးထွင်းကာ ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎ယလည်းကောင်း ဓမ္မစေတီမည်၏။ ရုပ်ပွားတော်၊ ပုံတော်များမှအစ ဘုရားပုထိုးများတိုင်အောင် စေတီ မည်နိုင်သည်။ သို့သော် ဌာပနာဖြင့်ဖြစ်စေ၊ ဌာပနာမပါဘဲဖြစ်စေ ဆောက်လုပ်ကိုးကွယ်သည့် အဆောက်အဦးများကိုသာ မြန်မာတို့က စေတီခေါ်နေကြသည်။ စေတီပူဇော်ခံ ထိုက်သူများစေတီတည်ထားကိုးကွယ် ပူဇော်ခြင်းကို ခံထိုက်သော ပုဂ္ဂိုလ်များမှာ−
စေတီပုထိုးများ ဖြစ်ပေါ်လာပုံတေရသနိပါတ် ကာလိင်္ဂဗောဓိဇာတ်ကို ထောက်၍ အနာထပိဏ်သူဌေး တောင်းပန်၍ ရှင်အာနန္ဒာ လျှောက်ထားသဖြင့် သာဝတ္ထိပြည်တွင် သာရီရိကစေတီ၊ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီတို့ကို မြတ်စွာဘုရား ခွင့်ပြုတော်မူကြောင်း သိသာလေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူသည့်နောက် ရာဇဂဟ၊ ဝေသာလီ၊ ကပိလဝတ္ထု၊ အလ္လကပ္ပ၊ ရာမဂါမ၊ ဝေဌဒီပ၊ ပါဝေယျက၊ ကုသီနာရ ဟူသော ရှစ်ပြည်ထောင်သော မင်းတို့သည် အသီးအသီး ဓာတ်တော်တို့ကို ယူဆောင်၍ မိမိတို့ တိုင်းပြည်၌ စေတီတည်ကြကြောင်း ထိုစေတီတို့သည် ဓာတ်တော်ကို ဌပနာ၍ တည်သောကြောင့် ဓာတုစေတီမည်ကြောင်း၊ ထိုနောက် ရှင်မဟာကဿပမထေရ်သည် ထိုမင်းတို့လက်ထက်၌ ကိုးကွယ်လောက်ရုံ ပေးထားခဲ့၍ ဓာတ်တော်တို့ကို ယူဆောင်ပြီးလျှင် အဇာတသတ်မင်းအား ရာဇာဂြိုဟ်ပြည်တွင် မြေအတွင်း စေတီ တည်လုပ် မြှုပ်ထားစေကြောင်းဟူ၍ ကျမ်းဂန်များ၌ အသီးသီးလာရှိ၏။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ခြင်းနှင့် မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို ပူဇော်ခြင်းသည် ကုသိုလ်ပုည တူမျှသည်၏အဖြစ်ကြောင့် သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်သော သီရိဓမ္မာသောကမင်းကြီးသည် အများသတ္တဝါတို့၏ အကျိုးကို တောင့်တတော်မူသဖြင့် အဇာတသတ်မင်းနှင့် ရှင်မဟာကဿပတို့ မြှုပ်ထားခဲ့သော ဓာတ်တော်တို့ကို တူးဖော်၍ မြို့ပေါင်း ၈၄ဝဝဝ တို့၌ စေတီပေါင်း ၈၄ဝဝဝ တည်စေကြောင်း သုတ်မဟာဝါ အဋ္ဌကထာ၌ လာရှိချေသည်။ ဤအချက်များကို ထောက်ရှု၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဓာတ်တော်များကို ရှစ်ပြည်ထောင်မင်းတို့ ခွဲဝေ ပူဇော်သည်မှစ၍ စေတီတော် တည်ထားကိုးကွယ်ကြောင်းနှင့် သီရိဓမ္မာသောကမင်း လက်ထက်တွင် စေတီမြောက်မြားစွာ တည်ထားကိုးကွယ်ကြောင်းကို ထင်ရှား သိသာသည်။ စေတီကပုထိုးများ သဏ္ဌာန်ပြောင်းလဲလာပုံရှစ်ပြည်ထောင်မင်းတို့ တည်လုပ်ကြသော စေတီများ၏ ပုံသဏ္ဌာန်ကို ကျမ်းဂန်တို့၌ အထူးအထွေမဆို၊ မျက်မြင် လက်တွေ့လည်း မရှိသောကြောင့် အတိအကျ မသိရချေ။ သို့သော် “ထူပါ”ဟူသော ဝေါဟာရသည် သက္ကဋဘာသာ သတု(ပ်)မှ သက်ဆင်းလာခြင်း ဖြစ်၏။ “သတု(ပ်)”သဒ္ဒါသည် တောင်ပူစာ၊ တောင်ကုန်းဟူသော အနက်အဓိပ္ပာယ်ကို ဟော၏။ ထိုမှတစ်ဆင့် ယင်းတောင်ကုန်း ပေါ်၌ တည်ထား၍ အမြတ်တနိုး ကိုးကွယ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ဆံတော်ဓာတ်တော်တို့ကိုလည်း သတုပ် မည်ခေါ်၏။ သတုပ် ဝေါဟာရမှသည် တုပ်၊ ယင်းမှသည် ပါဠိမြန်မာ ဝေါဟာရ “ထူပ”သို့ ရွှေ့လျော်သက်ဆင်းလာသည်ဟု ယူဆနိုင်၏။ သတုပ် ဝေါဟာရသည်ပင်လျှင် ချီးမွမ်းထိုက်သော အနက်ဟောသတုတ သဒ္ဒါမှ ပေါက်ပွားလာသည်ဖြစ်သောကြောင့် စေတီ၊ ထူပ ဟူသော ဝေါဟာရများသည် ပူဇော်ကိုးကွယ်ထိုက်သော အရာ၊ ချီးမွမ်းအပ်သောအရာဟု အဓိပ္ပာယ် ပေါ်လွင်လေသည်။ “ပုထိုး” ဟူသော ဝေါဟာရသည်လည်း အလားတူ အဓိပ္ပာယ် သက်ရောက်သည်ပင် ဖြစ်၏။ ပုထိုးသည် ပရိထု(သက္ကဋ) ပုထု(ပါဠိ) သဒ္ဒါ၊ ကျယ်ပြန့်ခြင်း၊ ကြီးကျယ်ခြင်း၊ ပြန့်ပြောခြင်း၊ မရေမတွက်နိုင်ခြင်း၊ အနန္တဂုဏ်နှင့် ပြည့်စုံခြင်း၊ အနက်များ ဟောသောပုဒ်မှ ရွှေ့လျောလာသည်ဟု ယူဆနိုင်သည်။ စေတီဟူသည်မှာ မုတ်မပါသော မြေစိုက်ဘုရား အဆောက်အဦ၊ ပုထိုးဟူသည်မှာ မုတ်နှင့်တကွသော ဘုရားအဆောက်အဦ ဖြစ်သည်ဟု အချို့က မှတ်ယူလေ့ရှိကြ၏။ စင်စစ်မူကား စေတီ၊ ပုထိုး၊ ထူပ ဟူသောဝေါဟာရတို့သည် ယေဘုယျအားဖြင့် သဏ္ဌာန်မကွဲပြား၊ တစ်မျိုးတစားတည်းသော အဆောက်အဦကို ဟောသော ဝေါဟာရများသာ ဖြစ်ချေသည်။ အမရပူမြို့၊ ဘကြီးတော်မင်း၏ ကောင်းမှုတော်ကြီးဟု ခေါ်ဝေါ်သည်ကိုထောက်၍ မုတ် မပါသော်လည်း ပုထိုးဟု သမုတ်နိုင်ကြောင်း သိသာလေသည်။ ထူပဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ထောက်ခြင်းအားဖြင့် စေတီ၏ မူလသဏ္ဌာန်သည် ကုန်းမို့မို့ တောင်ပူစာ ကဲ့သို့ ဖြစ်သတည်း။ သီရိဓမ္မာသောကမင်း လက်ထက်တွင်မူ ပိသုကာလက်ရာများ ပါဝင်သော စေတီပုံသဏ္ဌာန်များ တီထွင်ဆောက်လုပ်သည်ကို သိသာနိုင်သည်။ သီရိဓမ္မာသောကမင်း လက်ထက်တွင်မူ ပိသုကာ လက်ရာများ ပါဝင်သော စေတီပုံ သဏ္ဌာန်များ တီထွင်ဆောက်လုပ်သည်ကို သိသာနိုင်သည်။ ထိုမင်းသည် စေတီပေါင်း ၈၄ဝဝဝ ကို တည်ထားစေခဲ့သော်ငြားလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်လည်းကောင်း၊ အသောကမင်း၏ ကောင်းမှုစေတီတော် များကို မူလသဏ္ဌာန်အတိုင်း ဖူးတွေ့ခဲ့လေသည်။ သို့သော် အိန္ဒိယနိုင်ငံ ကမ္ပည်းကျောက်စာဌာန၏ သုတေသနလုပ်ငန်းများကြောင့် ဆန်ချိနှင့် ဘာရဟုတ်ဒေသများတွင် အသောကမင်းကြီး၏ ကောင်းမှုတော်နှင့် အသောကမင်း နန်းစံပြီးနောက် နှစ်ပေါင်း ၂ဝဝ အတွင်းက တည်ဆောက် ကိုးကွယ်ခဲ့ကြောင်း ခိုင်လုံစွာ သိရှိရသည့်စေတီများကို တူးဖော်တွေ့ရှိရလေသည်။ ယင်းသို့ ဖူးတွေ့ ရသော စေတီများမှာ နှောင်းခေတ် ကုသိုလ်ရှင်များ၏မွမ်းမံခြယ်လယ်မှုတို့ဖြင့် တန်ဆာဆင်ထားသည့် လက်ရာတို့ကိုပါ တွေ့ရလေသည်။ သို့သော် အုတ် အင်္ဂတေဖြင့်သာပြီးသော မူလအဆောက်အဦ သဏ္ဌာန်သည်ကား ပြိုပျက်လျက်ရှိသော အပေါ်လွှာ ကျောက်အုတ်၊ ကျောက်ချပ်များ အကြား၌ ထင်ရှားစွာ ပေါ်ပေါက်နေချေသည်။ ထိုမျှသာမကသေး ကျောက်ဆစ်ပညာဖြင့် ရှေးဟောင်း အဆောက်အဦ ဗုဒ္ဓဝင်ရုပ်ကြွများ ထုလုပ်ကိုးကွယ်သောအခါ၌ စေတီပုံများကို သရုပ်ဖော်ထားသည်ကို ထောက်ရှုခြင်းဖြင့်လည်း ရှေးအကျဆုံးသော စေတီသဏ္ဌာန်ကို ကောင်းစွာ သိသာနိုင်လေသည်။ ယင်းစက်ဝန်းတခြမ်း ပုံသဏ္ဌာန်၏ ညီပြန့်သော ထိပ်ပေါ်တွင် သေတ္တာသဏ္ဌာန်လေးထောင့်ဌာပနာတိုက်ရှိ၍ ထိုဌာပနာတိုက် အလယ်တွင် ပိန္နဲတိုင် စိုက်ထူကာ ထီးတင်ထားခြင်း ဖြစ်၏။ ထိုသို့သော ပုံရိုးရိုးမှ တစတစဖြင့် ပစ္စယာဆင့်၍ လှေကားများတပ်ခြင်း၊ ထီးအထပ်ထပ်တင်ခြင်း၊ ပန်းပုပန်းပြောက်တို့ဖြင့်ပြီးသော လက်ရန်းအကာနှင့် မုတ်သတုရိုဏ်တိုင်များ စိုက်ထူခြင်း စသည်တို့ကို ဆန်းပြားကြီးကျယ်စွာ ပြုလုပ်လေသေည်။ 'အဏ္ဍ'ဟုခေါ်သော စက်ဝန်းတခြမ်းပုံကို မြင့်မားစွာ တည်ဆောက်ရာမှ တစ်ဖန်မုတ်များ ထွင်းထု၍ ဆင်းတုရုပ်ကြွများ ပူဇော်ထားကြပြန်သည်။ ထိုနောက်တွင် မြတ်စွာဘုရား ရုပ်တုတော်များကို ဂန္ဓကုဋိတိုက်တွင် ပူဇော်ကာ ကျောက်ဆစ်ပညာ ထွန်းကားလာချိန်၌ ကျောက်ဂူဘုရားများ ထွင်းထု ဆောက်လုပ်ကြချေ၏။ မဇ္ဈိမဒေသ၌ သာသနာတော် ညှိုးမှိန်စပြုချိန် လောက်တွင် စေတီတည်ထားကိုးကွယ်မှုသည် ဟိန္ဒူဘုရား ရှိခိုးကျောင်း သဏ္ဌာန် အဆောက်အဦတို့ဖြင့် အဆုံးသတ်လေတော့သည်။ မြန်မာနိုင်ငံစေတီပုံထိုးများ စေတီတည်ထားမှု ပိသုကာ အနုပညာသည် သာသနာတော် စည်ပင် ပြန့်ပွားလာသည့်အလျောက် မဇ္ဈီမဒေသမှ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံသို့ ပျံ့နှံ့လာခဲ့ရာ ရှေးအကျဆုံးသော မြန်မာစေတီပုထိုးများသည် မိဂဒါဝုန်တော်၌ မြတ်စွာဘုရား တရားဦးဟောရာ နေရာကို အထိမ်းအမှတ် တည်ဆောက်ထားသော ဓမ္မရာဇိကစေတီနှင့် ဆင်တူလေသည်။ မူလစေတီ ပုံသဏ္ဌာန်များသည် စကြဝဠာကို ရည်ရွယ်မှန်းဆကာ သရုပ်ဆောင်ထားသည်ဖြစ်ရာ မြန်မာပြည်၌ သာသနာ ထွန်းကားသည်နှင့်အမျှ စေတီပုထိုးများကို အနှံ့အပြား တည်ဆောက်ပူဇော်ကြရာဝယ် ပိသုကာလက်ရာသဏ္ဌာန် အနေအထားအားဖြင့် တည်ဆောက်ပူဇော်ကြရာဝယ် ပိသုကာလက်ရာသဏ္ဌာန် အနေအထားအားဖြင့် ၃၁ ဘုံကိုလည်းကောင်း၊ မြင်းမိုရ်တောင်ကိုလည်းကောင်း၊ မှန်းဆ အတုယူကာ တစ်ဆင့် ထက်တစ်ဆင့် ဆန်းကြွယ်စွာ တည်ဆောက်ကြလေသည်။ ထိုကြောင့် မြန်မာစေတီရိုးရိုး၏ သပိတ်မှောက်နှင့် ခေါင်းလောင်းပုံမှာ မဇ္ဈိမဒေသစေတီတို့မှ အဏ္ဍခေါ် စက်ဝန်းတစ်ခြမ်းသဏ္ဌာန်မှ ဆင်းသက်ပုံပြောင်းလာခြင်း၊ ဖောင်းရစ်များမှ ဆတ္တဝလီခေါ် ထီးအဆင့်ဆင့်၏ ပုံပန်းကို အတုယူ ပြောင်းလဲထားခြင်းဖြစ်သည်မှာ သိသာချေသည်။ ပစ္စယာထောင့်များတွင် ကြာအိုးများ၊ စေတီငယ်များတည်ခြင်း၊ လှေကားနှင့် မုတ်ဂူများ တပ်ဆင်ခြင်း၊ စေတီရံများ တည်ဆောက်ခြင်းနှင့် ခြင်္သေ့ရုပ်များ၊ မနုဿီဟရုပ်များ စေတီရင်း၌ တည်ထားခြင်းစသော မွမ်းမံခြယ်လှယ်မှုတို့မှာ ကုသိုလ်ရှင်များ၏ စိတ်ကူးဉာဏ် ဆန်းကြယ်သည်နှင့်အမျှ ဖြည့်စွက် တိုးပွားထားသော အင်္ဂါရပ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ စေတီရိုးရိုးတစ်ဆူ၏ အစိတ်အပိုင်းတို့ကို လိုရင်းမျှ ရေတွက်ပြရသော် ရှေးဦးစွာ မြေပေါ်၌ ပန်းတင်ခုံ သို့မဟုတ် ဖိနပ်ဟုခေါ်သော စတုရန်းအုတ်ခံရှိ၏။ ထိုအထက် ပလ္လင်အောက်ပိုင်းသဏ္ဌာန် ပစ္စယာ ၃ ဆင့်ကို တည်ဆောက်၏။ ပစ္စယာများအထက်တွင် ကြေးပန်း ကြေးဝိုင်း၊ ထိုအထက်ခေါင်းလောင်းပုံနှင့် သပိတ်မှောက်၊ ထိုအထက် ဖောင်းရစ်များ၊ ထိုအထက် ကြာမှောက်၊ ရွဲနှင့် ကြာလန်၊ ယင်းအထက်တွင် ချယားသီး သို့မဟုတ် ငှက်ပျောဖူး၊ ယင်းအထက်တွင် ထီး၊ ငှက်မြတ်နားနှင့် စိန်ဖူးတို့ ဖြစ်သတည်း။ မြန်မာနိုင်ငံရှိ စေတီပုထိုးများမြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူ၍ ခုနစ်သတ္တာဟမြောက် ရာဇရတန လင်းလွန်းပင်၌ သီတင်းသုံးနေတော် မူသောအခါ ဥက္ကလာပ ဇနပုဒ်အသိတဉ္ဇနမည်သော ပေါက္ကရဝတီမြို့သား တပုဿ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့ ရောက်လာကြ၍ ပျားမုံ့ဆုပ် ကပ်လှူခြင်း၊ ဒွေဝါစိက သရဏဂုံ ခံယူခြင်းတို့ကို ပြုလတ်ပြီးသော်၊ 'မြတ်စွာဘုရား၊ ထိုနေ့မှစ၍ အဘယ်ကို ရှိခိုးပူဇော်ရပါကုန်အံ့နည်း'ဟု လျှောက်ထားကြရာ တွင် မြတ်စွာဘုရားသည် ဦးခေါင်းတော်ကို လက်ဖြင့် သုံးသပ်တော်မူပြီးလျှင် 'ဆံတော်ရှစ်ဆူကို ကောင်းစွာ ကိုးကွယ်ကြကုန်' ဟု မိန့်တော်မူ၍ ပေးအပ်လိုက်ကြောင်း ဝိနည်းအဋ္ဌကထာ၌ လာရှိ၏။ ရာဇဝင်သမိုင်းတို့၌ကား ယင်းဆံတော်ရှစ်ဆူကို ညီနောင်နှစ်ယောက်တို့ ခွဲယူ၍ စေတီတစ်ဆူစီ တည်ကြောင်း၊ ညီတော်သည် ရွှေတိဂုံတွင် စေတီတည်ကြောင်းဟူ၍ ဆက်လက် ဖော်ပြ၏။ ညီတော် တပုဿ၏ စေတီတော် ရွှေတိဂုံဘုရားမှာ သံတောင် ၄ဝ မြင့်၏ဟု ဆိုသည်။
သာသနာတော် သက္ကရာဇ် ၁ဝ၁ ခုနှစ်တွင် သရေခေတ္တရာပြည်ကိုတည်သော ဒွတ္တပေါင်မင်းကြီးသည် စေတီပုထိုးများ တည်ကြောင်းကို ၆ ဆူ၊ ၈ ဆူ၊ ၉ ဆူဟူ၍ ရာဇဝင်များက အကွဲကွဲ အပြားပြား မှတ်တမ်းတင်ထားကြချေသည်။ မည်သို့ပင် ဆိုစေကာမူ ယင်းတို့အနက် ဒွတ္တပေါင်မင်း၏ ကောင်းမှု အပါအဝင်ဟု ယုံကြည်ရသော ပေါပေါ(ဘောဘောကြီး)နှင့် သရမာ(ဘုရားမာ) စေတီတော်ကြီး ၂ ဆူကို ယခုတိုင် ဖူးတွေ့ နိုင်ပေသည်။ ယင်းစေတီတော်တို့မှာ ယခုကာလ တည်လုပ်သော စေတီကဲ့သို့ ဖောင်းရစ်မပါ၊ တစ်ဖြိုးတည်း လုံးလုံးလျောင်းလျောင်း သဏ္ဌာန်ရှိသည်။ ပုံပန်းသဏ္ဌာန်အားဖြင့် ပေါပေါဘုရားထက် ရှေးကျသော စေတီများကို သရေခေတ္တရာ ခေတ်အတွင်း၌ တည်ဆောက်ပူဇော်ခြင်း ရှိခဲ့ဟန်တူကြောင်း လည်း အထောက်အထား တွေ့ရသေးသည်။ သရေခေတ္တရာမြို့ဟောင်းတွင် မြန်မာနိုင်ငံကမ္ပည်းကျောက်စာဌာနက ရှေးဟောင်း သုတေသနကိစ္စအတွက် တူးဖော်ရာတွင် ခင်ဘားကုန်း၌ ဘုရားပျက်တစ်ဆူ၏ ဌာပနာတိုက် ပေါ်ပေါက်ခဲ့၏။ ယင်းဌပနာတိုက်ကို ဖုံးအုပ်ထားသော ကျောက်ပြားပေါ် တွင် ရေးထုထားသော စေတီပုံများမှာ အသောကမင်း နန်းစံပြီးနောက် နှစ်ပေါင်း ၁ဝဝ မှ ၂ဝဝ အတွင်း မဇ္ဈိမဒေသတွင် များစွာထုလုပ်ကိုးကွယ် တည်ဆောက်ခြင်းဖြစ်သော ထီးသုံးဆင့်ပါသော စေတီဝိုင်းပုံကို ဖူးတွေ့ရသည်။ အဆိုပါ ဌပနာတိုက်တွင်း၌ တွေ့ရှိသော ဓမ္မစေတီ ရွှေပုရပိုက်များ၊ ရှေးဟောင်း သာသနိကပစ္စည်းများနှင့်အတူ ငွေခေါင်းပွ စေတီငယ်များ၏ အချိုးအစားမှာ မြင့်မြင့်လုံးလုံး ရှိသော်လည်း ဆတ္တဝလီခေါ် အဆင့်ဆင့် အထပ်ထပ် ပြုလုပ်ထားသည့် ထီးတော်များကို ထောက်ရှု၍ မဇ္ဈိမဒေသစေတီများ သဏ္ဌာန်သည် ပေါ်လွင် ထင်ရှားလေသည်။ ပြူစောထီးမင်း၏ ကောင်းမှုဟု အဆိုရှိသော ပုဂံမြို့များဘုရား၏ စေတီလုံးသည်ပင် ပေါပေါဘုရားသဏ္ဌာန်နှင့် များစွာ မကွာခြားလှချေ။ အနော်ရထာမင်း လက်ထက်တွင်မူ ပစ္စယာများ၊ ဖောင်းရစ်များ၊ နတ်လှေကားများကို တိုးချဲ့ထည့်သွင်းကာ တည်ဆောက်လာချေ၏။ သို့သော် လောကနန္ဒာဘုရား၏ လုံးပတ်တော်မှာ ရှေးလက်ရာများကဲ့သို့ တစ်ဖြိုးတည်းမျှ ရှိသေး၏။ အနော်ရထာမင်း စတင်တည်ဆောက်၍ ကျန်စစ်သားမင်း အပြီးသတ် တည်ထားသော ညောင်ဦး ရွှေစည်းခုံဘုရားတွင် ပစ္စယာထောင့်များ၌ စေတီငယ်များ စိုက်ထူခြင်း၊ နတ်မုတ်နတ်လှေကားများ တပ်ဆင်ခြင်းတို့ ပါဝင်လေသည်။ ရွှေစည်းခုံဘုရား၏ သပိတ်မှောက်နှင့် ခေါင်းလောင်းပုံမှာကား ဝန်းဝိုင်း ဖြောင့်မတ် လျက်ရှိ၏။
နိုင်ငံခြားမှ စေတီတော်များနှင့် နှိုင်းယှဉ်ချက် မြန်မာစေတီပုထိုးများသည် မူလဇာစ်မြစ်မှ မဇ္ဈိမဒေသမှ သဏ္ဌာန် အနေအထား ပေါက်ပွားလာခြင်း ဖြစ်သော်ငြားလည်း သရေခေတ္တရာခေတ်မှ ယခုမျက်မှောက်အထိ ပုံပန်းသဏ္ဌာန် ပြောင်းလဲ ဆန်းကြယ်လာခြင်းမှာ မြန်မာတို့၏ ကြံရည်ဖန်ရည်ဖြင့် အနုပညာလက်ရာ ပြောင်မြောက်အောင် စွမ်းဆောင်မှုကြောင့်ပင် ဖြစ်တော့သည်။ ထိုကြောင့် မဇ္ဈိမဒေသမှ စေတီတော် များတွင် ကျောက်ဆစ် ရုပ်တုရုပ်ကြွတို့ဖြင့် တန်ဆာဆင်ထားသော အရံအတားများနှင့် တုရိုဏ်တိုင် များအစား မြန်မာနိုင်၌ စောင်းတန်းများနှင့် မုတ်ပြာသာဒ် များကို သစ်သားပန်းပုဖြင့် လက်ရာမြောက်စွာ ခြယ်လှယ်ထား သည်ကို တွေ့ရသည်။ သီဟိုဠ်ကျွန်း၌ကား ယခုတိုင်အောင် ဓာတ်တော်တိုက်ဖြစ်သည့် ဓာတုတိုက်ကို သပိတ်မှောက်အထက်၌ တည်ဆောက်နေသေး၏။ မြန်မာတို့အဖို့မူကား စေတီလုံး၏ ပြေပြစ်မှုကို ရည်ရွယ်ဟန်ဖြင့် အချိုး ကျကျ အထက်ပိုင်းသို့ သွယ်ပျောင်းသေးငယ်စွာ ဆောက်လုပ်ကြ၏။ ယိုးဒယားမှ အချို့သော စေတီမြင့်မြင့်များကဲ့သို့ ရှည်လျားသော အထွတ်များ တပ်ဆင်ခြင်းကိုလည်း မပြုလုပ်ကြချေ။ သို့သော် သာသနာတော် ထွန်းကားရာဖြစ်သော အခြား နိုင်ငံများသည်လည်း မိမိတို့၏ ကြွယ်ဝပေါများသော သဘာဝ ဝတ္ထုပစ္စည်းများကို လိုက်၍လည်းကောင်း၊ အနုပညာများ တိုးတက်သည်နှင့် အမျှလည်းကောင်း၊ ဘုရားပုထိုးများကို အံ့မခန်းအောင် ဖန်ဆန်း တည်ဆောက်ကြ လေသည်။ ပုံစံအားဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ပုဂံခေတ်မတိုင်မီ အေ၊ ဒီ ၈၅ဝ ခန့်က တည်ထားသော ဗောရောဗုဓောဘုရားသည် မြင့်မိုရ်တောင်သဏ္ဌာန်ဖြစ်၍ ကျောက်ရုပ်တု ဆင်းတုပေါင်း ထောင်သောင်းတို့ဖြင့် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ကာ မွမ်းမံခြယ်လှယ်ထားသဖြင့် ဗုဒ္ဓအယူဝါဒီ များအားသာလျှင် သဒ္ဓါကြည်ညိုစိတ် ပွားများစေသည်သာမက နိုင်ငံတကာကပင် ချီးမွမ်းအံ့ဩဖွယ်ရာ ဖြစ်စေသည်။ (ဦးလူဖေဝင်း) [၁] တည်ထားမှု အချိုးအစားစေတီပုထိုးများတည်ထားမှုနှင့် စပ်၍ လောကုတ္တရာနည်း ဟူ၍ကားမရှိ၊ လောကီနည်းအားဖြင့်ကား ကူခမ်းမြို့ မြောက်မျက်နှာ၊ ရွှေဥမင်ဆရာတော်ဘုရားကြီး စီရင်သော ထုံးကိုမှီ၍ ပြုစုထားသော သတ္ထုရူပက ဝိလာသနီကျမ်းတွင် အကျယ်ဖော်ပြပါရှိသည်။ ဧကောဇေယျော ဒွေသိဒ္ဓိ-စသောဂါထာဖြင့် မိမိတည်လိုသော စေတီ၏ ဉာဏ်တော်အတောင်ကို မိုက်ဖွဲ့၍ ၇-ဖြင့်စားပါ။
ထို့အတူ အဝန်းကို ၈-ဖြင့်စား၍-
ထို့အတူ ပန်းလည်တိုင် (ပိန္နဲတိုင်) ကိုလည်း မိုက်ဖွဲ့၊ ၇-ဖြင့်စား၍ အကြွင်းကို ကြည့်ပြီးဟောပုံ၊ အုတ်မြစ်ချပုံ၊ ဌာပနာပုံများ၊ ပါရှိသေးသည်။ အဟောင်းကို ပြင်ဆင်ရာ၌ကား မူလဉာဏ်တော်ထက် အနည်းငယ်မြှင့်၍ တည်ရကြောင်း အဆိုရှိသည်။ ဤသို့ စေတီပုထိုးများ တည်ထားကိုးကွယ်မှုမှာ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော် ဥဒ္ဒိဿစေတီတော်များကို ဌာပနာ၍ ကိုးကွယ်ခြင်းဖြစ်သဖြင့် ဓာတုစေတီ ပရိဘောဂစေတီတော်ကို ပူဇော်ရခြင်းဖြစ်၍ သက်တော်ထင်ရှား မြတ်စွာဘုရားအား ပူဇော်ရခြင်းနှင့် ထပ်တူပင်ဖြစ်ကြောင်း ဝိမာနဝတ္ထုပါဠိတော်၊ အပါဒါန်ပါဠိတော်များ၌ ဟောတော်မူထားသည်။ အချည်းနှီး အကျိုးမရှိ-ဟု မဆိုထိုက်၊ လွန်စွာပင် အကျိုးရှိကြောင်း မှတ်သားသင့်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia